လယ်သမားကြီးနှင့် နွားအို

October 13, 2008
အခုတစ်လော .. အခက်အခဲတွေ တော်တော်များများ ကြုံရတယ်။ စိတ်ပျက်စရာကောင်းလောက်အောင်ပါပဲ။ အခက်အခဲကို အခွင့်အလမ်းတစ်ခုလို သဘောထားပါဆိုတဲ့ စာတွေလည်း ကျွန်တော်ဖတ်ဖူးပါတယ်။ တကယ်တမ်းလက်တွေ့ကျတော့ အဲဒီလို သဘောထားဖို့ကလည်း မလွယ်လှဘူးမဟုတ်လား။ တက်ကျမ်းစာအုပ်တွေ တော်တော်များများကို ဖတ်ဖူးပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် အသိဥာဏ်တိုးတာက လွဲပြီး ကျွန်တော် အဲဒီစာအုပ်တွေထဲက အတိုင်း အောင်အောင်မြင်မြင် တစ်ခါမှ မလုပ်နိုင်ခဲ့ပါဘူး။

အဲ..တစ်ရက်တော့ ကျွန်တော့် စာအုပ်တွေကို ရှင်းရှင်းနဲ့ ဗလာစာအုပ်အဟောင်းလေးတစ်အုပ် ပြန်တွေ့ပါတယ်။ အဲဒီစာအုပ်လေးက ကျွန်တော်ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ စာတွေ ၊ ကဗျာတွေကို ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်လေးပါ။ အဲဒီ မှတ်စုလေးကို ပြန်ဖွင့်ကြည့်ရင်းနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် သတ္တိမွေးပေးခဲ့တဲ့ စာလေးတစ်ပုဒ်ကို ဖတ်မိပါတယ်။ ကျွန်တော်ရေးခဲ့တုန်းက ဘာရယ်မဟုတ်ဘဲ ကြိုက်လို့ဆိုပြီး ကူးရေးထားခဲ့တဲ့ စာလေးပါ။ ဒါပေမယ့် အခုလို အချိန်မှာ ပြန်ဖတ်ရတော့မှ တော်တော်တန်ဖိုးရှိတဲ့ စာလေးလို့ လက်ခံမိပါတယ်။ ကိုယ်ကြိုက်တဲ့စာတွေ ကဗျာတွေကို ငယ်ငယ်ကတည်းက စုဆောင်းတတ်တဲ့ ၀ါသနာကိုပဲ ပြန်ပြီး ကျေးဇူးတင်မိပါသေးတယ်။ အဲဒီဝါသနာကို မွေးဖွားပေးခဲ့တဲ့ မေမေနဲ့ ဆရာဇော်ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

စာလေးက ဒီလိုပါ ...

လယ်သမားအိုကြီးတစ်ယောက်ရှိပါတယ်။ သူဟာ ငယ်စဉ်က အလွန်ပဲ ဆင်းရဲခဲ့ပေမယ့် မလျော့တတ်တဲ့ ဇွဲနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ချမ်းသာလာခဲ့သူပါ။ သူ ဘ၀ကို အရှုံးမပေးဘဲ လူတန်းစေ့ နေနိုင်ဖို့ ကြိုစားခဲ့စဉ်မှာ သူနဲ့အတူ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ နွားအိုကြီးပါ။ ပျိုမြစ်စဉ်အခါက သူတို့လူတစ်ယောက်နဲ့ နွားတစ်ကောင်ဟာ ဘယ်လိုအခက်အခဲနဲ့ပဲ တွေ့တွေ့နောက်မတွန်စတမ်း ရင်ဆိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်း နွားအိုကြီးဟာ သူ့ကိုလူချမ်းသာတစ်ယောက်ဖြစ်အောင် တည်ဆောက်ခဲ့စဉ်ကတည်းက ပါရမီဖြည့်ပေးခဲ့တဲ့ သူမို့ သူဟာ နွားအိုကြီးကိုတော့ အလွန်ပဲ သံယောဇဉ်ကြီးသူပါ။

ဘ၀ကို စပြီး ရင်ဆိုင်စဉ်ကတည်းက သူနဲ့ အတူရှိခဲ့တဲ့ နွားအိုကြီးဟာ ...သူလူချမ်းသာတစ်ယောက်ဖြစ်စဉ်ကလည်း သူ့အနားမှာ ရှိခဲ့သူပါ...
ဟော .......အခု လူလောကရဲ့ ထုံးစံအတိုင်း သူအရာရာကို ပြန်လည်ဆုံရှုံးချိန်မှာလည်း သူ့နွားအိုကြီးကတော့ သူ့အနားမှာ ရှိနေပေးတုန်းပါပဲ....
တကယ်တော့ သူနဲ့ နွားအိုကြီးဟာ ..သူတို့ရွာကနေပြီး မမျှော်လင့်ခဲ့ဖူးတဲ့ အဆုံးအရှုံးတွေများစွာကို ရင်မဆိုင်ချင်တော့လို့ တောထဲကို ထွက်ခွာလာခဲ့ကြသူတွေပါ။

အခုတော့ လယ်သမားကြီးမှာ ငယ်စဉ်ကလို အရာရာကို ရင်ဆိုင်နိုင်တဲ့ အစွမ်းတွေ နည်းနည်းမှကို မကျန်တော့ပါဘူး.. သူဟာ အခုအချိန်မှာ အိုမင်းလာပြီဖြစ်တာမို့ ဘာယုံကြည်ချက်မှ မရှိတော့ပါဘူး။ တောထဲ တောင်တဲမှာ သူဟာ အရာရာကို လက်လျှော့လိုက်ပြီိဆိုတဲ့ စိတ်ဓာတ်နဲ့ လောကကို အရှုံးပေးပြီး ထွက်ခွာလာခဲ့တာပါ...သူ့လက်ထဲမှာတော့ သူ့ရဲ့ သစ္စာရှိ နွားအိုကြီးတစ်ကောင်သာ ပါပါတော့တယ်။
ဒီလိုနဲ့ ...
တောထဲရောက်တဲ့အခါမှာတော့ သူ့ရဲ့ နွားအိုကြီးဟာ ကံဆိုးစွာနဲ့ တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားပါတယ်။
လယ်သမားကြီးဟာ ဘယ်လိုပဲ ကြိုးစားပေမယ့် နွားအိုကြီးကို ကယ်တင်ဖို့ မတတ်နိုင်ပါဘူး။
တကယ်တော့ နွားအိုကြီးလိုပဲ လယ်သမားကြီးကလည်း အိုမင်းနေခဲ့ပါပြီ။

တွင်းထဲကနေ ကယ်ပါယူပါ အော်ဟစ်နေတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နွားကြီးကို ကြည့်ပြီး လယ်သမားကြီး အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဒီနွားကြီးဟာ သူငယ်စဉ်ကတည်းက သူနဲ့အတူ ဘ၀ကို ဒေါင်ကျကျ ပြားကျကျ ဖြတ်သန်းပေးခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံး မိတ်ဆွေပါ.။ ဒီနွားကြီးရဲ့ ကျေးဇူးဟာ သူ့အပေါ်မှာ အလွန်ပဲ များပါတယ်။ သူမိသားစု၊ သူ့ ကြွယ်ဝမှု၊ သူလုပ်ခဲ့တဲ့ ကုသိုလ်ဒါနတွေအားလုံးဟာ ဒီရောင်းရင်းကြီးနဲ့ အစပြုပြီး ရှာဖွေ ရရှိခဲ့တာမို့ သူ နွားကြီးကို ဒီအတိုင်းပစ်မထားခဲ့နိုင်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းကြီးကို တွင်းထဲက ကယ်တင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါမှာ သူစဉ်းစားရပါတော့တယ်။

ဒီအတိုင်းထားခဲ့ပြီး ထွက်သွားရမလား။
ဟင့်အင်း... မဖြစ်နိုင်ပါဘူး။
ဒီလို တွင်းထဲမှာ အစာငတ်ရေငတ်နဲ့ သူ့နွားကြီးကို တောထဲမှာ ပစ်ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
တောထဲမှာ ညဆိုရင် အဖွဲ့လိုက်ကျက်စားလေ့ရှိတဲ့ ၀ံပုလွေအုပ်၊ တောခွေးအုပ်တွေနဲ့များ တွေ့သွားခဲ့ရင် သူ့ရဲ့ သူငယ်ချင်းဟာ ဆိုးဝါးလှတဲ့ ဝေဒနာတွေနဲ့ သေဆုံးသွားရမှာဖြစ်ပါတယ်။
တကယ်တော့ သူ့အတွက် အဖြေကရှားပါးလှပါတယ်။ သူလုပ်သင့်တာ တစ်ခုကို လုပ်ရတော့မှာ ဖြစ်ပါတယ်။
သူ့ရဲ့နွားကြီးဟာ အိုမင်းလှပါပြီ။ ပြောရရင် နောက်ထပ်အသက်ရှင်ဖို့နေ့ရက်တွေကလည်း သိပ်မကျန်လှတော့ပါဘူး။ အခုဆိုရင် သူနဲ့ သူ့နွားအိုကြီးနဲ့ သူနဲ့ဟာ သိပ်မကြာခင်မှာ ရောက်လာတော့မယ့် သေမင်းကို ရင်ဆိုင်ဖို့စောင့်နေတဲ့သူတွေပါ။
အဲဒီတော့ လယ်သမားကြီးက ဒီလိုစဉ်းစားပါတယ်။
““ အင်းလေ.. မင်းသွားပြီး မကြာခင်မှာ ငါလည်း မင်းနောက်ကို လိုက်လာရတော့မှာပါ။
ဒါပေမယ့် မင်းက တမလွန်ကို အရင်သွားဖို့ ဖြစ်လာခဲ့ပြီဆိုတော့ ငါက မိတ်ဆွေကောင်းပီသစွာနဲ့ မင်းကို ဘ၀ကူးကောင်းအောင် ကူညီပေးပါမယ်။
တောကြီးတစ်ခုထဲက မြေဆွေးကျင်းကြီးထဲမှာ မင်းတစ်ယောက် အစာငတ်ရေငတ်နဲ့ သေမယ့်ရက်ကို စောင့်နေရမှာထက်စာရင်...
တောထဲက သားစားအရိုင်းကောင်တွေရဲ့ ကိုက်ဖဲ့စားသောက်မှုဒဏ်တွေနဲ့ မင်းသေရမှာထက်စာရင် ... မင်းကို အဲဒီထက်ပိုသက်သာတဲ့နည်းနဲ့ တမလွန်ကို ပို့ဆောင်ပေးဖို့ ငါတာဝန်ယူပါ့မယ်။ မင်းကို ချစ်လွန်းလို့ ဆိုတာကိုတော့ မင်းနားလည်သဘောပေါက်စေချင်ပါတယ် ...သူငယ်ချင်းရေ ””လို့ တွေးမိပါတယ်။

အဲဒီလိုနဲ့ သူဟာ မြေကျင်းထဲကို မြေကြီးတွေ ပစ်ချပါတော့တယ်။ သူ့စိတ်ထဲမှာ သူ့နွားကြီးကို အရှင်လတ်လတ်မြေဖို့ပစ်တယ်ဆိုတာကို မတွေးပဲ .. သေဆုံးသွားတဲ့ သူငယ်ချင်းကောင်းနွားကြီးကို မြေဖို့ သဂြိုလ်နေတယ်လို့ သဘောထားပြီး လုပ်နေခဲ့တာပါ။ အဲဒီလိုလုပ်နေရင်းကနေ ..သူ့မျက်ဝန်းထဲမှာ ငယ်စဉ်ဘ၀ကတည်းက သူနဲ့ သူ့နွားကြီးနဲ့ တက်ညီလက်ညီနဲ့ ဘ၀ကို ကျော်ဖြတ်ခဲ့ကြပုံတွေကို ပြန်မြင်ယောင်ရင်း ၀မ်းနည်းနေခဲ့ပါတယ်။

အဲဒီလို ...သူခံစားနေခဲ့တဲ့ အချိန်မှာပဲ....
သူ့ရဲ့ နွားကြီးကတော့ အဲဒီလို မတွေးပါဘူး။
သူ့မိတ်ဆွေရောင်းရင်းကြီးဟာ သူ့ကို မြေကြီးတွေ ဖို့ပြီး သတ်တော့မယ်ဆိုတာကို သူမသိပါဘူး။
သူဟာ အစောပိုင်းက အော်ပြီးဟစ်ပြီး သူ့မိတ်ဆွေကို အကူအညီတောင်းနေခဲ့ပေမယ့် အခုတော့ အဲဒီလိုလုပ်တာဟာ အပိုပဲ ဆိုတာကို တွေးမိသွားပါတယ်။ တကယ်တော့ အဲဒီလို အော်ဖို့ဟစ်ဖို့တောင်မှပဲ သူ့မှာလည်း အားမကျန်တော့ပါဘူး။ အခုအချိန်မှာ သူလုပ်နိုင်တာက သူ့သခင်ကယ်တင်မယ့် အချိန်ကို စိတ်ရှည်ရှည် စောင့်နေဖို့ပဲ ရှိပါတော့တယ်။
ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ပိုပြီး တိတ်ဆိတ်သွားတဲ့ တွင်းဝက အသံတွေကြောင့် သူ့သခင်ဟာ သူ့ကို ထားရစ်ခဲ့ပြီလားလို့ သူ့စိတ်ထဲမှာ ထင်လာပါတယ်။ သူဟာ ဒီတွင်းနက်နက် တောနက်နက်ထဲမှာ သေဆုံးရတော့မလား ..သူတွေးရင်း ကြောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ... နွားအိုကြီးဟာ သူ့သခင်အတွက် သူ့တစ်သက်လုံး မညည်းမညူ ကြိုးစားလုပ်ကိုင်ပေးခဲ့တာတွေ၊
သူ့သခင်ကလည်း သူ့ကို သိပ်ကြင်နာခဲ့တာတွေ.. ။ လယ်ကွက် ကျဉ်းကျဉ်းကလေးကနေ လယ်ကွက် အကျယ်ကြီးဖြစ်လာအောင် အခက်အခဲတွေ အများကြီးကြားထဲကနေ သူတို့ အတူတကွ ရုန်းကန်ခဲ့ရတာတွေ၊ အိမ်သေးသေးလေးကို အိမ်အကြီးကြီးဖြစ်အောင် ကြိုးစားခဲ့ရတာတွေကို ပြန်လည်မြင်ယောင်လာပါတယ်။
အဲဒီလို မြင်ယောင်မိတော့ သူ့စိတ်ထဲမှာ ဘယ်တော့မှ ဇွဲမလျော့တတ်တဲ့ သူ့ရဲ့ သခင်အကြောင်းကို တွေးမိလာပါတယ်။ သူ့သခင်ဟာ ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘယ်တော့မှ နောက်ဆုတ်အရှုံးပေးတတ်သူ မဟုတ်ဘူးဆိုတာ သူသတိရလာခဲ့ပါတယ်။ ဒီအခြေအနေထက် ဆိုးတဲ့ အခြေအနေတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့သခင်ဟာ ဒီလို အခက်အခဲလေးလောက်နဲ့တော့ သူ့ကို မထားခဲ့ဘူးလို့ သူအားတက်လာခဲ့တယ်။

ဒီအချိန်ဆိုရင် အပေါ်မှာ ကျန်နေခဲ့တဲ့ သူ့သခင်ဟာ.... သူ့ကို ကယ်ဖို့ အတွက် တစ်စုံတရာကြိုးပမ်းနေမှာပဲလို့ သူယုံကြည်သထက် ယုံကြည်လာခဲ့တယ်။ သူဟာ အားရှိသလောက် တောင့်ခံပြီး သူ့သခင် ကယ်မယ်အချိန်ကို စောင့်နေရမယ်လို့ တွေးနေတုန်းမှာပဲ သူ့ကျောကုန်းပေါ်ကို မြေစိုင်ခဲတွေ ပြုတ်ကျလာခဲ့ပါတော့တယ်။

သူအလန့်တကြား မော့ကြည့်လိုက်တဲ့အချိန်မှာ သူ့သခင်ဟာ သူ့ပေါ်ကို မြေစိုင်ခဲတွေ ပစ်ချနေတာကို မြင်လိုက်ရပါတယ်။
အဲဒီမှာ နွားအိုကြီးဟာ စဉ်းစားပါတယ်။ သူ့သခင်ဟာ သူ့ကို မြေဖို့ပြီး သတ်တာလား။
သူ မယုံကြည်ပါဘူး။
ဒါဟာ သူ့ကို သူ့သခင်က ကယ်တင်ဖို့ လုပ်နေတာပဲ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ သူ့ကျောကုန်းပေါ် ကျလာတဲ့ မြေစိုင်ခဲတွေကို ခါချလိုက်ပါတယ်။

တွင်းပေါ်က လယ်သမားကြီးက ၀မ်းနည်းစွာနဲ့ မြေစိုင်မြေခဲတွေကို ပစ်ချနေခဲ့သလို ..
နွားအိုကြီးကလည်း သူ့ကျောကုန်းပေါ်ကို အဆက်မပြတ်ကျလာတဲ့ မြေစိုင်ခဲတွေကို ခါချပြီး သူ့သခင်ကယ်တင်မယ့်အချိန်ကို စောင့်နေတယ်။
အဲဒီလိုနဲ့ အချိန်တော်တော်ကြာလာတဲ့အခါမှာ သူခါချလိုက်တဲ့ မြေကြီးတွေဟာ တွင်းထဲမှာ တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ သူဟာ ကျောပေါါ်ကျလာတဲ့ မြေကြီးတွေကို ခါထုတ်တယ်။ ပြီးတော့ ခါချလိုက်တဲ့ မြေဆိုင်ခဲတွေပေါ်ကို တက်ရပ်လိုက်တယ်။ မြေဆိုင်ခဲတွေ ထပ်ကျလာတယ်။ သူက ခါချပြီး အဲဒီမြေစိုင်ခဲတွေပေါ်ကို တက်ရပ်လိုက်ပါတယ်။
ဒီလိုနဲ့ သူဟာ တွင်းနှာခမ်းဝနဲ့ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပါတယ်။
အဲဒီလို တွင်းနှာခမ်းနဲ့ နီးလာလေလေ..သေမင်းနဲ့ ဝေးသွားလေလေမို့ သူ အားမလျှော့ပဲ ကျောကုန်းပေါ်ကျလာခဲ့သမျှ မြေစိုင်ခဲတွေကို ခါချနေခဲ့ပါတယ်။

အဲဒီလို တွင်းဝနဲ့ နီးကပ်လာပြီဖြစ်တဲ့ နွားအိုကြီးကို ကြည့်ပြီး လယ်သမားကြီးဟာ တအံ့တသြဖြစ်သွားပါတယ်။
တကယ်တော့ သူက သူ့နွားကြီးကို မြေဖို့ပြီး သတ်နေခဲ့တာပါ။ သေစေတော့ရယ်လို့ စေတနာမပါပေမယ့် သူကယ်တင်ဖို့ လက်လျှော့ခဲ့တာတော့ အမှန်ပါ..။
လယ်သမားကြီး ကိုယ့်ကိုကိုယ် အရမ်းပဲ ရှက်သွားပါတယ်။
နောက်ဆုံး လက်လျှော့လိုက်ပြီဆိုတဲ့ အချိန်မှာတောင် အခွင့်အရေးတစ်ချို့ဟာ ရှိနေဆဲပဲဆိုတာကို သူ ငယ်စဉ်ကတည်းက သင်ကြားလေ့လာသိရှိထားပြီးသား ဖြစ်ပေမယ့် သူ့ဟာ အိုမင်းမှုဆိုတဲ့ သိမ်ငယ်စိတ်တွေနဲ့ သူ့ရဲ့ သစ္စာအရှိဆုံးနွားအိုကြီးကိုတောင် သူ့လက်နဲ့ ပြန်သတ်မိမလိုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ နွားအိုကြီးကတော့ အိုမင်းနေတဲ့ ကြားကပဲ မလျှော့သောဇွဲနဲ့ သေမင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာပါလားလို့ စဉ်းစားမိရင်း သူစွန့်ခွာခဲ့တဲ့ ရွာဘက်ကို ပြန်ပြီးလှမ်းမျှော်ကြည့်မိပါတယ်။
သူ တွင်းထဲကို ငုံကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ သူငယ်ချင်းဟာ ကျောကုန်းပေါ်က မြေစိုင်ခဲတွေကို ခါချနေတုန်းပါပဲ။