အသက်တစ်ရာ မနေရ..အမှုတစ်ရာ ပွေရ...

May 13, 2009
လူ ဆိုတာ အသက်တစ်ရာ မနေရ ..... အမှု တစ်ရာ ပွေရ..တဲ့ ..။ ကြားဖူးတာပဲ..။ ဟုတ်မှာပါ..။
ဟုတ်လို့လည်း ရှေးလူကြီးတွေက ပြောခဲ့တာ နေမှာပေါ့..။ ကိုယ်ဘာမှ မလုပ်ပေမယ့် ကိုယ့်ကို
လာပတ်တဲ့ အမှုတွေလည်း ရှိတာပဲ..။
ကိုယ်လုပ်လို့ ကိုယ်ဖြစ်ကိုယ်ခံရတာတွေလည်း ဒုနဲ့ ဒေးပဲ။
အဲဒါမျိုးက ကိုယ်ဖြစ်ကိုယ်ခံ ဖြေသာပေမယ့် ကိုယ်လဲ ဘာမှ မလုပ်ရပါဘဲနဲ့
ပလိန်းကြီး ခံလိုက်ရတာမျိုးကျတော့ အီလည်လည်ကြီး ခံစားရတယ်..။ ဥပမာ ..ဒါမျိုးပေါ့..။


ကျွန်တော် ကိုးတန်းနှစ်ကလေ..။ ကျွန်တော်တို့ရဲ့ နယ်မြို့ကလေးမှာ။ ပျဉ်းမနားမှာပေါ့။
ကျောင်းတွေ မဖွင့်ခင် ကျူရှင်ယူဖြစ်ကြတယ်။ ကျွန်တော်က ကျူရှင်သွားရင် သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားနေကျ။ အဲဒီတုန်းက ကျွန်တော့်မှာက ဆိုက်ကယ်မရှိသေးဘူး။ ပြိုင်စက်ဘီးလေးပဲ ရှိတာ။ သူငယ်ချင်းကတော့ ဆိုင်ကယ်နဲ့။
... ဆိုတော့ ကျွန်တော်က သူ့ဆိုင်ကယ်ကို ကပ်စီးတာပေါ့။ တစ်ခါတစ်လေ သူ့ ဆိုင်ကယ် ပျက်တာတို့ ။
သူ့အိမ်က ယူသုံးတာမျိုးကျတော့ ကျွန်တော့် ပြိုင်ဘီးနဲ့ ကတ်သီးကပ်သပ် ကျပ်တီးကျပ်တပ်စီးပြီး ကျူရှင်သွားရတယ်။
သူက စက်ဘီး မရှိဘူးကိုး...။

ပြောရဦးမယ်..။ မိုးသားဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ထောင့်ကျိုးတာ မဟုတ်ဘူး. ။ ပေတီးပေကပ် ဂျစ်ကန်ကန်။ဆံပင်ပုခုံးထောက် ၊ ပုဆိုးချက်ပြုတ်၊ နားကွင်းတွေ နားကပ်တွေနဲ့ ။ လက်သည်းရှည်ရှည်တွေနဲ့ ။ သိတယ်မို့လား။ ဘွန်ဂျိုဗီတို့ .. ဂန်းအန်ရို့စ်တို့ကို သိပ်အားကျတဲ့ကောင်ဆိုတော့ ..ရပ်ကွက်က မိဘပြည်သူတို့ ကျောင်းက ဆရာဆရာမတို့ဆိုတာ မိုးသားဆို ကြည့်လို့ ရတာကို မဟုတ်ဘူး။
မျက်နှာမြင် ရိုက်ချင်ပါစေဆိုတဲ့ ဆုတောင်းကောင်းတဲ့ကောင်လေ။ အိုက်တင်ကလည်း ရာဇာနေ၀င်းအိုက်တင်နဲ့ ဆိုတော့ ပြီးရောပေါ့။

တစ်ရက်တော့ သူငယ်ချင်းရဲ့ ဆိုင်ကယ်က မအားလို့ ကျူရှင်တက်ဖို့ အဲဒီကောင့်ကို သွားခေါ်ရတယ်။
သြော်..ဒီကောင့်နာမည်က ဇာနည်တဲ့။ ဇာနည်က ဆည်မြောင်းက။ မြို့ထဲနဲ့ နည်းနည်းဝေးတယ်။
သူတို့ ဆည်မြောင်းကို ရောက်ဖို့ နာရီဝက်လောက် စက်ဘီးနင်းပြီးသွားရတာ.။ အဲဒီနေ့ကတော့ ကျွန်တော် သူ့ကို သူ့အိမ်ထိသွားမခေါ်နိုင်တော့ဘူး။ စက်ဘီးနင်းလာရတာဆိုတော့ ပင်ပန်းနေပြီလေ။ ပြီးတော့ ဆေးလိပ်ကလည်း ခိုးသောက်ခါစဆိုတော့ ဒီကောင့်ကိုစောင့်ရင်း ဆေးလိပ်လေးက ခိုးသောက်လိုက်ချင်သေးတာ။ အဲဒီအချိန်တုန်းက တော်တော်လေး ငယ်သေးတာဆိုတော့ လူများများရှေ့မှာ ဆေးလိပ်ထုတ်မသောက်ရဲဘူး။
ခိုးသောက်ရတာ။ ဒီကောင်တွေ လမ်းက လူရှင်းတော့ ဆေးလိပ်ခိုးသောက်လို့ ကောင်းတယ်။ လူကလည်း ရှင်းဆို ..အဲဒီဘက်ကရွာတွေပဲ ရှိတော့တာကိုး။

ကျွန်တော်လဲ ဒီကောင့်ကို ဥသျှစ်ကုန်းဘုန်းကြီးကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်စောင့်ပြီး ဆေးလိပ်လေး ဖွာနေလိုက်တယ်။
ပြောရဦးမယ်။ အဲဒီနေရာလေးက တော်တော်လေးကို သာယာတာဗျ။
အဲဒီညနေခင်းကလဲ ဘယ်လောက်လှတယ်ထင်လို့လဲ။
ဘုန်းကြီးကျောင်းနားက စေတီလေးရယ်။ သံလမ်းရှည်ရှည်ရယ်။
ဖုန် ငွေ့ငွေ့တက်နေတဲ့ နွားအုပ်ဖြူဖြူရယ်။ ရွာစုစုလေးရယ် ။ လယ်ကွင်းနောက်ခံတွေရယ်။
လူကလည်း ကဗျာရူး၊ စာရူးဆိုတော့ ဆည်းဆာရဲ့ အလှတရားကို ဆေးလိပ်လေးနဲ့ ခံစားနေတာဆိုပါတော့။

အဲဒီအချိန်မှာပဲ။ ဥသျှစ်ကုန်းရွာထဲကို ပြန်သိမ်းလာတဲ့ နွားအုပ်က ကျွန်တော်နဲ့ မလှမ်းမကမ်းဖြတ်သွားတယ်...။

နွားအုပ်ကို ကျောင်းလာတဲ့ ရွာသားက ခပ်ပုပု ဂင်တိုတို။ ကျွန်တော်နဲ့ အသက် မတိမ်းမယိမ်းလောက်ပေါ့။ပုဆိုးတိုတို။ အကျီင်္ကို ပုခုံးပေါ်တင်ပြီး ခမောက်ကလေးနဲ့။

ကျွန်တော်ကလည်း သူ့ကို လှမ်းပြီး အကဲခတ်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ပြီး အကဲခတ်နေတာပဲ။ ပြောရရင် သူ့စတိုင်နဲ့ ကျွန်တော့် စတိုင်က တော်တော်လေးကို ကွာတာ။
သူက ရွာသားပုံစံ စစ်စစ်မှ စစ်စစ်။ ကျွန်တော်က ဂျင်းဘောင်းဘီချက်ပြုတ်နဲ့။
သရဲရုပ်တွေပါတဲ့ တီရှပ်နဲ့။ ဆံပင်က ပုခုံးထိ ၀ဲကျနေတဲ့ စတိုင်နဲ့။ ဝေါကင်းရှူးအသစ်ကလေးနဲ့။
မြို့သား လန်းလန်းဆန်းဆန်းလေး။

သူ...ကျွန်တော့်ကို ငေးပြီး အားကျနေမှာပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အုပ်ခုံပေါ်မှာ ထိုင်နေတာကနေ ထရပ်လိုက်တယ်။
ပြိုင်ဘီး ဘားတန်းပေါ်ကို လက်တစ်ဖက်ထောက်။
ခြေနင်းပေါ်ကို ခြေထောက်တစ်ဖက်တင်ပြီး လက်ထဲက ဆေးလိပ်ကို ဟန်ပါပါနဲ့ တစ်ချက်လောက် ဖွာလိုက်သေးတယ်။
အိုက်တင်လုပ်တာ ဆိုပါတော့။ ပခုံးထိ ၀ဲကျနေတဲ့ ဆံပင်ပျော့ပျော့တွေကို ခေါင်းတစ်ချက် ဆက်ခနဲ့ ခါပြီး နောက်ကို ပင့်တင်လိုက်တယ်။
ဟင်း...ဟင်း..ဟင်း..ပေါ့။

စောစောက နွားကျောင်းသားကို တစ်ချက်စောင်းကြည့်လိုက်တော့ ....ထင်တဲ့ အတိုင်း၊ တွက်ထားတဲ့အတိုင်းပဲ ကျွန်တော့်ကို ရပ်ပြီး ငေးနေလိုက်တာ..အားကျနေတာပဲ ဖြစ်မှာပေါ့ ... ။

ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်တာ မြင်တော့မှ ကဗျာကယာ မျက်နှာလွှဲသွားတာ။
သူ ..ကျွန်တော့်ကို ငေးနေတာ လူမိသွားလို့ ရှက်သွားတာလား မသိပါဘူး။
သူ့နွားကို အော်ဆဲပြီး သူ့ရွာဘက်ကို ကမန်းကတန်း မောင်းသွားတယ်။


အဲ... သူ့ နွားကို အော်မဆဲသွားခင် ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်လိုက်သေးတယ်။
သူ...နွားဆဲတာက ဒီလို..။

" တောက်! ငါ ရိုးမ နွား၊

ကဲ ..ဆဲပစ်လိုက်ပြီ၊

ဘယ် မအေရိုး..ကြားကြား"....တဲ့။

ဟားဟား
အီ ဆိမ့် ...သွားတာပဲ။
အဲဒီနားမှာကဖြင့် သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ထဲရယ်။ သူကတော့ ခပ်တည်တည်ပါပဲ။
ကျွန်တော့်မှာသာ ရယ်ရခက်၊ ငိုရခက်နဲ့။ အူတူတူကြီး ကျန်နေခဲ့တာ။

အမှတ်တရပါပဲဗျာ...။

အိမ်သာကျင်း

January 16, 2009
ကောင်မလေးရေ . . . .

ငါဟာ နင့်ရဲ့  အိမ်သာကျင်းဟောင်းတစ်ခုလား

နင် စွန့်ခဲ့တဲ့ အမှတ်တရ အညစ်အကြေးတွေ . . . .

ငါ့ ရင်ဘတ်မှာ ဘုန်းဗောလအော ပုတ်ပွနေလေရဲ့


ငါ့မှာတော့ဖြင့် ချစ်ခြင်းမေတ္တာကို ခေါင်းစဉ်တပ်

နံတာကိုလည်း နံမှန်း မသိတတ်ခဲ့ဘူး


ကောင်မလေးရေ . . . .

တောင်ဘက်ကိုင်းကနေ မြောက်ဘက်ကိုင်းကို ကူးဖို့အတွက်

နင် ..သက်သက် ရမယ်ရှာတဲ့အခါ

အဲဒါ.. အကြင်နာတွေ ၀မ်းချုပ်တာပေါ့ ...။

ငါ့မှာတော့ နင့်ဘက်ကို ခေါင်းမော့ထားရတာ

ဆင်ရဲ့  ''ဟိုဟာ ...'' ခွေး မျှော်ရသလို

ဇတ်တွေကို နာလို့ . . . .။



ချစ်တဲ့ ကောင်မလေးရေ . . . .

နင်မလိုချင်တော့တာတွေကို စွန့်ပစ်

နင် .. ငါ့ကို မချစ်တော့တဲ့အခါ

အမှတ်တရတွေ ...

သတိတရတွေ ...

ငါ့ရဲ့ နောက်ဆုံးသော မျှော်လင့်ချင်းတွေ

ဟောဒီ့ အိမ်သာကျင်း တစ်ခုလုံး ပြည့်လျှံလို့ နေလေရဲ့ . . . .

ခွင့်လွှတ်ကြပါ..

January 14, 2009
တောက်....!

ကဗျာရေးနေတာ ..

လုံးဝကို မထွက်ဘူး...

စိတ်တိုလိုက်တာ...

နားလည်ပေးကြပါ သူငယ်ချင်းတို့ရာ...

၂၀၀၈ နဲ့ ၂၀၀၉

January 1, 2009

၂၀၀၈ ဟာ ၂၀၀၉ နဲ့ ဘာမှလည်း မထူးခြားပါလားဗျာ။

နှစ်သစ်ဆိုပေမယ့် ခံစားချက်က မသစ်သေးဘူး။

ကျွန်တော့်ချစ်သူကလည်း အရင်လိုပဲ သူ့ချစ်သူနဲ့ ချစ်လို့ကောင်းနေတုန်း

ကျွန်တော်က အရင်လိုပဲ တစ်ဖတ်သတ် မြစ်မှာ ကူကယ်ရာမဲ့ မျောနေတုန်း။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို ကြိုးစားဖို့ အားပေးတုန်း။

ကျွန်တော်က အရင်လိုပဲ ကိုယ့်ဘာသာကိုယ် အပျင်းကြီးလို့ ကောင်းနေတုန်း....။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို ဆေးလိပ်ဖြတ်ဖို့ တောင်းဆိုတုန်း။

ကျွန်တော်ကလည်း အရင်လိုပဲ အရက်သောက်လို့ ကောင်းနေတုန်း။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို .............ချစ်လို့ ကောင်းနေတုန်း။

ကျွန်တော်ကလည်း အရင်လိုပဲ................ကျွန်တော့်ချစ်သူကို ဆက်ချစ်နေတုန်းပါ။

၂၀၀၈ ဟာ ၂၀၀၉ နဲ့ ဘာမှလည်း မထူးခြားပါလားဗျာ။


(တစ်စုံတစ်ယောက်ကို ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိလျှင် ခွင့်မလွှတ်လို့ ရပါသည်။)

(မိုးသား)

အကြိုက်ဆုံးကဗျာ

December 21, 2008
ဖိုးဂျယ် TAG ထားတဲ့ ကျွန်တော့်ရဲ့  အကြိုက်ဆုံး ကဗျာပါ

“ပျဉ်းမငုတ်တို”

ဖု ထစ် ရွတ် တွ၊ ငှက်ဠင်းတ သို့
ပျဉ်းမ ငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံ အကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက်။

ကုန်းမို ကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သား ခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ် လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။


မင်းသုဝဏ်


ဖိုးဂျယ် Tag ထားတာကို တွေ့ ပါတယ် ။ မသိချင်ယောင်ဆောင်နေတာပါ။ ဒါပေမယ့် ပို့စ်အကြွေးတစ်ခုလို စိတ်ထဲမှာ ခံစားရပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း “အကြိုက်ဆုံးကဗျာ”လို့ Tag ခံရတာမို့ စိတ်ပါလက်ပါရေးချင်ပါတယ်။
မမြင်ချင်ယောင်ဆောင်ရတာက ဒီလိုပါ။ အကြိုက်ဆုံး ကဗျာကို တော်တော်နဲ့ မစဉ်းစားနိုင်လို့ပါ။
ကျွန်တော် အကြိုက်ဆုံးကဗျာတွေက တော်တော်များများရှိပါတယ်။ တော်တော်လေးကို များပါတယ်။

အဲဒီအထဲကမှ ဆရာ မင်းသုဝဏ်ရဲ့  “ ပျဉ်းမငုတ်တို” ကတော့ စပြီး ဖတ်ဖူးကတည်းက စွဲထင်နေခဲ့တာပါ။
ကျွန်တော် (၇)တန်းလောက်က ဆရာပေးဖတ်လို့ ဖတ်ရတာပါ။ ဆရာက အဲဒီတုန်းက စကားပြေပါ တစ်ခါတည်း ပြန်ပေးခဲ့တာဆိုတော့ ကိုယ့်ဘာသာ နားလည်နိုင်တာထက် ကဗျာလေးရဲ့  အရသာကို ပိုခံစားနိုင်ခဲ့ပါတယ်။
ကြက်သီးမွေးညင်းထခဲ့တဲ့ ကဗျာပါ။
အခုတော့ မထင်မှတ်ဘဲ ဒီကဗျာကို ကိုအောင်သာငယ် ဘလော့ဂ်မှာ တွေ့ လို့ ပြန်ကူးခဲ့တာပါ။
ကိုအောင်သာငယ်ကဖြင့် ကျွန်တော့်ကို သိတောင်သိမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ခွင့်တောင်းခဲ့ပါတယ်။
ကိုအောင်သာငယ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့် အကြိုက်ဆုံးကဗျာလေးကို ရေးခွင့်ဖန်တီးပေးတဲ့ သူငယ်ချင်း ဂျဲဂျယ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့်ရဲ့  သူငယ်ချင်းတွေရဲ့ အကြိုက်နဲ့ ရော တူပါရဲ့ လား မန့်ပေးသွားရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။

မိုးသားဆိုတဲ့ အကောင် ...

December 8, 2008
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဖွင့်ကြည့်တိုင်း
ဟော့ဒီ ခပ်ရိုင်းရိုင်း မိုးသားကိုပဲ မြင်တယ်။

ငါဆိုတဲ့ကောင်လေ
ဟော့ဒီ မိုးသား ဆိုတဲ့ ကောင်ပေါ့
လောကကြီးနဲ့ သဟဇာတ မဖြစ်လိုက်ပုံများ
ကိုယ့်ဘ၀မှာ ရွာချခဲ့သမျှမိုးရေတွေ
အမြဲတမ်း ပင်လယ်ရေလို ခါးတူးနေတဲ့ အကောင်။

မိုးသားဆိုတဲ့ကောင်လေ....
သနားချင်ပြီဆိုရင် မြက်ပင်ကိုတောင် မနင်းမိအောင် ရှောင်ခဲ့တဲ့အကောင်။
မသနားဘူးဆိုရင်တော့ ကိုယ့်ညီအရင်းကိုတောင်
နှာခေါင်းကသွေး ခြေဖ၀ါးအောက် သွေးပေါက်ပေါက်ကျအောင် ထိုးတဲ့ကောင်။

ကျေနပ်နေတဲ့အခါ ကိုယ့်နောက်ကျောက ဓါးရာအထပ်ထပ်အတွက်
အပြုံးမပျက် အားနာတတ်ခဲ့တဲ့ကောင်။
မကျေနပ်ပြန်တဲ့အခါ ကိုယ့်အရိပ်ကို နင်းမိရုံလောက်အတွက်
နှစ်ခါပြန်သတ်ပစ်ချင်စိတ်က ငယ်ထိပ်မှာ သွေးတက်နေတဲ့ ကောင်။

မိုက်ရိုင်းတဲ့အခါ မိတ်ဆွေကို မိတ်ဆွေလို့ မမြင်ချင်တဲ့ကောင်။
ရစရာပိုက်ဆံလေး တစ်ထောင်နှစ်ထောင်အတွက်
“မင်းအသက်ကို ဖက်နဲ့ ထုပ်ထား” လို့
သူ့ ရပ်ကွက်အထိ ဓါးကြိမ်းသွားဖို့ ၀န်မလေးတဲ့ ကောင်။

ယဉ်ကျေးချင်တဲ့အခါ ကျပြန်တော့လည်း
ကိုယ့်ဘ၀ကို လက်တစ်ဆုံး နှိုက်ယူသွားခဲ့တာတောင်
“ခန္တီစ” ကို ရင်မြေကတုတ် လုပ်ပြီး
သူ့ဘ၀ မီးလောင်တော့ ပြန်ပြီး စုပ်သပ်ပေးနိုင်ခဲ့တဲ့ အကောင်။

အင်း...ငါဆိုတဲ့ ကောင်
ဟောဒီ မိုးသား ဆိုတဲ့ အကောင်ပေါ့။
တစ်ခါတစ်လေ ယုံကြည်မှုဆိုတဲ့ နာမည်ကောင်းလေး တစ်ခုအတွက်
အပ်တိုလေး တစ်ဝက်ကိုတောင် အိမ်တိုင်ရာရောက် ပြန်အပ်တတ်တဲ့ ကောင်။

တစ်ခါတစ်လေ မနက်စာလေး တစ်နပ်အတွက်
ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို မိတ္တူဆိုင်မှာ သော့တုလုပ်ဖို့ အပ်တဲ့ကောင်။
တပ်မက်မှုတွေနဲ့ အမြဲတမ်း လောင်မြိုက်နေတဲ့ အကောင်။
အခွင့်အရေးဆိုရင် နှစ်ခါပြန် မစဉ်းစားတတ်တဲ့ အကောင်။

သူများ အားနာတတ်တာကို အခွင့်ကောင်းယူပြီး
ကိုယ့်အတွက် ခါးပါအောင် သိမ်းပိုက်ချင်တဲ့ အကောင်။
အသာတကြည် ပြေပျောက်လိုက်လို့ ရတဲ့ စိတ်ဆန္ဒလေးတစ်ခုနှစ်ခုကိုတောင်
ဟော့ဒီ ငါဆိုတဲ့ကောင် တပ်မက်မိပြီဆိုရင်
ဘ နဖူး သိုက်တူး ဖို့လည်း စနေ အင်္ဂါမရွေးတဲ့ အကောင်။

ဟုတ်တယ်.... ငါဆိုတဲ့ ကောင်
ဟော့ဒီ မိုးသားဆိုတဲ့အကောင်ပေါ့ ....
အဲဒီလို အမြဲတမ်း မှောင်တယ်။
မင်းတို့တွေ့  ရင် ဝေးဝေးရှောင်။








ချစ်သူငယ်ချင်းဂျဲဂျယ်ရဲ့ မွေးနေ့ မင်္ဂလာ

December 5, 2008

Happy birthday Jel jel lay

သူငယ်ချင်း ဂျဲဂျယ်ရဲ့ မွေးနေ့ အမှတ်တရပါ....

နောက်ကျပြန်သည် သုံးရာသီ

December 2, 2008
မ၀ံ့သည်သာ...

............................

မြေလွှာပေါ် အကြွေရောက်

ဖွဖွလေးကောက် ကြိုးနဲ့ သီ

ချစ်သူဆီ ပဏာဆက်မည်ပေါ့...ပြေးလာခဲ့သည်။



လာခဲ့သော်ငြား နောက်ကျပြီ....

ပင်မြင့်မှာ ပန်းသဇင် ဝေပြီမို့

ကိုယ် ပို့တဲ့ ပန်းအကြွေ ခရေညှိုးရယ်က

တန်ဖိုးမဲ့ သူ့နေရာ...

မြေလွှာပေါ် ပြန်ကာ သက်မည်ပေါ့...

စိတ်လျှော့ရသည်.. ဆောင်းရာသီ ။



မ၀ံ့သည်သာ....

.................................

စံပယ်တွေ လှိုင်လှိုင်မြူးပြီမို့

ပွင့်ဦးစ အဖူးအခတ်ကို

သူ့အတွက်လို့ ရွယ်ရည်

သည်တစ်ခါ နောက်ကျလျှင် မဖြစ်ပြီမို့

အပို့စောရန် ကြိုးစားခဲ့သော်ငြား

ထိပ်ထားရဲ့  ကေသာဦးမှာ

ဂုဏ်ထူးသူ နှင်းဆီဖူးရယ်က

အရင်ဦး ရောက်နှင့်ပြန်သည်ပေါ့

စိတ်လျှော့ရသည်...မိုးရာသီ ။



ကိုယ် မ၀ံ့သည်သာ .....

............................

စိန်ပန်းပြာ နွေခါဦးမှာ ဖူးပွင့်ပြန်တာ ....။

မှူးသက်လျာ ဒေ၀ီ အတွက်

ပို့ဆက်ဖို့ ဘယ်လို ကြိုးသော်လည်း

ကိုယ် ဆုံးဖြတ်မရဲပါ။

ဒီအချိန်ဖြင့် သူ့ ကေသာ

ပိတောက်ဝါ ဂုဏ်အမြင့်က

ထူးတင့်မည်ပေါ့ သေချာ။

သုံးရာသီ အချစ်ကို သိစေချင်သော်ငြား

ကိုယ်သွားလျှင် ကိုယ့် အမှားပေမို့

စိန်ပန်းပြာ မျက်နှာမွဲကို

ရင်ကွဲစေ အံကိုကြိတ်

မျိုသိပ်လို့ ထွေးပိုက်ရသည်...

သြော်....လွမ်းရပါသော နွေရာသီ..။။





စိတ်ကူးယဉ်ခြင်း

November 25, 2008

အခန်း (၁)


ခွင့်မတောင်းဘဲ ရောက်လာခဲ့တဲ့ ငါ့ရဲ့ ဖဲကြိုးဝါရေ...

အခု....မင်းသဘောနဲ့မင်း ပြန်ထွက်သွားခဲ့တာ

ပြက္ခဒိန်အဟောင်းလေး (၅)နှစ်စာ ကြာခဲ့ပြီ။



မင်းထားခဲ့တဲ့ အလွမ်းချည်တိုင်မှာ

ငါ ကြိုးမပါဘဲ တုပ်နှောင်ခံနေခဲ့ရတာ

အရှိုးရာတွေ တစ်ထပ်ပြီးတစ်ထပ်

အခုတော့ .....

အသားမာ တက်လုလု အခြေအနေမှာပါ။



အခန်း (၂)


ပြန်မလာပါနဲ့တော့ ဖဲကြိုးဝါ

ငါ အနယ်ထိုင်ပါရစေဦး။

တစ်ရှုံးထဲ ရှုံးနေရမယ်ဆိုရင်...

အချစ်ရဲ့  ဘက် လိုက်တက်တဲ့ တရားခွင်ထဲမှာ

ငါ ... ဘာ အယူခံစရာ လိုဦးမလဲ..



တစ်ကယ်ဆို

ဘ၀အသစ်မှာ ...

အချစ်စစ်လေး တစ်ခါလောက်တွေ့ ဖို့အတွက်တော့

ငါ မာန်လျှော့စရာ မလိုဘူးမို့လား။



ပြောရရင်တော့ ....ဖဲကြိုးဝါ...

နင် နည်းနည်းများ နားခါးမလား

တကယ်ဆို.... ငါ့အတွက်လည်း မရှားပါး ပါဘူးဟာ။


...................

.........................

...................................

......................................


အခန်း (၃)


အင်း...........

တကယ်တော့လည်း ဖဲကြိုးဝါ

အခုအချိန်အထိ နင် ယုံကြည်ထားခဲ့သလိုပါပဲ။

အဲဒီလို အမုန်းမာန် စကားတွေကို

(နင်ကြားအောင်...) ကြုံးဝါးချင်နေတာကလွဲရင်

နင်ထားခဲ့တဲ့ ဟိုအရင် ချည်တိုင်နားမှာပဲ

တို့ရဲ့  ပြက္ခဒိန်လေး (၆)နှစ်သား မပြည့်မချင်း

ငါ မင်းကို မျှော်နေရဦးမှာ......












ငါ့မှာ ဘာမှ မရှိခဲ့ဘူး

November 24, 2008

ဟိုး ..အရင်က

တစ်ထပ်ပြီး တစ်ထပ်

ကောင်းကင်ကို မိုးထိုးတက်သွားတဲ့ တိုက်တွေရဲ့ကြား

ငါ ခေါင်းမော့ပြီး လမ်းသလားရမှာ

မုန်းလိုက်တာလို့ ထင်ခဲ့တယ်။

ငါ့မှာ ဘာမှ မရှိခဲ့ဘူး။



မီးပွိုင့်စိမ်းနဲ့ မျဉ်းဝါ၀ါ

ငါ သေချာကြည့်ပြီး လမ်းကူးတယ်။

ဒါပေမယ့် .....

ကိုယ်ပိုင်ဂွေကို ကိုယ်တိုင်ကိုင်ပြီး

မြေပြင်ကို လေယာဉ်လို မောင်းနေကြသူတွေကြားမှာ

ငါ အလျင်စလို လမ်းဖြတ်ကူးနေရတာကိုလဲ မုန်းတယ်။

ငါ့မှာ ဘာမှ မရှိခဲ့ဘူး။



ပြီးတော့ ....

ရန်ကုန်မြို့ရဲ့ ခေတ်ရေစီးကြောင်းမှာ

သုံးတောင် ချုပ်ရမယ့် တစ်ဝတ်စာကို

သုံးခါ ချုပ်ဝတ်တဲ့ ကောင်မလေးတွေရဲ့ ကြား

ငါ့ခေါင်းကို အမြဲငုံ့ထားရတာကိုလဲ မုန်းတယ်။

ငါ့မှာ ဘာမှ မရှိခဲ့ဘူး။



ဝယ်လို့သာ ၀ယ်

အိမ်ကိုလည်း ပြန်သယ်လို့မရတဲ့ စက္ကူပန်းကုံးတွေအတွက်

“ငွေလုပ်စက်” ရှိတဲ့ စင်တင်ပျော်လူမိုက်တွေ မြင်တိုင်း

ကိုယ့် အရပ်ကို ကိုယ်ပြန်တိုင်းနေရတာလည်း မုန်းတယ်။

ငါ့မှာ ဘာမှ မရှိခဲ့ဘူး။



တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့အတွက်

ဒီဂျစ်တယ်ပြားကို နားအုံမှာ ကပ်ရုံပဲဆိုတဲ့ ခေတ်မှာ

ငါ ပိုင်ဆိုင်တာတွေကို ငါပြန် စိစစ်တိုင်း

ကိုယ့်ကိုယ်ကို ခပ်ရိုင်းရိုင်း ပြန်ဆဲမိတဲ့ ညနေတွေများလာတဲ့အခါ

ငါ ....ဘာမှမရှိခဲ့တာကို မုန်းတယ်။



.............................

.....................................

........................................

........................................ မုန်းတယ်။



တစ်နေ့

နှစ်ရာကျော်တန် နောက်ဆုံးပေါ် ဇိမ်ခံကားကို

နောက်ဆုံးပေါ် ဇိမ်ခံမယားအတွက်

နောက်ဆုံး ချစ်သက်လက်ဆောင် ပေးခဲ့ဖူးပါကြောင်း

ခေတ်ဟောင်း စစ်ကြိုဘက်စ်ကားပေါ်မှာ

ဘ၀ဟောင်းကို မြိန်ရည်ရှက်ရည် စားမြုံပြန်ရှာတဲ့

နောက်ဆုံးပေါ် နွားကြီးတစ်ကောင်နဲ့ အတွေ့မှာတော့

ကိုယ့် အတ္တကို လေပြန်လျှော့ရင်း

သူငယ်ချင်းတို့ရေ .....


ငါ့ကိုယ်ငါ ပြန်ချစ်သွားတယ်။

ခုထိလည်း ဘာမှ မရှိသေးပါဘူး။




ကျည်တောင် အမှတ်တရများ(၃)

November 6, 2008

ကျည်တောင်က နှင်းအောင် ....

ကျည်တောင်ကို ရောက်ခါစက ကျွန်တော့်ကို ကလေးကနေလူကြီးအထိ ဘယ်သူမှ ကြည့်လို့မရဘူးဗျ။ ဆံပင်ကဂုတ်ဝဲ။ ပုဆိုးက ချက်ပြုတ် ခြေဖျားတိုက်။ စကားပြော ရင် မာရေကြောရေ။ ဘယ်သူကမှ အဖတ်မလုပ်ဘူး။ ကျွန်တော်ကလည်း အဲဒီ အချိန်တုန်းက ခပ်စွာစွာဆိုတော့ သိပ်ဂရုမစိုက်ဘူးဗျ။

အဲ...လုံးဝကို ဂရုမစိုက် တာဗျ။

ဒါပေမယ့်ဗျ။ ရွာသားတွေတော်တော် များများက မခင်သေးခင်တုန်းသာရယ်။ ခင်လည်းခင်ရော တစ်ရွာလုံးကလူပျိုတွေ ကျွန်တော့်ငှားထားတဲ့ အိမ်ပေါ်မှာချည်းပဲ။ ရွာမှာရှိတဲ့ကာလသားခေါင်းလည်း အော်တိုမစ်တစ် ရာထူးပြုတ်ပြီး ကျွန်တော့်လက် ထောက်ဖြစ်လာတော့တာပဲ။

ပထမဆုံး သူငယ်ချင်းက ကျွန်တော် ငှားနေတဲ့ အိမ်က နှင်းအောင် ဆိုတဲ့ကောင်။ ဒီကောင်ကလည်း ကျွန်တော်နဲ့ တစ်ခန်းတည်းဗျ။ ဒီကောင်က နောက်မှ ပြန်ပြောပြ တာကတော့ ကျွန်တော့်စတိုင်ကို စ မြင်ကတည်းက ခိုက်နေတာဆိုပဲ။ အဲဒီတုန်းက ဒီကောင်တော့ကံဆိုးပြီလို့ထင်လိုက်မိသေးတယ်။ လားလား ။ ဘယ်ဟုတ်မတုန်းဗျ။ ကံဆိုးတာက ကျွန်တော်။ မြို့ပေါ်က သူငယ်ချင်းတွေကို နှိပ်စက်ခဲ့သမျှ ဒီကောင်နဲ့ ကျမှ ရှိသမျှဝဋ်ကို အကုန်လည်တော့တာပဲဗျို့။

နှင်းအောင်။

မျက်ပေါက်ကျဉ်းကျဉ်း။ လက်ပြင်ကိုင်းကိုင်း။ စကားပြောရင် ဗလုံးဗထွေးနဲ့။ ရယ် လိုက်ရင် အင်း... ဟင်းဟင်းအစ်တဲ့။ သဘောကတော့ ဘာကောင်းသလဲ မမေးနဲ့။ သူ့အိမ်မှာ သူဘုရင်။ ဆန်းတော့ အဆန်းသားဗျ။ မိသားစုတစ်စုမှာ များသော အားဖြင့် အထူးခံအခွင့်အရေးရတဲ့သားသမီးဆိုတာက အကြီးဆုံးဖြစ်ရင်ဖြစ်။ မဟုတ် ရင် အငယ်ဆုံးဖြစ်။ ဒီကောင်က အလတ်ကောင်ဗျ။ သူ့အထက်မှာ သူ့ အစ်မ သုံးယောက်ရယ်။ သူ့အောက်မှာ ညီမတစ်ယောက်ရယ်။ ညီတစ်ယောက်ရယ် ရှိ တယ်ဗျ။ ဒါပေမယ့် ဒီကောင်က သူ့အိမ်မှာ တကယ်ကို ဘုရင်။ ဘာမှလည်း မလုပ် ဘူး။ တစ်အိမ်လုံးကလဲ သူပြောရင် ပွဲပြီးမီးသေပဲ။ ကျွန်တော့်ကို အိမ်ငှားတာတောင် ဒီကောင်ပြောလို့ဖြစ်မယ်ထင်တယ်။ သူ့အဖေကတော့ ခပ်အေးအေးပါပဲ။ ငယ်ငယ် က ရေငုတ်ပြီး ရွှေရှာခဲ့လို့တဲ့။ နား နည်းနည်းထိုင်းတယ်။ သူ့အမေကတော့ နည်း နည်း လည်ဝယ်တယ်။ ချဲရောင်းတယ်။ ဒီကောင်မင်းအောင်ဆိုတဲ့ ကောင်ကတော့ ခပ်ကြောင်ကြောင် ကောင်ရယ်။ ကြောင်တယ်ဆိုတာထက် အစ်မတွေနဲ့ပဲ နေခဲ့ရလို့ လားမသိဘူးဗျ။ အူတူတူ အတတနိုင်တာက ပိုတယ်။

ဒီကောင် အူတဲ့အကြောင်းကို ပြောရဦးမယ်။

တစ်ရက်ကပေါ့ဗျာ။ မြစ်ထဲမှာ ရေဆင်းကူးကြရော။ ကျွန်တော်ကတော့ ရေမကူး တတ်လို့ ကမ်းစပ်မှာ ချိုးတာပါ။ ဒီကောင်ကတော့ ကျွန်တော့်ကို ထားခဲ့ပြီး အဝေး ကြီးကို ကူးသွားတာဗျ။ ကျွန်တော်လည်း ရေချိုးပြီးတော့ ကျွန်တော့် အတွင်းခံ ဘောင်းဘီကိုလျှော်နေတုန်းဒီကောင်ပြန်ရောက်လာတယ်။

နှင်းအောင်ဆိုတဲ့ကောင်ရယ် ...
ကျွန်တော့်ကို မျက်လုံးကြီး ပြူးကြည့်ပြီး ဗလုံးဗထွေးနဲ့ မေးပါရော။
“မင်း ... ဟေ့ကောင့် ငပိုင်”

ဒီကောင်က ကျွန်တော့်ကို ငပိုင်လို့ ခေါ်ပါတယ်။
“မင်း ... အဲဒါကြီးက ဘယ်သူ့ဟာကြီးတုန်း”

“အာ...ငါ့ဟာပေါ့ကွ၊ အတွင်းခံဘောင်းဘီကို ငါက သူများဆီက ယူဝတ်ရမလား” ဒီကောင်...တအံ့တသြနဲ့ ကျွန်တော့်ကို ဆက်ပြောတယ်။
“မင်း...အဲဒါတွေ ၀တ်နေပြီ...ဟုတ်လား”
ရော်...ကျွန်တော် တကယ်ရယ်ချင်သွားတယ်။ စဉ်းစားကြည့်ဗျာ။ (၁၀)တန်း ကျောင်းသားအတွင်းခံဘောင်းဘီဝတ်တာ အဆန်းလား။ ဒီကောင် ဒါကိုတောင် မသိတာကိုလည်း ကျွန်တော်တော်တော်အံ့သြနေတယ်။ ခင်တာက သိပ်မကြာ သေးဘူးဆိုတော့ ဒီကောင် ရိုးတာ အတာကိုလည်း ကျွန်တော် သိပ်မသိသေးဘူး။ အဲဒါနဲ့ သူ့ကို ကျွန်တော်ရှင်းပြရတယ်။
“ဒါကို အန်ဒါဝယ်ယာ လို့လည်း ခေါ်တယ်၊ စပိုဒါလို့လည်း ခေါ်တယ်ကွ၊ ငါဆို (၅)တန်းလောက်ထဲက ၀တ်တာ၊ ယောက်ျားလေး တွေဆိုတာ ဘောလုံးကန်လိုက်၊ ပြေးလိုက်၊ လွှားလိုက်နဲ့ အူကျတတ်တယ်ကွ၊ ဒါကို ၀တ်တာအူ မကျအောင် ထိန်းတဲ့ သဘောပေါ့ကွာ၊ ပြီးတော့...”

ကျွန်တော် ဒီကောင့်ကို ဘောင်းဘီဝတ်ရတဲ့ အကြောင်းရင်းကို သေချာရှင်းပြခဲ့ တာဗျ။

နှင်းအောင် ကျွန်တော်ပြောတာကို သေချာနားထောင်တယ်။ ပြီးတော့ ပြောတယ်။
“ငါက အတွင်းဘောင်းဘီကို လူကြီးဖြစ်မှ ၀တ်ရတယ် ထင်တာကွ”
“ဟာ သေတော့မှာပဲ၊ မင်းက အခု လူကြီးမဟုတ်တော့ ကလေးလားကွ” “ကိုယ့်ဘာသာ ကိုယ်လည်း ပြန်ငုံ့ကြည့်ဦးဟ”
ဒီကောင် စပ်ဖြဲဖြဲနဲ့ ဟီးဟီးဆိုပြီး ရေထဲ ပြန်ဆင်းသွားတယ်..

နောက်နေ့ရောက်တော့ ကျွန်တော်လည်း အဲဒီအဖြစ်အပျက် တွေကို မေ့မေ့ပျောက် ပျောက်ပေါ့။ ကျောင်းတက်လိုက်၊ ဘောလုံးကန်လိုက်၊ ဂစ်တာတီးလိုက်၊ စာကျက် လိုက်နဲ့ပေါ့။ ဒီကောင်က မမေ့ဘူးဗျ။ သူ့အစ်မတွေ မြို့ကို ဈေးသွားဝယ်တော့ ဒီကောင် ဘောင်းဘီမှာနေသံကို သဲ့သဲ့ကြားတယ်ဗျ။
“စိတ်ရှုပ်လိုက်တာ နှင်းအောင်ရယ်” ဆိုတဲ့ သူ့အစ်မလတ်ရဲ့ အသံကိုလည်း ကြားတယ်။
ကျွန်တော်နဲ့ မဆိုင်တော့လည်းမေးမနေဘူးပေါ့။ ကျွန်တော်နေတဲ့ အိမ်နဲ့ သူတို့ အိမ်နဲ့ကတစ်ဝိုင်းတည်းဗျ။ ထမင်းကတော့ သူ့တို့အိမ်မှာပဲ ပေါင်းစားတယ်။

အ၀တ်တွေဘာတွေလည်း သူတို့အစ်မတွေကပဲ လျှော်ပေးတာ။ သူ့အစ်မလတ် မအေးမာဆိုတာကလည်း ဆယ်တန်းနှစ်ကျ။ ကျွန်တော်တို့ အတန်းမှာပဲ။ အရင်နှစ်ကတော့ မြို့မှာ လာတတ်တာ..တဲ့။

ပြောရဦးမယ်။ ကျွန်တော်က ဘာအလုပ်မှ ရှိတဲ့ကောင်မဟုတ်တော့ ကျောင်းဝိုင်း သန့်ရှင်းရေး တာဝန်ယူထားတယ်ဗျ။ ကျွန်တော်တို့ ကျောင်းက တွဲဖက်ကျောင်းဆို တော့ အတည်တကျ မရှိသေးဘူး။ ရွာလယ်ခေါင် ဘုရားဝန်းထဲက ဓမ္မာရုံကို ပြင်ပြီး စာသင်ခန်းလုပ်ထားတာ။

ကျွန်တော်က ကျောင်းကို သန့်ရှင်းရေးလုပ်ရင်း ဘုရားကိုပါ တံမျက်စည်းလှည်းပေါ့။ ဘုရားစူး၊ မိုးကြိုးပစ်။

အဲဒီရွာမှာ ကျွန်တော်ကောင်းတာလုပ်ခဲ့တာဆိုလို့ အဲဒါတစ်ခုပဲရှိတာပါ။ ရွာထဲက လူကြီးတွေကတော့ ကျွန်တော့်ကို အဲဒါလေးလုပ်တာတစ်ခုနဲ့တင် အထင်တွေ စွတ် ကြီးနေတော့တာကိုး။
“ကောင်လေးကပုံစံကသာထောင့်မကျိုးတာ စိတ်ဓာတ်လေးကတော့ ကောင်းသား”... ဆိုပဲ။ နောက်မှ ပြန်ပြောပြတာ။

အဲ...တစ်ရက်တော့ ကျွန်တော် ကျောင်းသန့်ရှင်းရေး လုပ်ဖို့ ကျောင်းကို ရောက်ခါစ မနက် (၈)နာရီလောက်ပဲ ရှိသေးတယ်။ ကျောင်းကို ဘယ်သူမှ မရောက်သေးဘူး။

နှင်းအောင် ဆိုတဲ့ကောင်ရယ်...

ကျွန်တော့်ဆီကို သုတ်သုတ် သုတ်သုတ်နဲ့ ပြေးလာပါလေရော။
“ဟေ့ကောင် ငပိုင်၊ ဟေ့ကောင် ငပိုင်”
“ဟ...ဘာဖြစ်လာတာလဲဟ”
ဒီကောင် အသက်ကို မနည်းလုရူရင်းက ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီး ပြော တယ်။
“ခဏ...ခဏ လိုက်ခဲ့စမ်းပါ...ငါနဲ့”
“ဟင် ဘယ်ကိုတုန်း“
ဒီကောင် ကျွန်တော့်ကို ခေါ်မယ့်သာ လာခေါ်တာ ဘယ်ကိုခေါ်ရမှန်း စဉ်းစားထား ရသေးပုံမပေါ်ဘူးဗျ။ ဒီကောင် မျက်လုံးက ဟိုကြည့် ဒီကြည့်နဲ့ အိမ်သာဘက်ကို ရောက်တော့ မျက်နှာကြီး ချက်ချင်းပြုံးသွားတယ်။
“ဟုတ်ပြီ ...အိမ်သာကို လိုက်ခဲ့”
“ဟာ...အိမ်သာကို ဘာလိုက်လုပ်ရမှာတုန်း”
“လာစမ်းပါကွာ...မင်းကို ပြစရာရှိလို့ပါ၊ မင်းက အရေးထဲ သောက်စကားများ နေသေးတယ်”

အာ...ဒီကောင်ကတောင် ကျွန်တော့်ကို ပြန်ငေါက်လိုက်သေးတယ်။ ကျွန်တော် လည်း ရေးကြီးသုတ်ပြာ ကျွန်တော့်နောက်ကို လိုက်လာပြီး ပြစရာရှိတယ် ဆိုတော့ နည်းနည်းစိတ်ဝင်စားသွားတယ်။ အဲဒီအချိန်အထိလည်း အတွင်းခံဘောင်းဘီကိစ္စ က ကျွန်တော့်ခေါင်းထဲကို ၀င်မလာသေးဘူးဗျ။

ဒီကောင်က ကျွန်တော့်ကို သူဝယ်လာတဲ့ အတွင်းခံ ဘောင်းဘီကို လာကြွားတာ။ အဲဒါကို ကျွန်တော်က မသိသေးဘူး။ သိရင် ဘယ်လိုက်လိမ့်မလဲဗျာ။ ဒီကောင် အူကြောင်ကြောင်လုပ်တာနဲ့ ကျွန်တော်လဲသူ့နောက်ကနေ အိမ်သာကိုလိုက်သွား ရော...

အိမ်သာလည်း ရောက်ရော ကျေးဇူးရှင်က အိမ်သာထဲကို စွတ်ခနဲဝင်ပြီး ကျွန်တော် ဘက်လှည့်လိုက်တယ်။

ကျွန်တော်က အိမ်သာ အပြင်ဘက်မှာ တံမျက်စီးလေး ကိုင်ပြီး တအံ့တသြ ရပ်ကြည့်နေတာ။ ဒီကောင် ဘာလုပ်မလို့ပါလိမ့်ပေါ့။ ဒီကောင် ကျွန်တော့်ကို ပြုံးစစ နဲ့ သေချာစိုက်ကြည့်လိုက်သေးတယ်။ မျက်နှာပေးကတော့ တော်တော့်ကို ပျော်လာ ပုံပဲဗျ။
ဒီကောင်လေ ...ခါးကိုကုန်း၊ ပုဆိုးအောက်စကိုကိုင်ပြီး ကျွန်တော့်ကို ရုတ်တရက်ကြီးလှန်ပြပါလေရော။ အမှန်က သူ့ဘောင်းဘီကို ကြွားတာပါ။ အဲဒါကို ဒီတိုင်းမကြွားဘဲ သေနာက ၀တ်ပြီးမှ လှန်ကြွားတာ။ ကျွန်တော် ခဏတော့ ကြောင် သွားသေးတယ်။

ပြီးတော့မှ တအံ့တသြနဲ့ ဒီကောင့် မျက်နှာကို လှမ်းကြည့်တော့... အံမယ် ကိုယ်တော်က မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ဘယ်နှယ့်လဲဆိုတဲ့ ပုံစံ နဲ့ မေးငေါ့ပြလိုက်သေးတယ်။ မျက်နှာကလည်း ဂုဏ်ယူနေပုံပဲ။

ကျွန်တော်လေ...။

အသေအလဲ အော်ရယ်ပစ်လိုက်တယ်။

အူကို နှိပ်မနေဘူး၊ ဟန်ကို မဆောင်နိုင်ဘူး။

ဘယ့်နဲ့ ဗျာ... သူဝတ်ထားတဲ့ ပုံစံကိုလည်း ကြည့်ဦး။
သူ့ပေါင်တံက မည်းမည်း သေးသေးလေးတွေ။ ဘောင်းဘီက ဆိုဒ်အကြီးကြီး။
ဆိုတော့ ... အတွင်းခံ ဘောင်းဘီဝတ်ထားတာနဲ့ မတူဘဲ ဘောလုံးကန် ဘောင်းဘီ ၀တ်ထားသလိုကြီးလေ။ ပွယောင်းယောင်းကြီးပေါ့ ။

အဲဒါထက်ဆိုးတာ တစ်ခုက ...

ဘောင်းဘီရဲ့ အရောင်က နီနီရဲရဲ။

ရှေ့တည့်တည့်မှာက နှင်းဆီပွင့် ဖြူဖြူကြီးက ဖွေးလို့ ...။ ဟီး...ဟီး။


မိန်းမ၀တ်တဲ့ ဘောင်းဘီကြီး။
သူ့အတွက်... သူ့အစ်မ၀ယ်လာပေးတဲ့ ဘောင်းဘီက ဆိုဒ်အကြီးဆုံး မိန်းမ၀တ် အတွင်းခံ အနီရဲရဲကြီးဗျာ။
ဟုတ်ကဲ့။ တကယ်ပါဗျာ။
အဲဒီ နှင်းအောင်ဆိုတဲ့ကောင် မိန်းမ၀တ်နဲ့ ယောက်ျားဝတ်တောင် ခွဲပြီးမသိတဲ့ ကောင်ပါ။

ကျည်တောင် အမှတ်တရများ(၂)

November 3, 2008
ကျွန်တော် ...

ရွာအကြောင်းပြောပြီးတော့ ကျွန်တော့်အကြောင်းပြောရဦးမယ်။
ကျွန်တော်က အဲဒီရွာမှာနေပြီး ...တစ်နှစ်လုံးကျောင်းတက်ခဲ့ရတာ။
အဲဒီတော့ ကျည်တောင်ရွာအကြောင်းကို ကျွန်တော်ပြောပြီဆိုရင် ကျွန်တော်ရယ်၊ မထင်ရင်မထင်သလို ပေါက် ကရလုပ်တတ်တဲ့ ကျွန်တော့် သူငယ်ချင်း ကျည်တောင်သားတွေရယ်က အဓိကဇာတ်ဆောင်နေရက ပါရတော့ မှာပေါ့။ အဲဒီတော့ ကျွန်တော့်အကြောင်း ကို အရင်မိတ်ဆက်ပေးရဦးမယ်ဗျ။

ကျွန်တော် ...။
ကျွန်တော်က (၉)တန်းအထိ ပျဉ်းမနားမှာပဲ ကျောင်းတက်ခဲ့တာပါ။ သူများတွေက ရွာကနေ မြို့ပေါ်ကို ကျောင်း လာတတ်ကြတာ မင်းကျမှ မြို့ပေါ်ကနေ ရွာပြန်ကျောင်း တတ်ရတယ်လို့ကွာလို့ ပြောမလို့လား။
ဟင့်အင်းဗျ ...။
အကြောင်းတရာတွေရှိလို့ပါ။
ကျွန်တော်ဆိုတဲ့ကောင်က ခပ်ဆိုးဆိုးခပ်တေတေဗျ။ (၉)တန်းတုန်းက တော်တော်ကြီးကို ဆိုးခဲ့တာ။ ရန်ဖြစ် တယ်။ ကျောင်းပြေးတယ်။ အရက်သောက်တယ်။
သိတယ် မဟုတ်လား။
အဲဒီလိုဆိုးတဲ့ ကျွန်တော့်ကို ကျွန်တော့်အိမ်ရဲ့ ကောက်ချက်က ဒီလို ...။
ဒီကောင်လား၊ ငယ်ငယ်တုန်းက လိမ္မာသလောက် အခု အတိုးချဆိုးတယ်၊ ဆိုးပြီပေါ့၊ ပေါင်းနေတဲ့လူတွေကမှ တစ်ယောက်မှ အကောင်းမရှိတာ၊ လူကကောင်းချင်ရက်နဲ့ အပေါင်းအသင်းဖျက်တယ်ဆိုတာ ဒါမျိုးပေါ့တဲ့ ။
အဲဒါက ထုံးစံဗျ။
ဆိုးတဲ့ သားသမီးကို အပြစ်တင်ချင်ရင် သူ့သူငယ်ချင်းတွေက ခံပေတော့ပဲ။ ကျွန်တော့်အိမ်ကလည်း ထုံးစံအတိုင်း ကျွန်တော့်သူငယ်ချင်းတွေကို အဓိက အပြစ်တင်တော့တာပဲ။ ကျွန်တော် ပျက်စီးတာ သူငယ်ချင်းပေါင်းမှားလို့တဲ့။ တကယ့်တကယ်က သူငယ်ချင်းတွေကကို မှားပြီး ကျွန်တော်နဲ့ လာပေါင်းဖြစ်တာပါ။ ဟုတ်တယ်လေ တစ်ချို့ဆို ကျွန်တော့်ကြောင့် တုတ်နဲ့ချောင်းအရိုက်ခံလို့ရိုက်ခံရ။ အိမ်ပေါ်က ဆင်းလိုဆင်းရ။ ကျွန်တော်က သူများကို ပြဿနာရှာ။ ခံရတော့ ကျွန်တော့်သူငယ်ချင်းတွေ။ အဲဒါကိုကျွန်တော့်အိမ်က သူငယ်ချင်းတွေကြောင့် ကျွန်တော် ပျက်စီးတာ ဆိုပဲ။
အားတော့နာပါတယ်။
ကျွန်တော်ကလည်း အမေတို့ မှားနေပြီ။ သူငယ်ချင်းတွေက လာပေါင်းတာ မဟုတ်ဘူး။ ကျွန်တော်ကမှားတာပါ။ ကျွန်တော့်ကြောင့်ပါလို့တော့ ဘယ်ရှင်းပြမလဲဗျာ။
အဲဒါမှ ကျွန်တော်လည်း အနည်းအပါး သက်သာမှာမဟုတ်လား။ အရင်က ကျွန်တော်ကလည်း စာတော်တဲ့ ကျောင်းသားစာရင်းဝင်။ တော်တော်လိမ္မာခဲ့တာဆိုတော့(၉)တန်းနှစ် ကျွန်တော်သောင်းကျန်းတာဟာ အထက် တန်းကျောင်းမှာ သူငယ်ချင်းပေါင်း မှားတယ် ဆိုတဲ့ အိမ်က လူကြီးတွေရဲ့ အမြင်ကို ပိုပြီး ခိုင်မာစေတာပေါ့။ အဲဒါ နဲ့ တစ်ချက်လွှတ်အမိန့်။
(၁၀)တန်းနှစ်ကို မြို့မှာ မနေရ။
ဆည်မြောင်းထဲက ဦးလေးဆီမှာနေ။
ကျည် တောင်မှာကျောင်းတတ်ပေါ့။
အဲဒီတုန်းကလည်း ဖြစ်ချင်တော့ ကျည်တောင်ကျောင်းက နာမည်ကြီးနေတာဗျ။
အမှန်က ကျည်တောင်မှာ အရင်က အလယ်တန်းကျောင်းပဲ ရှိတာ။ အဲဒီနှစ်ကို ရောက်မှ တွဲဖက်အထက် တန်းကျောင်းဖွင့်ဖြစ်ခဲ့တာ။
ဆည်မြောင်းနဲ့ အီးပီစီမှာလည်း (၉)တန်း၊ (၁၀)တန်းတက်ရမယ့် ၀န်ထမ်းသား သမီးတွေပါတယ်။ ကျည်တောင် မှာလည်း မြို့ကျောင်းကို ပြောင်းနေရမယ့် အထက်တန်း ကျောင်းသားတွေရှိတယ်။ ကျည်တောင်နဲ့ ပျဉ်းမနားနဲ့က (၁၅)မိုင်သာသာလောက်ဝေးတာဆိုတော့ ကိုယ့်ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်းဖွင့်ဖို့ ရွာလူကြီးပိုင်း တွေက အမျှော်အမြင်ကြီးကြီးနဲ့ စီစဉ်ထားကြတာ။ ကိုယ့်ရွာမှာ တွဲဖက်အထက်တန်းကျောင်း ဖွင့်လိုက်တော့ မိဘတွေလည်း အဆင်ပြေတာပေါ့။
ဆည်မြောင်းနဲ့ လျှပ်စစ်က လူကြီးပိုင်းတွေ ကမကထလုပ်ပြီး ရွာကလူကြီးတွေနဲ့ တွဲဖက်အထက်တန်းကျောင်း စဖွင့်တာ။ ဒါနဲ့ပဲ တွဲဖက်အထက်တန်း ကျောင်းဖွင့်ဖြစ်ကြတာပါ။ အဲဒီမှာ သူတို့ရည်ရွယ်ချက်က တော်တော် ကောင်းပါတယ်။ ပထမဆုံးတွဲဖက်ကျောင်း စဖွင့်တဲ့နှစ်မှာ(၁၀)တန်းကို အောင်ချက်ကောင်းကောင်းနဲ့ အောင်ရင် တရားဝင်အထက်တန်း ကျောင်းဖွင့်ခွင့်ပေးမယ်။ တွဲဖက်ကျောင်းရဲ့ ပထမဦးဆုံး (၁၀)တန်းကျောင်းသား တွေက လည်း နောင်နှစ် တရားဝင်အထက်တန်းကျောင်းဖွင့်ခွင့်ရအောင် ကြိုးစားရမယ်။ မိဘတွေ၊ လူကြီးတွေကလည်း အပြည့်အ၀ထောက်ပံ့ပေးမယ် ဆိုပါတော့။
ဆိုတော့ကာ
ဆရာတွေကို မြို့ပေါ်က တကယ့်ဆရာ အကောင်းစားတွေချည်းခေါ်သင်တယ်။ ရန်ကုန်က ဆရာတစ်ချို့တောင် စာမေးပွဲနီးတော့ လာပြီးသင်ပေးကြသေးတယ်။ တကယ်ကို အားကြိုးမာန်တက်ကို လုပ်ပေးခဲ့ကြတာပါ။ အဲဒီမှာ သူတို့ ကံဆိုးတာလား။ ကျွန်တော်ကံဆိုးတာလားတော့မသိဘူး။ အဲဒီကျောင်းကို ကျွန်တော်မောင်စုန်းပြူး က ကြောင်တောင်တောင်နဲ့ ရောက်လာပါလေရော။ ပထမတော့ ဆည်မြောင်းကနေတက်ရတာ။ ကျွန်တော့် ဦးလေးက ဆည်မြောင်းမှာ အေအီး (အင်ဂျင်နီယာချုပ်)ဗျ။
ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ ကျွန်တော့်အတွက် လှလှက ဒုက္ခကိုခေါ်ပြီး ရောက်လာပါလေရော။ (ဒုက္ခ လှလှရောက်တာကို ပြောတာပါဗျာ)
အားပါးပါး။ (၉)နာရီတက်ရမယ့်ကျောင်းကို မနက် (၆)နာရီခွဲလောက်ကစပြီး ဆည်မြောင်းကနေလာရတယ်ဗျ။
ကျောင်းကားကပေးတယ်။ ဒါပေမယ့် ကားမအားရင်တို့ ကားပျက်ရင်တို့တော့ ကိုယ့်အစီအစဉ်နဲ့ ကျောင်းသွား ရတယ်။ ကျောင်းကားကလည်းဗျာ။ မအားတာနဲ့ ပျက်တာနဲ့ချည်းပဲဆိုတော့ ကျွန်တော် ခြေလျင်ကြည့် ဒိုးရတာ များတယ်။
မြို့ပေါ်မှာလိုသာဆိုရင် ကျောင်းကို သွားမတတ်တော့ဘဲ ပြေးနေလိုက်တယ်။
အခုတော့ ကျောင်းပြေးရအောင်ကလည်း သွားစရာနေရာကမရှိဘူး။
အလုပ်ဆိုက်ထဲကနေ ကျောင်းတက်ရတာပါဆို။ အိမ်ကထွက်ရင် တော။ ကျောင်း မရောက်မချင်းတောလေ။ ကျွန်တော်က တောထဲမှာ တစ်ယောက်ထဲတော့ ကျောင်းမပြေးချင်ဘူးဗျ။ ပျင်းတာလည်း ပါတယ်။ ပြီးတော့ တောထဲမှာ တစ်ယောက်တည်း ကျောက် တာလည်းပါတယ်။
ပြောရဦးမယ် ဆည်မြောင်းဆိုတာက သူတို့ထဲမှာကို ခွဲထားတာအများကြီးဗျ။ ဆေဘယ်လ်ဆိုတဲ့ (အဆောက် အဦးကိုင်တဲ့ အဖွဲ့အစည်းက တစ်ဖွဲ့)။ မဂ္ဂနီကယ်ဆိုတဲ့(စက်မှုအဖွဲ့အစည်းကတစ်ဖွဲ့)၊ ပြီးတော့ ကျောက်တောင် တွေ မိုင်းခွဲတဲ့ အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့။ ကျွန်တော့် ဦးလေးတာဝန်ကျတာက စက်မှုကဆိုတော့ နေရတာက ဟိုးအဝေး ဆုံးရေပိုလွှဲမှာ (စပေးဝေး) လို့လည်းခေါ်တယ်ဗျ။
အဲဒီကနေ ကျောင်းတက်ရတာက တော်တော်ကြီးကို ပင်ပန်းတာပါ။ ကျွန်တော်အိပ်ရာထချိန်က မနက် (၆)နာရီလောက်။ (၆) နာရီခွဲလောက်မှာ ကျောင်းကို စလျှောက်။ (၉)နာရီအတိလောက် ကျောင်းကိုရောက်။ သေချင်စော်ကို နံရောဗျို့။
ကျောင်းဆင်းချိန် (၃)နာရီခွဲကို အိမ်ပြန်ရောက်ရင် (၆)နာရီပဲ။ လျှောက်လိုက်ရတဲ့ လမ်း လူကို သေမတတ်ပါပဲ။ နောက်တော့ ကျွန်တော် နည်းနည်းအသားကျသွားတယ်။ ကျဆို ခြေသလုံးသားတွေလည်း တုတ်လာပြီ။ အလေ့အကျင့်လည်း ရလာပြီလေ။ အဲဒီမှာ ကျွန်တော်တစ်ရက်တော့ အကြံရသွားတယ်ဗျ။
ကျောင်းပြန် တစ်ယောက်တည်း လမ်းလျှောက်ပြီး ပြန်ရတာ ပျင်းစရာကောင်း တယ်။ အပြန်လမ်းမှာ ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုခုလုပ်ရင်ကောင်းမယ်ပေါ့။
ဟုတ်ကဲ့။
ကျောင်းဆင်းတော့ ၀ီစကီတစ်ပြား ၀ယ်တယ်၊
ရေတစ်ဗူးဝယ်တယ်။

အာလူးကျော်တစ်ထုတ်ရယ်။ လန်ဒန်တစ်ဗူးရယ်ကို ၀ယ်ပြီး ကျွန်တော့်ရဲ့ အိမ်အပြန်တောင်တက်ခရီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ သောက်လိုက်၊ လျှောက်လိုက်၊ ပေါက်လိုက် ပေါ့။
ဗျာ...အိမ်ပြန်ရောက်ရင်လား။ စာကျက်ဖို့ မပြောနဲ့ ပင်ပန်းတာရော။ မူးတာရော။ ပန်လန်လက်လို့ ပက်လက်လန်ပဲ။
တစ်ရက်ကနေ နှစ်ရက်။ နှစ်ရက်ကနေ သုံးရက်ဆိုတော့ ကျွန်တော့်ဦးလေး ရိပ်မိသွားတယ်။ မှတ်မှတ် ရရ သုံးလေးချက်လောက် အဗျင်းခံလိုက်ရသေးတယ်။
နောက်မသောက်ဖို့ ပြောတယ်။ ကျွန်တော်ကလည်း ကတိပေးတယ်။ ပြီးတော့ သောက်တယ်။
ဦးလေးက ထပ်ဆူတယ်။ ဗျင်းတယ်။ ပြီးတော့ ငါဆယ်တန်းနှစ်တုန်းက ဆိုရင် ဆိုတဲ့ မရိုးနိုင်တဲ့ တောလားကြီးဖွင့်ပြီး သူဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြီးပျင်းခဲ့ ရကြောင်း ကျွန်တော့်ကို ဆုံးမတယ်။
အင်း ...အခု ခေတ်စားနေတဲ့ ကြက်ဖသီချင်းလိုပြောရရင် ...
ဘယ်ရမလဲ။ ကျွန်တော်ကလည်းပေါ့...
ကျောင်းတက်ရတာ အရမ်းပင်ပန်းတဲ့ အကြောင်းနဲ့။ ကျွန်တော့်ရည်မှန်းချက်တွေ တကယ်ဖြစ်လာဖို့စိတ်ကူးတွေက ဒီလိုကျောင်းကို လမ်းလျှောက်တက်ရတာနဲ့တင် လေထဲမှာ တိုက်အိမ်ဆောက်ရသလို ပျောက်ပျယ်သွားပြီဖြစ်တဲ့အကြောင်း၊ ကျွန်တော် အရမ်းစိတ်ပျက် တဲ့အကြောင်း... တကယ်ဆို ဦးလေးကို မချစ် မကြောက်လို့တော့ မဟုတ်တဲ့ အကြောင်း တကယ်လို့များ ဆယ်တန်းမှာ ကျရင် ဒီကျောင်းကို အတင်းတက်ခိုင်းတဲ့ ဦးလေးတို့မှာ တာဝန်မကင်းတဲ့အကြောင်း ... မူးကြောင်မူးကြောင်နဲ့ ရင်ဖွင့်တယ်။ အမှန်တော့ သူသနား အောင် လျှောက်ပြောတာပါ။ တကယ်ဆို ကျွန်တော့်မှာ အဲဒီတုန်းက ဘာရည်ရွယ် ချက်မှ ရှိတာမဟုတ်ဘူးဗျ။
ကြာတော့ ဦးလေးလည်း စိတ်ညစ်လာပုံရတယ်။ မင်းကို ငါတောင် မနိုင်တော့ဘူး လို့ အစချီပြီးပြောလိုက်တာ ... နောက်ဆုံးမှာ ...
နောက်ဆုံးမှာတော့ ဦးလေးက ကျွန်တော့်ဒုက္ခကို နားလည်သွားတာလား။ ကျွန်တော်အရက်သမားဖြစ်သွားရင် သူရင်ဆိုင်ရမယ့် ဒုက္ခကို သဘောပေါက် နားလည် သွားတာလား မသိဘူးဗျ။ ကျွန်တော် စာမေးပွဲကျရင် အရင်ဆုံး ကျွန်တော့်အမေနဲ့ တွေ့ရမှာက သူလေဗျာ။
ဒီလိုနဲ့ ...
ကျွန်တော့်ကို ကျည်တောင်ရွာထဲမှာ အိမ်ငှားပြီး ကျောင်းတတ်ခိုင်းတော့တာပဲ။
အဲဒီလိုနဲ့ ကျွန်တော် ပျဉ်းမနားသားဘ၀ကနေ ကျည်တောင်သားအဖြစ် ရွာမှာ ကျောင်းတက်ရတော့တာပဲ။
ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျို့။

“တောက် !.. (၃)”

November 2, 2008
ကျွန်းတစ်ကျွန်းပေါ်မှာပေါ့ ...။
သင်္ဘောပျက်ပြီး သောင်တင်နေတဲ့ လူသား (၃) ယောက်ရှိသတဲ့...။
တစ်ယောက်က ဆရာဝန်။
တစ်ယောက်က ရုပ်ရှင်မင်းသား။
တစ်ယောက်က ခြေသလုံးအိမ်တိုင် သင်္ဘောသား။

သူတို့ (၃)ယောက်ဟာ ကျွန်းပေါ်ကို ရောက်တာလည်း တော်တော်ကြာပြီဆိုတော့ ...
တော်တော်လေးကို ခင်မင်နေကြပြီပေါ့။
မခင်လို့လဲ မဖြစ်ဘူးလေ..။
ရှိတာမှ ဒီ (၃) ယောက်တည်းရယ်ကို....။

သူတို့ရဲ့  မျှော်လင့်ချက်က သူတို့ကို ကယ်တင်ခေါ်ဆောင်မယ့်
အခြားသင်္ဘောတစ်စင်းစင်းပေါ့...။
ဒါပေမယ့် သူတို့မျှော်နေတာက ကြာခဲ့ပါပြီ။
ကံဆိုးချင်တော့ သူတို့ရောက်နေတဲ့ ကျွန်းအနားကို ဘယ်သင်္ဘောမှ မကပ်ကြဘူး။

ဒီလိုနဲ့ နေလာလိုက်တာ ...
သူတို့ဟာ ကျွန်းသားကြီးတွေဖြစ်လို့...။
ဆရာဝန်လည်း ငါးမျှားတတ်ပြီ။
ရုပ်ရှင်မင်းသားလည်း အုန်းသီးခွဲတတ်ပြီ။
သင်္ဘောသားလည်း ....တစ်ကျွန်းလုံးကို နှံ့ နေအောင် လျှောက်သွားပြီးပြီ။

အဲ...တစ်ရက်တော့ ....
သူတို့ (၃) ယောက် ကျွန်းပေါ်မှာ လျှောက်သွားနေတုန်း...
တွေ့ ပါပြီ... မီးခွက်ဟောင်းတစ်လုံး....
သင်္ဘောသားက ကောက်ပြီး လက်နဲ့ ပွတ်လိုက်တာ...
ထုံးစံအတိုင်း မီးခွက်စောင့် ဘီလူးထွက်လာပါလေရော...။

“သခင်တို့ရဲ့  ကျေးဇူးကြီးလှပါတယ်...ခင်ဗျာ..
ကျွန်ုပ်ဆီက အလိုရှိတဲ့ ဆု (၃)ဆု တောင်းနိုင်ပါတယ်ခင်ဗျာ...”

ဟေးးးးးး... ကော်တာပဲ၊
လူက (၃)ယောက် ၊
ဆုက (၃)ဆု၊ ကွက်တိမှ ကွက်တိ။

ဆရာဝန်က အမြန်ဆုတောင်းလိုက်တယ်။
“ငါ့ ... အိမ်ကို မြန်မြန် ပြန်ပို့ပါ..မြန်မြန်ပြန်ပို့ပါ”

“အပ်ချလောင်း”

ရောက်သွားပါလေရော...သူ့အိမ်ကို ....

ဒီတစ်ခါ ရုပ်ရှင်မင်းသား...။
“အိုး... ငါ့ရဲ့  မင်းသမီးလေးဆီကို
အမြန်ရောက်ပါစေဗျာ”


လာစမ်းဟဲ့ .. “အပ်ချလောင်း”
သူလဲ သူ့ရဲ့  မင်းသမီးဆီကို ဂျောင်း..။


နောက်ဆုံးက ကလေကချေ သင်္ဘောသား..
အံမယ်.. သူက ဘီလူးကို စိတ်တွေဘာတွေ ဆိုးလို့..

“တောက်! မင်းကွာ တော်တော်ဆိုးတဲ့ ဘီလူး..
အရင်က ဒီကျွန်းပေါ်မှာ တို့ (၃)ယောက်ဆိုတော့ ပျော်စရာကောင်းသေးတယ်..။
အခု မင်းလုပ်တာနဲ့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။
ငါက တစ်ယောက်ထဲဆို ပျင်းတယ်ကွ..
အခုချက်ချင်း ပြန်ခေါ်ပေး ...သူတို့ နှစ်ယောက်ကို ....” တဲ့..
ကဲ... ဘီလူးလဲ ဘယ်တက်နိုင်ပါ့မလဲ....

“အပ်ချလောင်း”


“တောက် !.. (၂)”

November 1, 2008


သဲကန္တာရတစ်ခုရဲ့ အလယ်ဗဟိုတည့်တည့်မှာ....
ကျွန်တော် လမ်းပျောက်နေတာ။
မောလိုက်တာ..
ဘယ်ကို သွားရင် ရေရမလဲ...။
အိမ်ကို ဘယ်လိုပြန်ရမှာလဲ...။
ကျွန်တော့်အိမ်က ဘယ်မှာလဲ...။
ကျွန်တော် အရမ်းမောပန်းနေပြီ...။
ကျွန်တော့်အိမ်ကို အမြန်ပြန်ရောက်ချင်နေပြီ..။
အိမ်...
အိမ်က ဘယ်မှာလဲ..။

စိတ်ဓာတ်တွေ ကျနေတုန်း .....
ရုတ်တရက်....
သဲပြင်ပေါ်မှာ တပိုင်းတစ ထွက်နေတဲ့ မီးအိမ်တစ်လုံး တွေ့တယ်။
အမြန် ကောက်ပွတ်။
လာစမ်းဟဲ့..။ မီးခွက်စောင့်။
အင်း....
ပုံပြင်ထဲကလိုများ မီးခွက်စောင့်ထွက်လာမလားလို့....။

မြတ်စွာဘုရား။

အိုး...တကယ်ပဲ ....
တကယ်ပဲ မီးခွက်စောင့်...။
ရုပ်ဆိုးဆိုးဘီလူးတစ်ယောက် ကျွန်တော့်ရှေ့ မှာ ဒူးထောက်ရက်သား...။

“သခင်... ဘာများလိုချင်ပါသလဲ ..ခင်ဗျာ”
“အေး...ငါ့ကို အိမ်ပြန်ပို့ ..ချက်ချင်းပြန်ပို့ ...အခုပို့”
“ဟုတ်ကဲ့ သွားကြတာပေါ့ခင်ဗျာ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ” ... ဆိုပြီး ...
ရှေ့ ကနေ ငေါ့တော့ငေါ့တော့နဲ့ ထွက်သွားပါလေရော...။


“ဟာ...ဟေ့...ဟေ့ လူ၊ အဲ..ဘီလူး၊
ဟေ့ ..ဘီလူး.... အဲဒီလိုမဟုတ်ဘူးလေ...
ငါက ချက်ချင်းပြန်ချင်တာလေ..အမြန်ရောက်ချင်တာလေ...”

ဘီလူး ..ကျွန်တော့်ကို လှည့်ကြည့်တယ်။
“သြော်.... အဲဒီလိုလား၊”
“အေး..အဲဒီလို”

“လွယ်ပါတယ်..သခင်ရဲ့၊
လာ.........မြန်မြန်ရောက်ချင်ရင် ပြေးပြီးပြန်ကြတာပေါ့”...တဲ့။

တောက် !.....ခွေးမသားဘီလူး။

``တောက် ! ....´´

October 29, 2008
လူ နှစ်ယောက် တမလွန်ဘ၀မှာ တွေ့ကြတယ်။
အခုမှ ရောက်ခါစမို့ တမလွန်နယ်ဟာ သူတို့အတွက် စိမ်းလွန်းပါတယ်။
အသိကလည်းတစ်ယောက်မှ မရှိဘူး။
ယောင်တောင်တောင်နဲ့ လျှောက်သွားနေမယ့်အစား..
နှစ်ယောက်ပေါင်းလိုက်ရင် ဘာပဲဖြစ်ဖြစ် အားရှိမှာပေါ့။
အဲဒီလိုနဲ့ သူတို့နှစ်ယောက် စပြီး မိတ်ဆက်ကြပါတယ်။

ပထမလူက စမေးတယ်။
``ခင်ဗျားက ဘယ်တုန်းက သေပြီး ဒီကိုရောက်လာတာလဲ...´´
ဒုတိယလူက ပြန်ဖြေပါတယ်။
``မနက်ကမှပါဗျာ .... သေတာ မကြာသေးပါဘူး´´
``အိုး....ဒါဆို ဟန်ကျတာပဲ.. ကျုပ်လဲ မနက်ကမှ သေတာပဲ...။ အခုမှ ဒီကိုရောက်ဖူးတာဆိုတော့ ဘယ်သွားရမယ် မသိသေးဘူး..၊ အသိလည်း မရှိသေးဘူးဗျ..´´
``ဟာ ..ဒါဆို ..အ ဆင်ပြေတာပေါ့..ကျွန်တော်တို့ သူငယ်ချင်းတွေ လုပ်ကြတာပေါ့ဗျာ..´´


ဒီလိုနဲ့ .... သူတို့နှစ်ယောက် မိတ်ဆွေတွေဖြစ်သွားကြပါတယ်။
အဲ... မိတ်ဆွေဖြစ်ပြီဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် မေးကြ၊ ဖြေကြပေါ့..။
တိုက်တိုက်ဆိုင်ဆိုင်ပဲ .. သူတို့သေခဲ့ကြတဲ့ မြို့ကလည်း တစ်မြို့တည်းကပဲလေ..။
တစ်မြို့တည်းသားတွေ တမလွန်မှာ ပြန်ဆုံရတာဆိုတော့ ပိုပြီး ခင်မင်ကြတာပေါ့.။

``ဒါနဲ့ ခင်ဗျားက ဘာရောဂါနဲ့သေတာလဲဟင်.. ခင်ဗျားကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ပါ´´
``အင်း ..ဟုတ်တယ်ဗျ...ကျွန်တော်က ငယ်ငယ်ကတည်းက နှလုံးရောဂါရှိတာ...၊ ကျွန်တော် ရုတ်တရက် အံ့သြပြီးသေတာဗျ´´
``ဘယ်လိုဗျ...၊ အံ့သြပြီးသေတယ်...၊´´
``ဟားဟား ..မကြားဖူးပါဘူးဗျာ...၊ တစ်ခါမှကို မကြားဖူးဘူး၊ ဒီမယ်..ဟေ့လူ....၊ အံ့သြတာက ရောဂါမဟုတ်ဘူးလေ..ကျွန်တော်ဆို အအေးပတ်ပြီးသေတာ..အဲဒါကမှ ယုတ္တိရှိသေးတယ်၊ ခင်ဗျားပြောသလို အံ့သြပြီးသေတာက ယုတ္တိမရှိဘူးလေ..´´
``ဟာ..တကယ်ပါဗျ....၊ ကျွန်တော် ရှင်းပြမယ်၊ ဒီလို...ဒီလို........´´

ဒုတိယလူက ... သူဘယ်လိုသေခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဒီလို ရှင်းပြပါတယ်...။

``ကျွန်တော် ခရီးတစ်ခုက ပြန်လာတော့.. ကျွန်တော့် အိပ်ခန်းထဲမှာ ..ကျွန်တော့် မိန်းမအသံနဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပလူးပလဲအသံတွေကြားရတယ်ဗျ..၊ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး၊ တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းတယ်´´
``ဒါပေမယ့် ကျွန်တော့်မိန်းမက ချက်ချင်းလာမဖွင့်ဘူးဗျ၊ တော်တော်ကြာမှ လာဖွင့်တာ..... ကျွန်တော် ထူပူပြီး ဘာမှ မစဉ်းစားနိုင်တော့ဘူး၊ အခန်းထဲရောက်ရောက်ချင်း အဲဒီကောင်ကို လိုက်ရှာတယ်၊ ဒါပေမယ့် ထူးဆန်းတာက အခန်းထဲမှာ ကျွန်တော့်မိန်းမကလွဲပြီး ဘယ်သူမှ မရှိဘူးဗျ´´

``ဟင် .... ခင်ဗျားမိန်းမက အဲဒီလူထွက်သွားမှ ခင်ဗျားကို တံခါးလာဖွင့်ပေးတာ နေမှာပေါ့ဗျ´´
``မဟုတ်ဘူးဗျ၊ ကျွန်တော့်အခန်းက ဘာပြူတင်းပေါက်မှ မရှိဘူး၊ ...ဒါနဲ့ ကျွန်တော်လဲ ကုတင်အောက်တွေ...ဗီရိုထဲတွေ အကုန်လိုက်ရှာတာပဲဗျ၊ ဒါပေမယ့် အဲဒီအကောင်ကို မတွေ့ဘူး၊ အပြင်ကနေ သူ့အသံကို ကျွန်တော် သေသေချာချာကြားရတာပဲ´´
ဒါပေမယ့် အခန်းထဲရောက်တော့ လူကိုရှာမတွေ့ဘူး၊ ကျွန်တော် အရမ်းစိတ်တိုတာရော..အံ့သြတာရောပေါင်းပြီး ... အဲဒီမှာ သေတာပါပဲ၊ ကျွန်တော်က နှလုံးရောဂါရှိတယ်လေဗျာ...´´

အဲဒီမှာ ...ပထမလူက ဒေါသတကြီးနဲ့ထပြီး အော်ကြီးဟစ်ကျယ်လုပ်တော့တာပါပဲ။
အသားတွေတောင် ဆက်ဆက်တုန်လို့...။
သူပြောတာလဲ ကြည့်ဦးလေ.....

``ခင်....ခင်ဗျား....``တောက်´´
``ခင်ဗျားတော်တော် ညံ့တဲ့ လူပဲ...၊ ခင်ဗျားတော်တော်လေးကို ညံ့တဲ့လူပဲ၊ ခင်ဗျား အဲဒီတုန်းက အခန်းထဲက ရေခဲသေတ္တာကို ခင်ဗျား ဖွင့်မကြည့်ခဲ့ဘူးမဟုတ်လား၊ ဖွင့်မကြည့်ဘူးမို့လား´´

``ဟုတ်ကဲ့ ..ဖွင့်မကြည့်မိပါဘူး၊ ဒါနဲ့ ဘာများဖြစ်လို့လဲ..ဟင်´´
``တောက်´´
``အေး... အဲဒီလိုသာ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ရင်...ကျုပ်လဲ အအေးပတ်ပြီး ဘယ်သေတော့မလဲဗျ´´ ......တဲ့လေ။


ကျွန်တော် ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ကို ပြန်ရေးထားတာပါ..။ ဖတ်ပြီးသား၊ သိပြီးသား သူတွေ သည်းခံပေးပါနော်..။
အခုတလော ကဗျာတွေ ရေးလို့ မထွက်ဘူးဖြစ်နေလို့ပါ... ပို့စ်မတင်ဖြစ်တာကြာသွားတော့ လာလည်တဲ့သူတွေကို အားနာတာနဲ့ ... ရယ်စရာလေးနဲ့ ဧည့်ခံလိုက်တာပါ။
သိပ်မရယ်ရဘူးဆိုရင်လဲ ခွင့်လွှတ်ပါ။