အသက်တစ်ရာ မနေရ..အမှုတစ်ရာ ပွေရ...

May 13, 2009
လူ ဆိုတာ အသက်တစ်ရာ မနေရ ..... အမှု တစ်ရာ ပွေရ..တဲ့ ..။ ကြားဖူးတာပဲ..။ ဟုတ်မှာပါ..။
ဟုတ်လို့လည်း ရှေးလူကြီးတွေက ပြောခဲ့တာ နေမှာပေါ့..။ ကိုယ်ဘာမှ မလုပ်ပေမယ့် ကိုယ့်ကို
လာပတ်တဲ့ အမှုတွေလည်း ရှိတာပဲ..။
ကိုယ်လုပ်လို့ ကိုယ်ဖြစ်ကိုယ်ခံရတာတွေလည်း ဒုနဲ့ ဒေးပဲ။
အဲဒါမျိုးက ကိုယ်ဖြစ်ကိုယ်ခံ ဖြေသာပေမယ့် ကိုယ်လဲ ဘာမှ မလုပ်ရပါဘဲနဲ့
ပလိန်းကြီး ခံလိုက်ရတာမျိုးကျတော့ အီလည်လည်ကြီး ခံစားရတယ်..။ ဥပမာ ..ဒါမျိုးပေါ့..။


ကျွန်တော် ကိုးတန်းနှစ်ကလေ..။ ကျွန်တော်တို့ရဲ့ နယ်မြို့ကလေးမှာ။ ပျဉ်းမနားမှာပေါ့။
ကျောင်းတွေ မဖွင့်ခင် ကျူရှင်ယူဖြစ်ကြတယ်။ ကျွန်တော်က ကျူရှင်သွားရင် သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားနေကျ။ အဲဒီတုန်းက ကျွန်တော့်မှာက ဆိုက်ကယ်မရှိသေးဘူး။ ပြိုင်စက်ဘီးလေးပဲ ရှိတာ။ သူငယ်ချင်းကတော့ ဆိုင်ကယ်နဲ့။
... ဆိုတော့ ကျွန်တော်က သူ့ဆိုင်ကယ်ကို ကပ်စီးတာပေါ့။ တစ်ခါတစ်လေ သူ့ ဆိုင်ကယ် ပျက်တာတို့ ။
သူ့အိမ်က ယူသုံးတာမျိုးကျတော့ ကျွန်တော့် ပြိုင်ဘီးနဲ့ ကတ်သီးကပ်သပ် ကျပ်တီးကျပ်တပ်စီးပြီး ကျူရှင်သွားရတယ်။
သူက စက်ဘီး မရှိဘူးကိုး...။

ပြောရဦးမယ်..။ မိုးသားဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ထောင့်ကျိုးတာ မဟုတ်ဘူး. ။ ပေတီးပေကပ် ဂျစ်ကန်ကန်။ဆံပင်ပုခုံးထောက် ၊ ပုဆိုးချက်ပြုတ်၊ နားကွင်းတွေ နားကပ်တွေနဲ့ ။ လက်သည်းရှည်ရှည်တွေနဲ့ ။ သိတယ်မို့လား။ ဘွန်ဂျိုဗီတို့ .. ဂန်းအန်ရို့စ်တို့ကို သိပ်အားကျတဲ့ကောင်ဆိုတော့ ..ရပ်ကွက်က မိဘပြည်သူတို့ ကျောင်းက ဆရာဆရာမတို့ဆိုတာ မိုးသားဆို ကြည့်လို့ ရတာကို မဟုတ်ဘူး။
မျက်နှာမြင် ရိုက်ချင်ပါစေဆိုတဲ့ ဆုတောင်းကောင်းတဲ့ကောင်လေ။ အိုက်တင်ကလည်း ရာဇာနေ၀င်းအိုက်တင်နဲ့ ဆိုတော့ ပြီးရောပေါ့။

တစ်ရက်တော့ သူငယ်ချင်းရဲ့ ဆိုင်ကယ်က မအားလို့ ကျူရှင်တက်ဖို့ အဲဒီကောင့်ကို သွားခေါ်ရတယ်။
သြော်..ဒီကောင့်နာမည်က ဇာနည်တဲ့။ ဇာနည်က ဆည်မြောင်းက။ မြို့ထဲနဲ့ နည်းနည်းဝေးတယ်။
သူတို့ ဆည်မြောင်းကို ရောက်ဖို့ နာရီဝက်လောက် စက်ဘီးနင်းပြီးသွားရတာ.။ အဲဒီနေ့ကတော့ ကျွန်တော် သူ့ကို သူ့အိမ်ထိသွားမခေါ်နိုင်တော့ဘူး။ စက်ဘီးနင်းလာရတာဆိုတော့ ပင်ပန်းနေပြီလေ။ ပြီးတော့ ဆေးလိပ်ကလည်း ခိုးသောက်ခါစဆိုတော့ ဒီကောင့်ကိုစောင့်ရင်း ဆေးလိပ်လေးက ခိုးသောက်လိုက်ချင်သေးတာ။ အဲဒီအချိန်တုန်းက တော်တော်လေး ငယ်သေးတာဆိုတော့ လူများများရှေ့မှာ ဆေးလိပ်ထုတ်မသောက်ရဲဘူး။
ခိုးသောက်ရတာ။ ဒီကောင်တွေ လမ်းက လူရှင်းတော့ ဆေးလိပ်ခိုးသောက်လို့ ကောင်းတယ်။ လူကလည်း ရှင်းဆို ..အဲဒီဘက်ကရွာတွေပဲ ရှိတော့တာကိုး။

ကျွန်တော်လဲ ဒီကောင့်ကို ဥသျှစ်ကုန်းဘုန်းကြီးကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်စောင့်ပြီး ဆေးလိပ်လေး ဖွာနေလိုက်တယ်။
ပြောရဦးမယ်။ အဲဒီနေရာလေးက တော်တော်လေးကို သာယာတာဗျ။
အဲဒီညနေခင်းကလဲ ဘယ်လောက်လှတယ်ထင်လို့လဲ။
ဘုန်းကြီးကျောင်းနားက စေတီလေးရယ်။ သံလမ်းရှည်ရှည်ရယ်။
ဖုန် ငွေ့ငွေ့တက်နေတဲ့ နွားအုပ်ဖြူဖြူရယ်။ ရွာစုစုလေးရယ် ။ လယ်ကွင်းနောက်ခံတွေရယ်။
လူကလည်း ကဗျာရူး၊ စာရူးဆိုတော့ ဆည်းဆာရဲ့ အလှတရားကို ဆေးလိပ်လေးနဲ့ ခံစားနေတာဆိုပါတော့။

အဲဒီအချိန်မှာပဲ။ ဥသျှစ်ကုန်းရွာထဲကို ပြန်သိမ်းလာတဲ့ နွားအုပ်က ကျွန်တော်နဲ့ မလှမ်းမကမ်းဖြတ်သွားတယ်...။

နွားအုပ်ကို ကျောင်းလာတဲ့ ရွာသားက ခပ်ပုပု ဂင်တိုတို။ ကျွန်တော်နဲ့ အသက် မတိမ်းမယိမ်းလောက်ပေါ့။ပုဆိုးတိုတို။ အကျီင်္ကို ပုခုံးပေါ်တင်ပြီး ခမောက်ကလေးနဲ့။

ကျွန်တော်ကလည်း သူ့ကို လှမ်းပြီး အကဲခတ်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ပြီး အကဲခတ်နေတာပဲ။ ပြောရရင် သူ့စတိုင်နဲ့ ကျွန်တော့် စတိုင်က တော်တော်လေးကို ကွာတာ။
သူက ရွာသားပုံစံ စစ်စစ်မှ စစ်စစ်။ ကျွန်တော်က ဂျင်းဘောင်းဘီချက်ပြုတ်နဲ့။
သရဲရုပ်တွေပါတဲ့ တီရှပ်နဲ့။ ဆံပင်က ပုခုံးထိ ၀ဲကျနေတဲ့ စတိုင်နဲ့။ ဝေါကင်းရှူးအသစ်ကလေးနဲ့။
မြို့သား လန်းလန်းဆန်းဆန်းလေး။

သူ...ကျွန်တော့်ကို ငေးပြီး အားကျနေမှာပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အုပ်ခုံပေါ်မှာ ထိုင်နေတာကနေ ထရပ်လိုက်တယ်။
ပြိုင်ဘီး ဘားတန်းပေါ်ကို လက်တစ်ဖက်ထောက်။
ခြေနင်းပေါ်ကို ခြေထောက်တစ်ဖက်တင်ပြီး လက်ထဲက ဆေးလိပ်ကို ဟန်ပါပါနဲ့ တစ်ချက်လောက် ဖွာလိုက်သေးတယ်။
အိုက်တင်လုပ်တာ ဆိုပါတော့။ ပခုံးထိ ၀ဲကျနေတဲ့ ဆံပင်ပျော့ပျော့တွေကို ခေါင်းတစ်ချက် ဆက်ခနဲ့ ခါပြီး နောက်ကို ပင့်တင်လိုက်တယ်။
ဟင်း...ဟင်း..ဟင်း..ပေါ့။

စောစောက နွားကျောင်းသားကို တစ်ချက်စောင်းကြည့်လိုက်တော့ ....ထင်တဲ့ အတိုင်း၊ တွက်ထားတဲ့အတိုင်းပဲ ကျွန်တော့်ကို ရပ်ပြီး ငေးနေလိုက်တာ..အားကျနေတာပဲ ဖြစ်မှာပေါ့ ... ။

ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်တာ မြင်တော့မှ ကဗျာကယာ မျက်နှာလွှဲသွားတာ။
သူ ..ကျွန်တော့်ကို ငေးနေတာ လူမိသွားလို့ ရှက်သွားတာလား မသိပါဘူး။
သူ့နွားကို အော်ဆဲပြီး သူ့ရွာဘက်ကို ကမန်းကတန်း မောင်းသွားတယ်။


အဲ... သူ့ နွားကို အော်မဆဲသွားခင် ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်လိုက်သေးတယ်။
သူ...နွားဆဲတာက ဒီလို..။

" တောက်! ငါ ရိုးမ နွား၊

ကဲ ..ဆဲပစ်လိုက်ပြီ၊

ဘယ် မအေရိုး..ကြားကြား"....တဲ့။

ဟားဟား
အီ ဆိမ့် ...သွားတာပဲ။
အဲဒီနားမှာကဖြင့် သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ထဲရယ်။ သူကတော့ ခပ်တည်တည်ပါပဲ။
ကျွန်တော့်မှာသာ ရယ်ရခက်၊ ငိုရခက်နဲ့။ အူတူတူကြီး ကျန်နေခဲ့တာ။

အမှတ်တရပါပဲဗျာ...။