အကြိုက်ဆုံးကဗျာ

December 21, 2008
ဖိုးဂျယ် TAG ထားတဲ့ ကျွန်တော့်ရဲ့  အကြိုက်ဆုံး ကဗျာပါ

“ပျဉ်းမငုတ်တို”

ဖု ထစ် ရွတ် တွ၊ ငှက်ဠင်းတ သို့
ပျဉ်းမ ငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံ အကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက်။

ကုန်းမို ကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သား ခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ် လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။


မင်းသုဝဏ်


ဖိုးဂျယ် Tag ထားတာကို တွေ့ ပါတယ် ။ မသိချင်ယောင်ဆောင်နေတာပါ။ ဒါပေမယ့် ပို့စ်အကြွေးတစ်ခုလို စိတ်ထဲမှာ ခံစားရပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း “အကြိုက်ဆုံးကဗျာ”လို့ Tag ခံရတာမို့ စိတ်ပါလက်ပါရေးချင်ပါတယ်။
မမြင်ချင်ယောင်ဆောင်ရတာက ဒီလိုပါ။ အကြိုက်ဆုံး ကဗျာကို တော်တော်နဲ့ မစဉ်းစားနိုင်လို့ပါ။
ကျွန်တော် အကြိုက်ဆုံးကဗျာတွေက တော်တော်များများရှိပါတယ်။ တော်တော်လေးကို များပါတယ်။

အဲဒီအထဲကမှ ဆရာ မင်းသုဝဏ်ရဲ့  “ ပျဉ်းမငုတ်တို” ကတော့ စပြီး ဖတ်ဖူးကတည်းက စွဲထင်နေခဲ့တာပါ။
ကျွန်တော် (၇)တန်းလောက်က ဆရာပေးဖတ်လို့ ဖတ်ရတာပါ။ ဆရာက အဲဒီတုန်းက စကားပြေပါ တစ်ခါတည်း ပြန်ပေးခဲ့တာဆိုတော့ ကိုယ့်ဘာသာ နားလည်နိုင်တာထက် ကဗျာလေးရဲ့  အရသာကို ပိုခံစားနိုင်ခဲ့ပါတယ်။
ကြက်သီးမွေးညင်းထခဲ့တဲ့ ကဗျာပါ။
အခုတော့ မထင်မှတ်ဘဲ ဒီကဗျာကို ကိုအောင်သာငယ် ဘလော့ဂ်မှာ တွေ့ လို့ ပြန်ကူးခဲ့တာပါ။
ကိုအောင်သာငယ်ကဖြင့် ကျွန်တော့်ကို သိတောင်သိမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ခွင့်တောင်းခဲ့ပါတယ်။
ကိုအောင်သာငယ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့် အကြိုက်ဆုံးကဗျာလေးကို ရေးခွင့်ဖန်တီးပေးတဲ့ သူငယ်ချင်း ဂျဲဂျယ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့်ရဲ့  သူငယ်ချင်းတွေရဲ့ အကြိုက်နဲ့ ရော တူပါရဲ့ လား မန့်ပေးသွားရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။