စိတ်မရှိတဲ့ကို

September 19, 2008
မိုးတွေ ညို့တယ် . . .
သူမျက်ဝန်းမှာ စိုနေပါသလား ..
ဖြေသိမ့်ချင်ပါသော်လည်း
ကံကြမ္မာတရားက ခြံစည်းရိုးခြားတယ်။

ကိုယ်စွမ်းသလောက်
ကြိုးစားခဲ့သော်ငြား .......
....................................
....................................
စေတနာအားပေးစကားက
တစ်နေရာစီခြားနေခဲ့တာဆိုတော့
ကြိုးလျော့နေတဲ့ ဂစ်တာတစ်လုံးလို
ခပ်ပျော့ပျော့ပဲ အသံထွက်နိုင်ခဲ့တယ်။

ကောင်မလေးရေ....
ကိုယ်မလာနိုင်ခဲ့ပေမယ့်
မျှော်ရုံကြည့်ရုံသက်သက်နဲ့တင်
မင်းအတွက် ညဆိုးရှည်တွေ နက်တယ် ...။

အစွယ်

ဖိုးလမင်းလည်း ..........
သူ့အဆင်းနှင့် အလင်းနှင့် ။

မီးတိုင်ငယ်လည်း ............
သူ့အရွယ်နှင့် အစွယ်နှင့် ။

စံပယ်ဦးလဲ ..........
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။

ပိတောက်ဝါလည်း ............
သူ့အခါနှင့် နံ့သာနှင့်။

မြစ်ပြင်နက်လည်း .............
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။

စမ်းချောင်းခွေလည်း ............
သူ့ ချောင်းရေနှင့် လောင်းလှေနှင့်။

(ဆရာတင်မိုး)

ပိုက်ဆံ

ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်....
လောကမှာ ငွေကသာ အရေးအကြီးဆုံး ....
ဒါမှ မဟုတ် ...
လောကမှာ ငွေအနည်းအများကသာ အရေးအကြီးဆုံး . . .
လို့ ထင်နေတယ်ဆိုရင်
အောက်ကို ဆက်ဖတ်လိုက်ပါဦး ...
နောက်ဆုံးက ပေးတဲ့ အကြံဥာဏ်လေးကိုလဲ လုပ်နိုင်သလောက် လုပ်ကြည့်ပါဦးနော်

ပိုက်ဆံရှိရင် ........

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာကိုတော့ ၀ယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကိုတော့ ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကိုတော့ ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင်တော့ ငွေနဲ့လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင် ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့ မရဘူး။

တွေ့တယ်နော် ...?
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား ...?
ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်
ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။

(အတ္တကျော်)

နေတက်ရင်ကျေနပ်စရာ .. ထင်သလောက်မဆိုးတဲ့ လောကပါ ..

မျှဝေပါဦးမယ်ဗျာ ...
လောကကြီးက ထင်သလောက်မဆိုးဘူးဆိုတာ .... သိစေချင်လို့ပါ ...
မယုံဘူးလား...ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းနည်းများ လျော့နေတယ်လို့ များထင်မိနေရင် ဖတ်ကြည့်စေချင်တယ်ဗျာ..


ဟုတ်ကဲ့ ...
တကယ်လို့သာ ကမ္ဘာ့လူဦးရေကို လူတစ်ရာ အတိအကျရှိတဲ့ ရွာတစ်ရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင်တဲ့ .....
အခု ...ကမ္ဘာပေါ်မှာ ရှိတဲ့ ....
လက်ရှိလူအမျိုး အစားက ဒီလောက်ပါတဲ့ ခင်ဗျာ ....

လူ 100 မှာ အာရှတိုက်သားက 57 ယောက်
ဥရောပတိုက်သားက 21 ယောက် ....
အနောက်တိုင်းတိုင်းသားက 14 ယောက်နဲ့
အာဖရိကတိုက်ကသူတွေက 8 ယောက်ရှိပါတယ် ...တဲ့ ...။

ဟုတ်ကဲ့ .......အဲဒီ လူ 100 မှာ အမျိုးသမီးက 52 ယောက်နဲ့ အမျိုးသားက 48 ယောက်အချိုးရှိပြီး
လူဖြူက 30 ၊ လူဖြူ မဟုတ်သူ (အမည်း၊ အညို၊ အ၀ါ အခြားအသားအရောင်)တွေက 70 ရှိပါတယ်။
ခရစ်ယာန်က 30 ရှိနေပြီး အခြားဘာသာတွေကလည်း 70 ပါပဲ။
လိင်ကွဲ ကို နှစ်သက်သူက (ယောက်ျားက မိန်းမကို ၊ မိန်းမက ယောက်ျားကို) ကြိုက်တာက 89 ယောက်ရှိပြီး
လိင်တူ (မိန်းမလျာ ၊ ယောက်ျားလျာ)က 11 ယောက်ရှိပါတယ်။

အဲဒီလူတစ်ရာမှာ 6 ယောက်ဟာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ 59 ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပြီး
အဲဒီ 6 ယောက်စလုံးဟာ အမေရိကန်က ဖြစ်ပါတယ်။
အဲ ....အယောက် 80 ကတော့ အိမ်ပိုင်ယာပိုင်မရှိဘဲ ဖြစ်သလိုနေသူတွေပါတဲ့။
ပြီးတော့ 100 မှာ လူ 70 ဟာ စာမဖတ်တတ်ဘူး။.........
(ဒါကတော့ အခုလောက်ဆို ပိုနည်းနေလောက်ပြီထင်ပါတယ်)
(တော်သေးတယ် ကိုယ်မပါလို့နော် ... စိတ်မပူပါနဲ့ ခင်ဗျားလဲ မပါပါဘူး...)

အယောက် 50 က အာဟာရ ချို့တဲ့နေပါတယ် ..တဲ့ ။ အစာရေစာ မ၀လင်ပါဘူးတဲ့။
(ဒါကတော့ ပိုများနေလောက်ပြီဗျ)

တစ်ရာမှာ တစ်ယောက်က အချိန်တိုင်းမှာ သေလုဆဲဆဲ ...တစ်ယောက်ကတော့ မွေးဖွားတော့မယ့် အခြေအနေတဲ့ ...။
ပြီးတော့ဗျာ ....တစ်ရာမှာ တစ်ယောက်ဆို တစ်ယောက်တည်းသော သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရနေပြီး
တစ်ရာမှာ တစ်ယောက်တည်းပဲ ကွန်ပျူတာ ပိုင်ပါတယ်တဲ့။

ဟုတ်ကဲ့ ...ခင်ဗျာ ... အဲဒီစာရင်းတွေဟာ ကမ္ဘာ့ပေါ်မှာ လက်ရှိ လူစားရင်းကိုအချိုးချထားတာပါ ...တဲ့ ။

ပြီးတော့ စာရေးဆရာက ဆက်ပြောထားပါတယ် ...
အဲဒီလို ကျကျနန စဉ်းစားလိုက်ရင် လက်ခံနိုင်ဖို့ ၊ နားလည်ပေးနိုင်ဖို့၊
ပညာကို တန်ဖိုးထားဖို့ အရေးကိစ္စတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်.....တဲ့။
ဒါတင်မကသေးပါဘူး...........

စာဖတ်သူဟာ ဒီနေ့ ကျန်းကျန်းမာမာနဲ့ အိပ်ရာထဲက နိုးထလာနိုင်တဲ့သူဖြစ်ရင် ....
ခင်ဗျားဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးရတော့မယ့်
ကမ္ဘာ့ပေါ်က လူတစ်သန်းထက် အများကြီး ပိုကံကောင်းတဲ့သူ ဖြစ်မနေဘူးလားဗျာ..။

စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှ မခံစားဖူးဘူး၊
အကျဉ်းစံဘ၀ နဲ့ မနေဖူးဘူး၊ သူများနှိပ်စက်ညှင်းပန်းတာလည်း မခံဖူးဘူး၊
ငတ်လည်း ငတ်မနေဘူးဆိုရင် ခင်ဗျားဟာ အဲဒီလို ခံစားနေခဲ့၊ ခံစားခဲ့၊ ခံစားဆဲ ....
ကမ္ဘာ့လူဦးရေ ..သန်းပေါင်း (500)ထဲမှာ မပါတဲ့
အင်မတိ အင်မတန် ကံကောင်းတဲ့သူပါတဲ့ ခင်ဗျာ ...
(ဂုဏ်ယူမယ်ဆို ယူလို့ရပါတယ်)


ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆောင်၊ ခန်းမ၊ ဗလီ စတဲ့ နေရာတွေကို အေးအေးဆေးဆေး သွားနေနိုင်တယ်။
အဲဒီလိုသွားလို့လဲ ခင်ဗျား အဖမ်းခံရမှာ ၊ အနှိပ်စက်ခံရမှာ ၊
အသက်ခံရမှာ လုံးဝ စိုးရိမ်ရတဲ့သူတစ်ယောက်မဟုတ်ဘူး.... ဆိုရင်တော့
အဲဒီလိုဖြစ်နေတဲ့ လူပေါင်း (3) ကုဋ္ဋာ ထက် ပိုပြီး
အများကြီး ကံကောင်းနေသူပါ.ူ......တဲ့။

စားစရာတွေ မီးဖိုထဲမှာ ၊ ရေခဲသေတ္တာထဲမှာ၊ ကြောင်အိမ်ထဲမှာ အဆင်သင့်၊
ခါးပေါ်မှာလဲ အ၀တ်အစားနဲ့၊ နေရတော့လည်း အမိုးအကာအောက်၊ ကျောခင်းစရာနေရာလည်း ရှိတယ်ဆိုရင် ....
ဟုတ်ကဲ့ ...ကမ္ဘာ့လူဦးရေရဲ့ 75 ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာပါတယ်တဲ့ခင်ဗျာ ....


ဘဏ်ထဲမှာ၊ အိပ်ကပ်ထဲမှာ ၊ အိမ်မှာ ငွေစကြေးစလေးနဲ့ဆိုရင်တော့
ခင်ဗျားဟာ ကမ္ဘာ့ပေါ်မှာ မရှိမရှားလူတန်းစား 8 ရာခိုင်နှုန်းထဲမှာ ပါတဲ့သူပါဗျာ.....
(ကြွေးဝယ် ကဒ်တော့ မပါဘူးထင်တယ်......)

အင်း ...ရှိသေးတယ် ...
မိစုံဖစုံ ရှိသေးတယ်၊ အဖေနဲ့ အမေလည်း အခုအချိန်ထိ ပေါင်းသင်းနေတုန်းဆိုရင်
ကမ္ဘာ့ရှားပါးစာရင်းမှာ မိတ်ဆွေပါသွားပါပြီခင်ဗျာ. ..


နောက်ဆုံးပြောချင်တာကတော့ . . . .
အခု ဘလော့ဂ်ကို ၀င်ဖတ်နေတဲ့ မိတ်ဆွေကတော့ ကမ္ဘာ့မှာ
စာမဖတ်တတ်တဲ့ ကုဋ္ဋေ 2 ရာထက် ပိုကံကောင်းတဲ့သူဆိုတာ သေချာပါတယ်တဲ့ ခင်ဗျာ ...


ကဲ ....... ဘယ်လိုလဲ ..
ကိုယ့်ကိုယ်ကို ကံဆိုးတဲ့သူ လို့ နောက်ဘယ်တော့မှ မငြီးမိစေနဲ့ပေါ့ဗျာ ...
ဟုတ်ပါတယ် ................
ကျွန်တော်တို့ ထင်သလောက် မဆိုးတဲ့ လောကပါ ...ခင်ဗျာ ....

(ဆရာအတ္တကျော်ရဲ့ စာတစ်ပုဒ်ကို ပြန်မျှဝေတာပါနော် ...)
ဘာပဲ ဖြစ်ဖြစ် မိတ်ဆွေ အခု စိတ်ချမ်းသာသွားတယ် မဟုတ်လား....
ကျွန်တော်ကလည်း မိတ်ဆွေတွေ စိတ်ချမ်းသာဖို့ တင်ပေးတဲ့ ပို့စ်ပါနော် ...)

(ကျေးဇူးပါဗျာ... စိတ်ဓာတ်ကျတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တွေ့ရင်လည်း
ဒီပို့စ်လေးကို ပြန်လည် မျှဝေပေးစေချင်ပါတယ်
မိတ်ဆွေကိုယ်တိုင်လည်း ဘယ်လိုခံစားရလဲဆိုတာ C.Box လေးထဲမှာ ပွားပေးသွားပါဦး..ကျွန်တော် အားရှိတာပေါ့)

ကျွန်တော်မကြေညက်ခဲ့တဲ့ အမေ့ရဲ့သင်ရိုး

September 18, 2008
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .

ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
..........................................
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .

သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........

“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”

“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”


ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။

အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .

မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .

သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .

ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .

ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .

ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

အရှက်မရှိတဲ့ ငါ

ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
တစ်ရွာနဲ့တစ်ရွာလည်း
အသည်းခွဲလို့လွယ်ပါသလား .....
ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလည်း ဖြစ်တယ် ။

အမှတ်တရ ည ပါပဲ ..........
တစ်စုံတစ်ရာ ထိမှန်ခဲ့တယ်ဆိုတာ .........
ငါ .. ရင်ဘတ်တွေ နာလာမှ သိတယ် ..........။

ဒူးနေရာမှာ မဒူးပဲ .......
တော်နေရာမှာ မတော်တတ်ခဲ့တော့ .......
သံယောဇဉ်တမျှင်ကြိုးက ရင်ကို တိုးလို့ ချည်တယ် .........။

ဟင့်အင်း ..
မမြိုသိပ်တက်ခဲ့တာဟာ ......ငါ့အမှားဆိုရင် ......
တိုက်ဆိုင်လွန်းနေခဲ့တဲ့ ကံကြမ္မာကိုလည်း
နည်းနည်းတော့ အပြစ်တင်ချင်မိတယ် .........။

ရုတ်တရက်ကြီးဆိုတော့
ကိုယ့်ဂစ်တာကြိုးလျော့တာကို ကိုယ်သတိမထားခဲ့နိုင်ဘူး။

အချစ်ဆိုတဲ့ ဒီသဘောက်မသားက
ငါ့ရဲ့ မရှိမဲ့ရှိမဲ့သိက္ခာတရားကို
မဟားဒယား ခလောက်ဆန်သွားလိုက်တာ .......
အရှက်တရားက
ပတ်ကြားအက် လယ်ကွင်းပြင်တစ်ခုဖြစ်တယ်။

အဖန်ဖန်အထပ်ထပ်
ကိုယ်မက်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
စာရိတ္တမြေဆီလွှာမကောင်းတဲ့
အခွင့်အရေးသမားတစ်ယောက်ရဲ့ လယ်တစ်ကွယ်မှာ
မျှော်လင့်ချက်ပျိုးပင်တွေ ကျိုးတို့ကျဲတဲ
ငါစိုက်ခဲ့သလောက်ပဲ ငါ့ကို ပြန်ပေးခဲ့တယ် .............။

ဒီလိုနဲ့
(ပန်းခူးစားသူတွေအကြောင်း ...)
အဲဒီလို ထောင်းထောင်းထနေတဲ့ စောင်းမြောင်းသံတွေ ကြားမှာ
ငါ့ အိပ်ရာနဲ့ ငါ့ညက
ငါ့ကျောကုန်းအောက်မှာ ကျပျောက်နေခဲ့တယ် ...။