မိုးသားဆိုတဲ့ အကောင် ...

December 8, 2008
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဖွင့်ကြည့်တိုင်း
ဟော့ဒီ ခပ်ရိုင်းရိုင်း မိုးသားကိုပဲ မြင်တယ်။

ငါဆိုတဲ့ကောင်လေ
ဟော့ဒီ မိုးသား ဆိုတဲ့ ကောင်ပေါ့
လောကကြီးနဲ့ သဟဇာတ မဖြစ်လိုက်ပုံများ
ကိုယ့်ဘ၀မှာ ရွာချခဲ့သမျှမိုးရေတွေ
အမြဲတမ်း ပင်လယ်ရေလို ခါးတူးနေတဲ့ အကောင်။

မိုးသားဆိုတဲ့ကောင်လေ....
သနားချင်ပြီဆိုရင် မြက်ပင်ကိုတောင် မနင်းမိအောင် ရှောင်ခဲ့တဲ့အကောင်။
မသနားဘူးဆိုရင်တော့ ကိုယ့်ညီအရင်းကိုတောင်
နှာခေါင်းကသွေး ခြေဖ၀ါးအောက် သွေးပေါက်ပေါက်ကျအောင် ထိုးတဲ့ကောင်။

ကျေနပ်နေတဲ့အခါ ကိုယ့်နောက်ကျောက ဓါးရာအထပ်ထပ်အတွက်
အပြုံးမပျက် အားနာတတ်ခဲ့တဲ့ကောင်။
မကျေနပ်ပြန်တဲ့အခါ ကိုယ့်အရိပ်ကို နင်းမိရုံလောက်အတွက်
နှစ်ခါပြန်သတ်ပစ်ချင်စိတ်က ငယ်ထိပ်မှာ သွေးတက်နေတဲ့ ကောင်။

မိုက်ရိုင်းတဲ့အခါ မိတ်ဆွေကို မိတ်ဆွေလို့ မမြင်ချင်တဲ့ကောင်။
ရစရာပိုက်ဆံလေး တစ်ထောင်နှစ်ထောင်အတွက်
“မင်းအသက်ကို ဖက်နဲ့ ထုပ်ထား” လို့
သူ့ ရပ်ကွက်အထိ ဓါးကြိမ်းသွားဖို့ ၀န်မလေးတဲ့ ကောင်။

ယဉ်ကျေးချင်တဲ့အခါ ကျပြန်တော့လည်း
ကိုယ့်ဘ၀ကို လက်တစ်ဆုံး နှိုက်ယူသွားခဲ့တာတောင်
“ခန္တီစ” ကို ရင်မြေကတုတ် လုပ်ပြီး
သူ့ဘ၀ မီးလောင်တော့ ပြန်ပြီး စုပ်သပ်ပေးနိုင်ခဲ့တဲ့ အကောင်။

အင်း...ငါဆိုတဲ့ ကောင်
ဟောဒီ မိုးသား ဆိုတဲ့ အကောင်ပေါ့။
တစ်ခါတစ်လေ ယုံကြည်မှုဆိုတဲ့ နာမည်ကောင်းလေး တစ်ခုအတွက်
အပ်တိုလေး တစ်ဝက်ကိုတောင် အိမ်တိုင်ရာရောက် ပြန်အပ်တတ်တဲ့ ကောင်။

တစ်ခါတစ်လေ မနက်စာလေး တစ်နပ်အတွက်
ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို မိတ္တူဆိုင်မှာ သော့တုလုပ်ဖို့ အပ်တဲ့ကောင်။
တပ်မက်မှုတွေနဲ့ အမြဲတမ်း လောင်မြိုက်နေတဲ့ အကောင်။
အခွင့်အရေးဆိုရင် နှစ်ခါပြန် မစဉ်းစားတတ်တဲ့ အကောင်။

သူများ အားနာတတ်တာကို အခွင့်ကောင်းယူပြီး
ကိုယ့်အတွက် ခါးပါအောင် သိမ်းပိုက်ချင်တဲ့ အကောင်။
အသာတကြည် ပြေပျောက်လိုက်လို့ ရတဲ့ စိတ်ဆန္ဒလေးတစ်ခုနှစ်ခုကိုတောင်
ဟော့ဒီ ငါဆိုတဲ့ကောင် တပ်မက်မိပြီဆိုရင်
ဘ နဖူး သိုက်တူး ဖို့လည်း စနေ အင်္ဂါမရွေးတဲ့ အကောင်။

ဟုတ်တယ်.... ငါဆိုတဲ့ ကောင်
ဟော့ဒီ မိုးသားဆိုတဲ့အကောင်ပေါ့ ....
အဲဒီလို အမြဲတမ်း မှောင်တယ်။
မင်းတို့တွေ့  ရင် ဝေးဝေးရှောင်။