Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

အချစ်ဦး..အချစ်စ...အချစ်လယ်..အချစ်ဆုံး....

May 19, 2009
ချစ်သူရည်းစား...တဲ့ ဖိုးဂျယ်က Tag တာပါ.. ကျွန်တော် Tag တွေကို သိပ်များများစားစား မရေးဖူးဘူး... ပြီးတော့ ဒီ Tag ကြီးက နန်းညီပြောသလို ကိုယ့် ပေါင် ကိုယ်လှန်ထောင်းရမယ့် ကိစ္စမျိုး..။ မသကာ အထောင်းမတတ်ရင် ဒွတ်ခ လှလှရောက်မယ့်ပို့စ် မျိုး..။
မတတ်နိုင်ဘူး... ခံရတော့လည်း ရေးပေါ့.. ဟုတ်တယ်လေ.. မရေးရင် ငဂျဲဆိုတဲ့အကောင်က ဘာလုပ်မယ်၊ ညာလုပ်မယ်..နဲ့ ခြိန်းခြောက်ထားတာ..။ ရေးလို့ အဆင်မပြေမှာက နောက်၊.. မရေးရင် ဒွတ်ခပေးမယ့်ကောင် ကိုယ့်ကို ကျားချောင်း ချောင်းနေတာ.. ခြိမ်းခြောက်လိုက်တာကလည်း မိုးကို မွှန်နေတာပဲ...ဒီကောင့်ကို ကြည့်ရတာ အစ္စရေးကို ပါလက်စတိုင်းက အခဲမကျေသလိုမျိုးပဲ..။

ဟုတ်ကဲ့ ..တကယ်ပါ...။
အဲဒီချစ်သူငယ်ချင်း ဖိုးဂျယ်ဆိုတဲ့ကောင်က သူများကို ဒွတ်ခပေးတဲ့နေရာမှာ ရွှေတံဆိပ်ရော ..ကမ္ဘာဖလားရော.. အကုန်ရထားတဲ့အကောင်..။

ကဲ ..အင်ထရိုဝင်တာတောင် တော်တော်ကြာသွားပြီ။ ပြောတော့မယ်ဗျာ..။
ဒါပေမယ့် ဘယ်လိုစ ပြောရမယ်မှန်းမသိဘူး.။ သူများ ဖြေထားတာတွေ သွားကြည့်တော့လည်း ဟုတ်နေတာပဲ..။ ကိုယ့်ကျမှ ဘယ်လို ရေးရမှန်းမသိဖြစ်နေတာ..။
ကျွန်တော်က သူများတွေလို ပထမတစ်ယောက်တို့..၊ ဒုတိယတစ်ယောက်တို့ ဆိုပြီးလည်း မရေးချင်ဘူး၊ အဲဒီတော့ ၀တ္ထုဆရာတစ်ယောက်လို ခေါင်းစဉ်တပ်ပြီးရေးရင် ကောင်းမလားစဉ်းစားမိတယ်..။
ဆရာမင်းလူလား..၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)လား၊ ဆရာနွယ်ဂျာသိုင်းလား မသိတော့ပါဘူး၊ ၀တ္ထုတစ်အုပ်ဖတ်ဖူးတယ်.။
အဲဒီ စာအုပ်ကို ဖတ်မိကတည်းက ငါလည်း ဒီလိုမျိုးလေး ကိုယ့်အကြောင်းကို ပြန်ရေးကြည့်ဦးမယ်လို့ စိတ်ကူးထားတာ..။ ခုတော့ ဖိုးဂျယ် Tag တာနဲ့ အတော်ပဲဖြစ်သွားတယ်..။ ကိုယ့်အရေးအသား..ကိုယ့်ဇာတ်လမ်းကို ဖတ်ကြည့်ပြီး အကြည်တော်တို့ .. နီကိုရဲတို့က ဆက်မရေးရဲတော့မှာလည်း ကြောက်ရသေးတယ်။ ငှင်းငှင်း....

ကဲ..ကဲ.. စပြီ


စာရေးဆရာက သူ့ချစ်သူတွေကို ဒီလို ပြောပြခဲ့ပါတယ်..။

အချစ်ဦး၊
အချစ်စ၊
အချစ်လယ်၊
အချစ်ဆုံး တဲ့ ..

အချစ်ဦး

ကျွန်တော့်ရဲ့ အချစ်ဦးကို စတွေ့တော့ ကျွန်တော် (၈)တန်းနှစ်မှာပါ၊ ကောင်လေးက ငယ်ငယ်လေးနဲ့ နန့်တယ်လို့ မထင်ပါနဲ့နော်.. ။ တကယ်ဆို ကျွန်တော် ရည်စားထားချင်စိတ်ပေါ်တာ နောက်တောင် ကျနေပါပြီ..။ ကျွန်တော့်သူငယ်ချင်းတွေဆို (၆)တန်းနှစ်လောက်ထဲက ရည်းစားရှိပြီးသားတွေ ချည်းပဲ။
ကျွန်တော်ကသာ အဲဒီအချိန်မှာ ဘောလုံးဘက်ကို စိတ်ရောက်နေလို့ အဲဒီကိစ္စတွေနည်း နည်းနည်း အလှမ်းကွာသွားတာ..။

ကြာကြာတော့ မခံပါဘူး။ (၈)တန်းနှစ်ရဲ့ သီတင်းကျွတ် ညတစ်ညမှာ အဲဒီကောင်မလေးကို စတွေ့ပါတယ်။ သိတယ်မို့လား..။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရဲ့ သီတင်းကျွတ်ည ဆိုတာက အရမ်းစည်ကားတာ..။ မြို့ထဲမှာ စတိတ်ရှိုးကားတွေ လည်ကြည့်နေတုန်း အဲဒီကောင်မလေးကို စတွေ့ခဲ့တာပါ..။ ကောင်မလေးက သိပ်လှတာပဲ..။ အဲဒီတော့ ဘာဖြစ်သလဲ...။

ဟာ! ...
ကျွန်တော့် မျက်ဝန်းမှာ လမင်း (၇) စင်းသာသွားတယ်..။
(အဲဂလို ဖြစ်သွားတာပါ....ဟီးဟီး..နည်းနည်းပိုသွားတယ်..အဲဒီတုန်းကတော့ ပိုတယ်လို့ မထင်ပါဘူး..တကယ်)

သူ့နောက်ကို လိုက်ကြည့်မယ်ဆိုပြီး သူငယ်ချင်းတွေကို ပြောတော့..သူငယ်ချင်းတွေက လိုက်ကွာ ဆိုပြီး အားပေးတယ်..။ အားပေးမှာပေါ့ .... အားလုံးထဲမှာ အဲဒါတွေ စိတ်မ၀င်စားတာ၊ ရည်းစားမရှိတာက ကျွန်တော်တစ်ယောက်တည်း ရှိတာကိုး။ မသကာ ကျွန်တော်က သူတို့ အိမ်ကို ပြန်တိုင်ရင် မခက်ဘူးလားဆိုပြီး သူခိုးသေဖော်ညှိ လုပ်ပေးတာ..။ ကျွန်တော်ကလည်း သူတို့ မြောက်ပေးတာကို အဟုတ်အောင့်မေ့ပြီး ကောင်မလေးသွားရာနောက် တစ်ကောက်ကောက်လိုက်ကြည့်တယ်။

မှတ်မှတ်ရရ..သူငယ်ချင်း ဇေယျာလင်းဆိုတဲ့ ကောင်က ဒီလိုသင်ပေးခဲ့ပါတယ်။
``ဟေ့ယောင် ..ငပိုင်...
မင်း သူ့နောက်ကို ဒီအတိုင်းပဲ လိုက်ကြည့်မနေနဲ့ ..
အကျိုးရှိအောင် တစ်ခုခုတော့လုပ်..
သူ့ကို မင်းလိုက်နေတယ်ဆိုတာ သူသိသွားအောင်...လုပ်..
အဲဒါမှ မင်းကို သူ အသိအမှတ်ပြုသွားမယ်...ဒီနေ့က အင်ထရိုပေါ့ကွာ´´..တဲ့...
နောက်နေ့မှ အဲဒီကောင်မလေးရဲ့ ကျောင်းကို လိုက်စုံစမ်းပေးမယ်..တဲ့..။

သူတို့က အဲဒီအချိန်မှာ ကျွန်တော့်ထက် သမ္ဘာကျတယ်လေ..အဲတော့ သူတို့ခိုင်းတာ လုပ်ရပါတော့တယ်..။
ဟုတ်တယ်လေ... ကောင်မလေးကျွန်တော့်ကို သတိမထားမိ ထားမိအောင် ကြံရတော့တာပေါ့..။
ကောင်မလေး ..ကျွန်တော့်ကို သတိထားမိအောင် သူ့နားမှာ ရစ်ဝဲရစ်ဝဲလုပ်ပြီး အိုက်တင်တွေ လုပ်ပြပါတယ်.။

``ဟေ့ယောင် ငပိုင် ..ကောင်မလေး မင်းကိုကြည့်ရင် လက်ပြကွာ´´..တဲ့..
မင်းမင်းလတ်ဆိုတဲ့ကောင်က အကြံပေးတာ..။

ဒီကလဲ ဘယ်ရမလဲ၊ လက်ပြဆို ပြတာပေါ့..။
သူတို့က ကိုယ့်ထက် ဆရာကျတယ်လေ..
ကိုယ်က အဲဒီအချိန်မှာ ကျောင်းသားရယ်..ကျောင်းသားတောင်မှ ကျောင်းသားသစ်လေးဆိုပါတော့ .....။

ဒါနဲ့ပဲ.... ကောင်မလေး ..ကျွန်တော့်ဘက်ကို လှည့်ကြည့်တာနဲ့ ကြုံရင် လက်ပြရတာပေါ့..။
“ ဟာ... ငပိုင်.. မင်းကို ကောင်မလေးက ပြန်ကြည့်နေတယ်နော်... အခြေအနေကောင်းတယ်ကွ”တဲ့ ..
ကြပ်ပေးနေကြတာလေ.. ဒီကလည်း ကြပ်ပေးမှန်း သိသားပဲ..
သိသိကြီးနဲ့ပဲ.... ခေါင်းလေးမော့ပြီး...
“...ဟင်း..ဟင်း.. အဲလိုပဲ ဖြစ်နေရမှာပေါ့ကွာ..ငါက ငပိုင်ပဲ....”ဆိုပြီး.. အ၀ှါ တက်ပြလိုက်သေးတယ်..
( တကယ်တော့ ကောင်မလေးက ကျွန်တော့်ကိုကြည့်တာ မဟုတ်ဘူး ..။ လူတွေက အရမ်းစည်တာဆိုတော့ ဟိုဟိုဒီဒီ မျက်စေ့ကစားတာ .. အဲဒါကို ကျွန်တော်က ကျွန်တော်တို့ကို ကြည့်တယ်ပေါ့...ငှင်းငှင်း)

ခက်တာက ကောင်မလေး ကျွန်တော့်ဘက်ကို လှည့်ကြည့်လို့ ကျွန်တော်က လက်ပြလိုက်ရင် .. ကောင်မလေးက ဟိုဘက်ကို ပြန်လှည့်သွားပြီ..အဲဒီတော့ ကျွန်တော်လက်ပြတာကို ကောင်မလေးက မမြင်တော့ဘူးပေါ့..။
အဲလိုပဲ ကောင်မလေးက လှည့်ကြည့်လိုက်..
ကျွန်တော်က လက်ပြလိုက်...
ဟိုဘက်ကို ပြန်လှည့်သွားလိုက်နဲ့...လည်ထွက်နေတာလေ..

အဲဒီမှာ ကျွန်တော့်ရဲ့ လက်ဦးဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဟိန်းဆိုတဲ့ကောင်က ..ဒီလို အကြံပေးပါတယ်..

``ဟေ့ကောင်..မင်းက အဲလို သူကြည့်မှ လက်မြောက်ပြရင် ဘယ်လိုလုပ်ပြီး မင်းပြတာကို မြင်တော့မလဲကွ..ဒီလိုလုပ်.. မင်းလက်ကို မြောက်ထား..၊ ပြန်မချနဲ့..အဲဒါဆို သူလှည့်ကြည့်ရင် မင်းလက်မြောက်ပြတာ မြင်ပြီးသား .. ဟုတ်ဘူးလား´´..တဲ့..

အင်...ကျွန်တော် နည်းနည်းတော့ လေသွားတယ်.. စဉ်းစားကြည့်ဦးလေ..ကောင်မလေးက တကယ်ဆို ကျွန်တော့်ကို လှည့်ကြည့်တာလဲ မဟုတ်ဘူး.. သူဘာသာသူ ဟိုကြည့်ဒီကြည့်နဲ့ မျက်လုံးက ကျွန်တော့်ဘက်ကို ရောက်လာတာပဲဟာကို...ပြီးတော့ ကျွန်တော်တို့ ဘေးနားမှာကဖြင့် လူတွေက အများကြီးရယ်..
အဲလို လက်ကြီး မြောက်ပြီး ကောင်မလေး သွားမယ့် နေရာတကာကို လိုက်နေရမှာကတော့ နည်းနည်းကြောင်တာပေါ့..။

ကျွန်တော် ကမန်းကတမ်း အိုက်တင်လျှော့ပြီး ငြင်းရတယ်..
ဒါပေမယ့် မရပါတော့ဘူး..။
``မင်းကလဲကွာ..သူ ငါ့ကို မြင်ပါတယ်..´´
``မမြင်ဘူးဟေ့ကောင်.. ဘာလဲ မင်းက ရှက်နေတာလား..၊ ဟေ့ကောင် အချစ်မှာ မျက်ခွက်မရှိဘူးဆိုတာ မသိဘူးလား.´´တဲ့
အင်း..ကျွန်တော့် ဆရာပညာရှိက ပြောတဲ့ စကားပုံလေ...သူများကြားရင် ဗန်းစကားနဲ့ အဆန်းထွင်ပြောတယ် ထင်ဦးမယ်..ဟုတ်ဘူး အဲကောင်က အဲလို သောက်တလွဲပဲ ပြောတတ်တဲ့ကောင်..။
ကျွန်တော်လည်း အရစ်ရှည်နေမှာစိုးလို့ ပြန်ပြောမနေတော့ဘူး..သူတို့က ဆရာတွေမို့လား..

မြောက်ဆိုတော့လည်း မြောက်ရတာပေါ့..
ကောင်မလေး သွားရာနောက်ကို လက်နှစ်ဘက်မြောက်ပြီး လျှောက်လိုက်နေရတယ်...။
(ဟီးဟီး ....ပေါရဲတယ်နော်...ခုထိ မြင်ယောင်နေသေးတယ်.. သီတင်းကျွတ်လပြည့်နေ..လူတွေ ဒီလောက်ကြိတ်ကြိတ်တိုးနေတဲ့ အချိန်မှာ လက်ကြီးမြောက်ပြီး အဲဒီကောင်မလေး သွားတဲ့နောက်ကို ပတ်လိုက်နေရတာလေ.. ဟိုလူက ကြည့်သွားလိုက် ..ဒီလူက ကြည့်သွားလိုက်နဲ့.. ရှက်ပါဘူးနော်... သူငယ်ချင်းကတောင် ပြောသေးတယ် အချစ်မှာ မျက်ခွက်ရှိဘူး” ..ဆိုတာလေ..
(မျက်ခွက်ရှိရင်တောင် တော်တော် ပြောင်လို့ နေမှာပေါ့နော်.... သက်သက်ညှာညှာလေးတော့ ကောက်ချက်ချပေးပါဗျို့.....)

ဟုတ်ကဲ့.... အချစ်ဦးက အဲလို စတွေ့တာပေါ့
(နိမိတ်ပဲ ထင်ပါရဲ့ဗျာ .. နောက်ပိုင်းမှာတော့ သူ့ကို ကျွန်တော်တကယ် လက်မြောက်ခဲ့ရပါတယ်။)

သီတင်းကျွတ်ပိတ်ရက်ပြီးလို့ ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ အဲဒီကောင်မလေးကို ရှာပုံတော်ဖွင့်ကြပါတယ်...
ပထမဦးဆုံး စတွေ့တဲ့နေ့က အဲဒီကောင်မလေးကို အိမ်အထိ လိုက်ကြည့်ထားတာမို့ ..ကျောင်းစဖွင့်ရက် မနက်စောစောမှာ သူငယ်ချင်း သုံးယောက် အဲဒီအိမ်ရှေ့မှာ မယောင်မလည်နဲ့သွားရပ်ကြပါတယ်..။ သိပ်လဲ အရဲမကိုးရဲဘူး...။ သူတို့အိမ်က ဘယ်သူတွေ ရှိလို့ရှိမှန်းလည်း မသိဘူး.. ။ မောင်တွေ အစ်ကိုတွေ ရှိရင် ကိုယ်က နာမှာ..။ ပြီးတော့ အဲရပ်ကွက်က ကိုယ်နဲ့ သိပ်ကြည်တဲ့ ရပ်ကွက်မဟုတ်ဘူး..။ ..
အဲ ..ကံကောင်းချင်တော့ သူတို့အိမ်ရှေ့တည့်တည့်မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရှိတယ်ဗျ..။ ကျွန်တော်တို့မြို့ နယ်တွေရဲ့ ထုံးစံက ကျွန်တော်တို့ အရွယ်တွေဆိုရင် လဘက်ရည်ဆိုင်တွေ ဘာတွေ သိပ်ထိုင်လို့ မကောင်းသေးဘူး.။ အဲဒီတော့ ဆံပင်ညှပ်ဆိုင်တွေမှာပဲ များသောအားဖြင့် ထိုင်ကြတယ်..။ အဲဒီဆိုင်ကိုလဲ စကားရော ဖွဲရောလုပ်ပြီး ဆိုင်ရှေ့က တန်းလျားမှာ ၀င်ထိုင်ပြီး ကောင်မလေးကို အကဲခတ်ကြတယ်..။

အမငီး..
ကောင်မလေး အိမ်ထဲကလဲ ကျွန်တော်တို့ကို ပြန်အကဲခတ်နေတာဗျ..။
ကောင်မလေးတော့ မဟုတ်ဘူး..။ သူတို့ အမေကြီးထင်တယ် အန်တီကြီးတစ်ယောက်ဗျ..။ ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတာ..။
သေပြီ..ဆရာပေါ့.. ကျွန်တော် ကတုန်ကယင်တောင်ဖြစ်လာတယ်..။ စောစောက အိမ်ရှေ့က သုံးခေါက်လောက်ဖြတ်ပြီး သူတို့အိမ်ဘက်ကို ကြည့်တာများ မြင်သွားလို့လား.။ ဟိုတစ်နေ့က ည ကတည်းက ကျွန်တော့်ကို သိနေတာလား..။ ထွက်များ ရိုက်မလားပေါ့.။ ဟိုကောင်တွေက တော့ ကျွန်တော့်ကို မသိမသာ လက်ကုတ်တယ် ..။ မကြောက်နဲ့ပေါ.။ ပြောသာပြောတာ ဒီကောင်တွေလည်း ကြောက်နေတာပဲ. ။ မသိဘဲနေမလား.. ဒီလောက် မျက်စေ့ပျက် မျက်နှာပျက်ဖြစ်နေတာကို..။ ကျွန်တော့်ရှေ့ မှာသာ ဆရာဂုဏ်ထိခိုက်မှာစိုးလို့ မကြောက်ချင်ယောင် ဆောင်နေကြတာ..။

အန်တီကြီးက ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်လိုက်...။ အိမ်ထဲဘက်ကို လှည်ပြီး တိုးတိုး..တိုးတိုးပြောလိုက်..လုပ်နေတာ..။ သေချာပါတယ်..။ ကျွန်တော်တို့ကို သူသိသွားတာတော့ သေချာပြီ..။
ကျွန်တော်က ပြေးချင်နေပြီ..။ ဟိုကောင်တွေက နေဦး။ ဟန်မပျက်စေနဲ့ ဆိုပြီးအတင်းဆွဲထားလို့သာ ထိုင်နေရတာ..ဒူးက တုန်နေပြီ..။

အဲဒီမှာပဲ အန်တီကြီးက တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးပုံနဲ့ အိမ်အပြင်ဘက်ကို ထွက်ချလာပါလေရော..။
``ဟေ့..သူငယ် သုံးယောက် ..ခဏလာပါဦးကွယ်´´တဲ့..
သေပြီ...ပဲ..။
ဟိုနှစ်ကောင်က ပြောတုန်းကသာ ဆရာကြီးလေသံနဲ့ မကြောက်နဲ့တွေ ဘာတွေပြောနေတာ.. ဘွားတော်ကြီးလဲ ထွက်ခေါ်ရော..ကြောက်လိုက်တာမှ ရုပ်ပျက်ဆင်းပျက်ပဲ..

ကျွန်တော် အဘွားကြီးမျက်နှာကို သေချာကြည့်လိုက်တော့မှ အဖွားကြီးက ကျွန်တော်တို့ ထင်သလို မဟုတ်လောက်ဘူးဗျ.. အသံလေးကို ချိုနေတာပဲ .. မျက်နှာလေးက ပြုံးလို့ ..
ဒါနဲ့...ကျွန်တော်လည်း အရဲစွန့်ပြီး မေးလိုက်တယ်..
“အန်တီ.. ဘာဖြစ်လို့လဲ ခင်ဗျ..” ..ဆိုတော့မှ
“အားတော့နာပါတယ်ကွယ်...”..တဲ့.....
“အန်တီ့ကို တစ်ခုလောက် ..ကူညီပါ..ရေစည်ပိုင်း နေရာရွှေ့ချင်တာ ..လူမရှိလို့ ပါ..”တဲ့..
အမငီး.. ...........အဲဒီနေ့က မနက်တစ်ပိုင်းလုံး ရေစည်ပိုင်းရွှေ့လိုက်တာနဲ့ အချိန်ကို ကုန်ရော..
ရေစည်ပိုင်းက ၅ လုံးလောက်ရှိတာလေ.. အဘွားကြီးကလည်း အရစ်က ရှည်ရှည်ရယ်.. အားလည်း မနာတတ်ဘူး.......
“ဟိုနားကနေ..ဒီနားရွှေ့ပါ.. ဒီနားကနေ ဟိုနားရွေ့ပါ....
ဟင့်အင်း နေရာ မကျသေးဘူး..အိမ်ဘေးကိုပဲ ရွှေ့လိုက်ပါတော့.. မထူးပါဘူး .. အဲဒီတစ်လုံးက မီးဖိုချောင်နားကို တစ်လက်စတည်းသာ ရွှေ့ပေးခဲ့ပါ.. သားတို့ရယ်.....” ဆိုပြီး.... မောင်းလိုက်တာ..
မသိတဲ့သူဆို အငြိုးနဲ့ ခိုင်းတယ်တောင် ထင်ဦးမယ်.. တစ်မနက်လုံးကို သေချင်စော်တောင် နံသွားတယ်...

ဗျာ !.....
ကျွန်တော့်ကောင်မလေးလား .. ?
အင်း ..ဟုတ်ကဲ့...”
ကျွန်တော်တို့ ရွှံ့ အလူးလူး ဗွက်အပေပေနဲ့ ရေစည်ပိုင်းတွေ လှယ်ပြီး ရွှေ့နေတဲ့ အချိန်မှာပဲ ..ကျောင်းဝတ်စုံလေး ၀တ်ပြီး ထွက်သွားလိုက်တာ ..ကော့နေတာပဲ..
ကျွန်တော့်ကိုများ တစ်ချက်ကလေးတောင် လှည့်ကြည့်သွားတာ မဟုတ်ပါဘူး..
သူတို့အိမ်က မာလီတွေ အလုပ်လုပ်နေတာကျနေတာပဲ..

ကျွန်တော်တောင်...... ရေစည်ပိုင်းကြီးကို လိမ်ဖယ်..လိမ်ဖယ် တွန်းရွှေ့ရင်း “တောက်” ခေါက်မိသေးတယ်..
“တွေ့ကြသေးတာပေါ့ကွာ.. ရည်းစားများဖြစ်လို့ကတော့”....လို့

အဲဒီရက်တွေနောက်ပိုင်းမှာ .. အဲဒီကောင်မလေးကို အသေအလဲ လိုက်ပါတယ်........။
အဆင်မပြေပါဘူးဗျာ.။ ကောင်မလေးက မာနခဲလေး..။ ကျွန်တော့်ကို မြင်ရင် ထွက်ပဲ ပြေးနေတော့တာပဲ..။ ဘယ်လိုမှ နီးစပ်အောင် လုပ်လို့မရဘူး..။

အဲဒီမှာ ကျွန်တော့်ထက် ဆရာကျတဲ့ ကျွန်တော့်သူငယ်ချင်းတွေက ကောင်မလေးနဲ့ အဆင်ပြေဖို့ အားလုံးဝိုင်းပြီး ဗျူဟာတွေ ချမှတ်ပေးကြပါတယ်။
“ ဒီလို လုပ်ရတယ်ကွ.. ကောင်မလေးနဲ့ ရင်းနှီးအောင် အရင်ကြိုးစားလိုက်ဦး.. ပြီးမှ တစ်ဆင့်ချင်းတက်တာ အကောင်းဆုံးပဲ..အပိုင်ချည်လိုက်ပေါ့ကွာ.. ကိုယ့်အိပ်ထဲက ဖား..မင်း ပြားစေချင်လား ဖောင်းစေချင်လား..”တဲ့..
ကဲပေါ့.. ကျွန်တော်က တပည့်ပဲ ..သူတို့ ခိုင်းတာ လိုက်လုပ်ရမှာပေါ့..။

တစ်ကောင်က ဒီလို အကြံပေးပါတယ်.။ ကောင်မလေးနဲ့ ရင်းနှီးအောင် လုပ်ဖို့ပါ..။
သူကြည့်တဲ့ ဗွီဒီယိုကားထဲမှာတဲ့..
မင်းသားလွင်မိုးက မင်းသမီးနဲ့ ရင်းနှီးမှုရအောင်..တဲ့..
မင်းသမီးရဲ့ရှေ့ မှာ လမ်းလျှောက်ပြီး ပိုက်ဆံအိပ် ထွက်ကျချင်ယောင်ဆောင်တယ်..တဲ့..မင်းသမီးက ပြန်ကောက်ပြီးပေးတော့မှ ကျေးဇူးတင်ပါတယ်.. ကျေးဇူးဆပ်ပါရစေ..တစ်ခုခုစားပါ..ဘာညာ..ဘာညာ..ဆိုပြီး ရင်းနှီးသွားရော...တဲ့...

ဟဲဟဲ..ကျွန်တော်လည်း အဲဒီဇာတ်လမ်းကို သဘောကျသွားတယ်..ဆိုပါတော့..
ဒါ...ဖြစ်နိုင်တယ်လေ..
အဲဒါနဲ့.. မြို့ထဲက စာရေးကိရိယာဆိုင်မှာ အကောင်းစားကွန်ပါဘူး လှလှလေးဝယ်..
ဘောလ်ပင် အကောင်းစားတွေ ရောင်စုံဝယ်ထည့်.. ကျွန်တော့်နာမည်ကို လှလှလေးရေးပြီး..ကွန်ပါဘူးမှာ ကပ်..
မောင်မိုးသား..အဌမတန်း (A)...ဆိုပါတော့..

အားလုံးပေါင်း.. ပိုက်ပိုက်လည်း တစ်ထောင်ကျော် ကုန်သွားတယ်..
အဲဒီတုန်းက ပိုက်ပိုက် တစ်ထောင်ဆိုရင် အများကြီးသုံးလို့ ရတယ်လေ..
ထားပါလေ..ဒီပိုက်ပိုက်လောက်ကတော့ ..ချစ်သူတစ်ယောက်ရဖို့ ဒီလောက်တော့ ရင်းရမှာပေါ့..

ဒါနဲ့ပဲ ..ကောင်မလေး လာမယ့်လမ်းကို စောင့်ရတယ်. ..
ကြံရွယ်ထားတဲ့ မနက်မှာ အဲကောင်မလေး ကျူရှင်မလာဘူး..ညနေ ကျူရှင်ချိန်ကို ပြန်စောင့်ရတယ်..။
အမယ်..အမယ်.. သူလာပါပြီ..
ဂျင်းစကပ်အတိုလေးနဲ့ . ..ဖီးဆင့်န့် စက်ဘီးလေးစီးပြီးတော့..
အင်း..ကျွန်တော်က ကြာကြာငမ်းလို့ မရဘူးဗျ..သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ကွန်ပါဘူးကို ထွက်ကျပေးခဲ့ရမှာကိုးးး...
ပြီးရင်တော့ ..သူက ကွန်ပါဘူးပြန်ပေး.. ကျွန်တော်က ကျေးဇူးတင်..သူ့ကို ကျွန်တော်က အအေးတိုက်..
ဟဲဟဲ.. ဇာတ်က အားလုံးကွက်တိ....

သူကျွန်တော့်တို့ အနား မရောက်ခင် ခပ်လှမ်းလှမ်းမှာ ကျွန်တော်က လမ်းပေါ်ကို စက်ဘီးကို တွန်းတင်လိုက်တယ်..
သူ့ကို လုံးဝ လှည့်မကြည့်ပါဘူး..။ ကျွန်တော် စက်ဘီးပေါ်တက်ခွ.. နမော်နမဲ့ အိုက်တင်နဲ့ ကွန်ပါဘူးကို လမ်းပေါ် ပစ်ချလိုက်တယ်..။
“ဂွက်”..တဲ့ ကွန်ပါဘူး ပြုတ်ကျတဲ့အသံလေ..
ကျွန်တော်လည်း ဇွတ်ကြီး မကြားချင်ယောင်ဆောင်ပြီး စက်ဘီးကို ဆက်နင်းခဲ့တာ.. တော်တော်ဝေးဝေးအထိပဲ..
တော်တော်ကြာမှ အဲနေရာကို တစ်ခြားလမ်းက ပတ်ပြီး ပြန်လာတော့.. သူငယ်ချင်းတွေ စောင့်နေတာကိုတွေ့တယ်..။
တစ်ကောင်က အဝေးကြီးကနေ.. လက်မ ထောင်ပြတယ်..။ အိုကေ..ပေါ့..။
ကောင်မလေးက ကျွန်တော့်ကွန်ပါဘူးကို ဆင်းကောက်သွားတယ်..။ ဒီကောင်တွေက အဲနားမှာ အခြေအနေကို ချောင်းကြည့်ပြီး ကျန်ခဲ့တာလေ..။

ကျွန်တော်..ပျော်သွားတယ်..။ ကျွန်တော်တို့ ဗျူဟာ ပထမအဆင့် အောင်မြင်သွားပြီဆိုပါတော့.. ည ကျတော့ အိပ်တောင် မပျော်ဘူး..။ နောက်နေ့ ကောင်မလေးကို ဘယ်ဆိုင်မှာ လိုက်ကျွေးရမလဲ စဉ်းစားနေတာနဲ့..။ ပိုက်ဆံကလည်း ရှာထားရသေးတယ်..။ ကျွန်တော်က သူ့ကို ဆိုင်ကောင်းကောင်းမှာ ကျွေးချင်တာလေ..။

ဒီလိုနဲ့ .. (၃)ရက်လောက် ကြာသွားတယ်..။ ကျွန်တော့် ရင်ခုန်သံက ပိုတိုးတိုးလာတယ်.။ သူ ..ဘယ်အချိန်လာမလဲပေါ့..။
လက်ထဲမှာ ရှိတဲ့ပိုက်ဆံ သူမလာခင် မကုန်သွားအောင်လည်း ဂရုစိုက်ရသေးတယ်..။ သူကလည်း ကျွန်တော့်အခန်းကို မလာရဲလို့များလားပေါ့..။
သူ ..ရှိမယ့် နေရာတွေကို သွားတယ်...။ သူ့ကို ကိုယ်ယောင်ပြတယ်.။ သူ့ ကျူရှင်ရှေ့မှာ မယောင်မလည် လုပ်တယ်..။
ဟင့်အင်း...
တစ်ပါတ်...ပြီးတော့ ..ဆယ်ရက်..
အချိန်တွေသာ ကြာသွားတယ်..ကောင်မလေးက ရောက်မလာဘူး..။ ကျွန်တော်တို့လည်း ဇဝေဇ၀ါဖြစ်သွားတယ်..။ ကွန်ပါဘူးကို ကောက်သွားတာလည်း သေချာပါတယ်..။ ဘာဖြစ်လို့များလဲပေါ့..။ တကယ့် ဇာတ်ဝင်ခန်းနေရာကျမှ ထစ်နေတယ်.. ကောင်မလေးရယ် လာပါတော့..။

မလာဘူးဗျာ... အဲဒီ ကွန်ပါဘူးလဲ ပြန်မရတော့ဘူး...။
ပိုက်ပိုက် တစ်ထောင်ကျော်လည်း ဆုံးရောပဲ..
ကောင်မလေးက ဘယ်သူမှ မမြင်ဘူးဆိုပြီး အဲကွန်ပါဘူး ပြန်မပေးတော့တာ..။
ကျွန်တော့်မှာ သူငယ်ချင်းတွေ ကြားထဲမှာ ရှက်လိုက်တာ..။
အဲလိုနဲ့ပဲ ကျွန်တော့်ရဲ့ အချစ်ဦးက ဇာတ်သိမ်းသွားတော့တယ်.။
ကျွန်တော် သူ့ကို မချစ်တော့ဘူး...။ မချစ်ချင်တော့ဘူး..။
တစ်ခုပဲ ရှိတယ်..။
သူများတွေ ချစ်ဦးသူအကြောင်း အရသာခံပြီးပြောရင် ကျွန်တော်ကတော့ အဲဒီကွန်ပါဘူးလေးကိုပဲ ပြန်ပြန်မြင်ယောင်ရင်း နှမြောနေမိတော့တယ်...။


အချစ်စ....ကို ဆက်ပါမည်..။




ရေးရင်းနဲ့ ရှည်သွားပြီဗျာ.. မထူးတော့ပါဘူး.. နောက်ရက်တော့ ဆက်ရေးပါ့မယ်.. ခုအိပ်ချင်နေပြီ..
(မိုးသားရဲ့ အကျင့်အတိုင်း ..ဆက်ရန်ပေါ့နော်.. သီးခံကြပါ ..ကွယ်..ရို့....)

အကြိုက်ဆုံးကဗျာ

December 21, 2008
ဖိုးဂျယ် TAG ထားတဲ့ ကျွန်တော့်ရဲ့  အကြိုက်ဆုံး ကဗျာပါ

“ပျဉ်းမငုတ်တို”

ဖု ထစ် ရွတ် တွ၊ ငှက်ဠင်းတ သို့
ပျဉ်းမ ငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံ အကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက်။

ကုန်းမို ကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သား ခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ် လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။


မင်းသုဝဏ်


ဖိုးဂျယ် Tag ထားတာကို တွေ့ ပါတယ် ။ မသိချင်ယောင်ဆောင်နေတာပါ။ ဒါပေမယ့် ပို့စ်အကြွေးတစ်ခုလို စိတ်ထဲမှာ ခံစားရပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း “အကြိုက်ဆုံးကဗျာ”လို့ Tag ခံရတာမို့ စိတ်ပါလက်ပါရေးချင်ပါတယ်။
မမြင်ချင်ယောင်ဆောင်ရတာက ဒီလိုပါ။ အကြိုက်ဆုံး ကဗျာကို တော်တော်နဲ့ မစဉ်းစားနိုင်လို့ပါ။
ကျွန်တော် အကြိုက်ဆုံးကဗျာတွေက တော်တော်များများရှိပါတယ်။ တော်တော်လေးကို များပါတယ်။

အဲဒီအထဲကမှ ဆရာ မင်းသုဝဏ်ရဲ့  “ ပျဉ်းမငုတ်တို” ကတော့ စပြီး ဖတ်ဖူးကတည်းက စွဲထင်နေခဲ့တာပါ။
ကျွန်တော် (၇)တန်းလောက်က ဆရာပေးဖတ်လို့ ဖတ်ရတာပါ။ ဆရာက အဲဒီတုန်းက စကားပြေပါ တစ်ခါတည်း ပြန်ပေးခဲ့တာဆိုတော့ ကိုယ့်ဘာသာ နားလည်နိုင်တာထက် ကဗျာလေးရဲ့  အရသာကို ပိုခံစားနိုင်ခဲ့ပါတယ်။
ကြက်သီးမွေးညင်းထခဲ့တဲ့ ကဗျာပါ။
အခုတော့ မထင်မှတ်ဘဲ ဒီကဗျာကို ကိုအောင်သာငယ် ဘလော့ဂ်မှာ တွေ့ လို့ ပြန်ကူးခဲ့တာပါ။
ကိုအောင်သာငယ်ကဖြင့် ကျွန်တော့်ကို သိတောင်သိမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ခွင့်တောင်းခဲ့ပါတယ်။
ကိုအောင်သာငယ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့် အကြိုက်ဆုံးကဗျာလေးကို ရေးခွင့်ဖန်တီးပေးတဲ့ သူငယ်ချင်း ဂျဲဂျယ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့်ရဲ့  သူငယ်ချင်းတွေရဲ့ အကြိုက်နဲ့ ရော တူပါရဲ့ လား မန့်ပေးသွားရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။

ခေါင်ခေါင်က Tag..မိုးသားက ဖြေ

October 26, 2008
တကယ်တော့ ဘလော့ဂ်ရေးချင်လို့သာ ရေးတယ်.. ဘလော့ဂ်ဂါတွေလို အမြဲတမ်း အမြဲတမ်း မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်က ဘလော့ဂ်ဂါမဖြစ်သေးတဲ့ သူပါ။ စိတ်ထဲမှာ feel ဖြစ်တဲ့အခါ ရေးတယ်။ မဖြစ်တဲ့အခါ မရေးချင်ဘူး။ ဒါကြောင့် ပို့စ်တွေက ကြာတက်တယ်။ ပြီးတော့ ကျွန်တော်က စာရေးလည်း သိပ်မကောင်းဘူး။ ပေါင်းသင်းဆက် ဆံရေးလည်း ညံ့တယ်ဗျ ။ ကျွန်တော့် ခေါင်းစဉ်လိုပဲ ကိုယ့်နေရာမှာပဲ ကိုယ်ပျော်နေခဲ့တာပါ။ ဒါပေမယ့် ရှားရှားပါး ပါးသူငယ်ချင်းက Tag ထားတော့ နည်းနည်းတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အံမယ် ...ငါ ဘလော့ဂ်ဂါများဖြစ်နေပြီလားလို့ပါ။
(ဟားဟား)

သူငယ်ချင်းခေါင်ရေ..
Tag တဲ့အတွက်လည်း ကျေးဇူးပါ။
ကိုယ်ကတော့ ပြန် Tag စရာ သူငယ်ချင်း သိပ်များများစားစားမရှိဘူးကွာ။
ကိုယ့်ဆီလာတဲ့သူတွေကိုပဲ ပြန် Tag လိုက်ရင်ကော...
မလုပ်ပါနဲ့ ကွာ... နောက်တစ်ခါ မလာဘဲ နေမှာစိုးလို့ပါ...


ခေါင်ခေါင်ဆိုတဲ့ .. တစ်ယောက်ကလေ.....

၁။ ကျွန်တော်နဲ့သူ ဘယ်လို ပတ်သတ်သလဲဆိုတော . . .

သိပ်မကြာခင်ကမှ ခင်မင်ခဲ့တဲ့ သူငယ်ချင်းပါ။ သူ့ကို ကျွန်တော်ကပဲ add လုပ်ပြီး စကားပြောဖြစ်တယ်။ (အမှန်ကတော့ ဘလော့ဂ်လုပ်ဖို့ မေးတာပါ....)

၂။ သူ့ ကို ကျွန်တော်က ဒီလိုထင်တယ် .....
ကြောက်စရာ ..ကောင်းတယ်။
တော်တော် စိတ်ကြီးပုံပဲ။
ပွင့်လင်းတယ်။
ကဗျာဥာဏ်ရှိတယ်။
ဘော်ဒါစိတ်တော့ ရှိတယ်။

၃။ ကျွန်တော့်အတွက် အမှတ်တရဖြစ်အောင် သူလုပ်ပေးခဲ့တာ ....
ဘာမှ မရှိဘူး။
ဆောရီး...ဆောရီး............ ရှိတယ်ဗျို့ ။
အခု ကျွန်တော့်ကို ခင်မင်ချိန်မကြာသေးပေမယ့် ရင်းရင်းနှီးနှီး Tag တာပါ။

၎။အမှတ်တရ အဖြစ်ဆုံး သူပြောခဲ့တဲ့ စကား-
ဆဲချင်လို့ ဆဲတယ်တဲ့....။
(သူ့ ... သူဌေးကို ပေါက်ကွဲနေတဲ့နေ့ကလေ...)

၅။ ခေါင်ခေါင်သာ (မတော်တဆ) ကျွန်တော့်ချစ်သူ ဖြစ်လာခဲ့ရင် ......
ကျွန်တော် တော်တော် သည်းခံရမယ့်ပုံပဲ။
ဒါပေမယ့် သူက သူ့အမှားကိုသိရင် အလွယ်တကူပြင်ပေးတတ်တဲ့ အတွက် ...
တောင်းပန်ဖို့ ၀န်မလေးတဲ့အတွက် .... ကျွန်တော်ကလည်း သည်းခံပေးမှာပါ။
(သူနဲ့ ရန်ဖြစ်ရရင် ပျော်စရာကောင်းမယ်လဲ ..ထင်လို့ဗျ)

၆။ ချစ်သူတွေ ဖြစ်ရင် ဒီလိုနေပေးရမယ်နော် ခေါင်ခေါင် ........ ကြားလား....
ကျွန်တော့်ကို စိတ်ဆိုးတဲ့အခါ ... ကျွန်တော် မိဘရယ် ... ဂုဏ်သိက္ခာရယ်....ယောကျာ်းမာနရယ်ကို မထိခိုက်အောင် ပြုမူပြောဆိုနေထိုင်ပေးရမယ်။ ပြီးတော့ အကြာကြီး စိတ်မဆိုးရဘူး။


၇။ တကယ်လို့များ ရန်သူတွေ ဆိုရင်တော့ ....
ကျွန်တော်သူ့အကြောင်းတွေ (တစ်ခါမှ မပတ်သက်ဖူးတဲ့ လူတစ်ယောက်လို )မစဉ်းစားဘဲနေမယ်။ ဒါလောက်ပါပဲ။

၈။ ရန်သူဖြစ်သွားမယ်... ဒါမျိုး ကြပ်ကြပ်လုပ် သိလား....
သူ စိတ်တိုလွန်းတာပါပဲ။ သူ...စိတ်တိုတဲ့အခါ သိပ်ပြီး စဉ်းစားမှာ မဟုတ်ဘူး။ စကားပြော မဆင်ခြင်တာပေါ့။

၉။ ကျွန်တော် သူ့အတွက် ဒါလေးတော့ လုပ်ပေးချင်တယ် ...
ကျွန်တော်သူ့ကို “စိတ်တန်ဖိုး” ဆိုတဲ့ စာအုပ်လေးကို ကိုယ်တိုင်ဖတ်ပြချင်ပါတယ်။

၁၀။ သူ့အပေါ် အားလုံးခြုံငုံ သုံးသပ်ရရင်
ဒေါသကြီးတယ်။ စိတ်ကောင်းရှိတယ်။
စိတ်ဆိုးရင်တော့ ကြမ်းတယ်ဗျ။
အမှားသိရင်တော့ ချက်ချင်းဝန်ခံလိုက်တာပဲ။
ဟောဟောဒိုင်းဒိုင်း ဆိုပါတော့။

၁၁။ ကျွန်တော့်ကို ပတ်ဝန်းကျင်က ဘယ်လို ထင်မြင်သလဲ...။
ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲကို မသိဘူးဗျာ။ ..
ပြောပေးသွားကြရင် သိပ်ကောင်းမှာပဲ။

၁၂။ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteraistic လေးတွေပါ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တာ...
ကျွန်တော် သူများကို အတက်နိုင်ဆုံး ဒုက္ခမပေးချင်ဘူး။
သူများအခက်အခဲဆိုရင် လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တယ်။
မွေးကတည်းက အခုအချိန်အထိ ကျွန်တော့် တက်လမ်းအတွက် အခြားဘယ်သူ့ကိုမှ မနင်းခဲ့ဖူးဘူး။
ပြီးတော့ မရနိုင်မှန်းသိရင် .. ထပ်မလိုချင်ဘူး။


၁၃။ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteraistics.. (တော်တော်လေးကို မုန်းတာပါ)
အားငယ်တတ်တာ..
အားနာတတ်တာ....
ရောင့်ရဲချင်စိတ်များတာ...
အမေ့ကို စိတ်ဆင်းရဲစေခဲ့တာ...
ရည်မှန်းချက် မခိုင်မာတာ...။

၁၄။ ကျွန်တော်ဖြစ်ချင်နေတာ...။
နည်းနည်းများကြီးကျယ်သွားမလားမသိဘူး..။
“သစ်ပင်ကြီးလို” လူဖြစ်ချင်တယ်။
အစာလိုတဲ့သူတွေအတွက် အသီးတွေပေးမယ်။
အရိပ်လိုတဲ့သူအတွက် အေးချမ်းမှုကို ပေးမယ်။
ကိုယ့် ပင်စည်ကို ခုတ်ထစ်ကြတဲ့အခါ ...... နှုတ်ဆိတ်ပြီး အံကြိတ်နေချင်တယ်။

၁၅။ သူငယ်ချင်းအားလုံးကို မှာချင်တယ်။
(မင်းတို့ သိပြီးသားတွေပါ...ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတတ်ကြလို့
သတိပေးတာပါ၊ တကယ်ကြုံရတဲ့အခါ သိပ်ကြောက်စရာကောင်းတယ်ကွာ...
ငါ ကိုယ်တွေ့မို့ပါ...မင်းတို့အားလုံးကို ဒီလို မဖြစ်စေချင်ဘူး)

တစ်နေကွယ်ရင် ...သေနယ်ကို တစ်ရက်ကူးတယ် ....ဆိုတာ အမြဲသတိရစေချင်တယ်။
ကိုယ်တို့ ...ချစ်တဲ့ ခင်တဲ့ သူတွေ ကိုယ့်အနားက ထွက်သွားတော့မယ့်အခါ ....
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့ သတိပေးချင်တယ်။
ကိုယ့်ရဲ့ ဘာသာတရားကို ကိုယ်လေးစားပြီး ....
နက်နက်နဲနဲ သဘောပေါက်အောင် လေ့လာပြီးမှ ယုံကြည်ကိုးကွယ်ဖို့ တိုက်တွန်းချင်တယ်။
ပြီးတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ....
ကျွန်တော့်အမှားတွေကို .....
ကျွန်တော့် အားနည်းချက်တစ်ခုလိုမျိုးမြင်ပြီး
နားလည်ခွင့်လွှတ်ပေးစေချင်တယ်။


သူငယ်ချင်းခေါင်ရေ...
ဒီလောက်ဆိုကျေနပ်မယ်ထင်ပါတယ်။
ကျွန်တော့်ကို Tag တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကိုယ့်ကို မင်းနဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါဦး.။
သူငယ်ချင်းပျော်ရွှင်နိုင်ပါစေ....

ကျွန်တော် Tag ပြန်လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်...။
ကျွန်တော် သူ့  ကို သိပ်ခင်ပါတယ်။
ဟုတ်ကဲ့....
ယခုတဖန် အလှည့်ကျတဲ့သူ ကတော့ ...
............................................
............................................
ကျွန်တော့် သူငယ်ချင်း... မောင်သစ်ဆင်း ဖြစ်ပါတယ်။
(သူ့ စကားနဲ့ ပြောရရင်တော့ ငါ့ညီပြောင်ဝင်း ... မောင်သစ်ဆင်းပေါ့လေ..)