လု...လူ...လူး...

September 26, 2008
အဲဒီနေ့က ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။
ဆံပင်ဘုတ်သိုက်နဲ့။ တစ်ညလုံး မအိပ်ရသေးတဲ့ မျက်တွင်းဟောက်ပက်မှာ မျက်ရည်တွေနဲ့။
ကျွန်တော်ကတော့ နားမလည်နိုင်သေးဘူး။
မင်းဘာဖြစ်လာတာလဲ ပေါ့။ သူချက်ချင်း စကားမပြောနိုင်ဘူး။ ကျွန်တော့်ကို မျက်နှာသေကြီးနဲ့ စိုက်ကြည့်နေတယ်။

ကျွန်တော် သိလိုက်ပြီ။
သူဘာကြောင့် လာသလဲ ကျွန်တော်သိလိုက်ပြီ။ သူအရမ်းဝမ်းနည်းနေတဲ့အကြောင်းကို သိလိုက်ပြီ။

“ကလေးဘာဖြစ်လို့လဲ။ မီးငယ်ဘာဖြစ်လဲ။ ငါ့ကို မြန်မြန်ပြောစမ်း” ကျွန်တော် အလောတကြီးမေးမိတယ်။
သူ ပြန်မဖြေနိုင်ပါဘူး။ သူ့ဆို့နင့်နေတယ်။
ပြီးတော့ . . . ကျွန်တော်ဆို့နင့်နေတယ်။ တကယ်တော့ သူပြန်ဖြေစရာမလိုတဲ့ အဖြေကို ကျွန်တော်သိပြီးသားပဲ။

သူ့မှာ တစ်နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိတယ်။
မီးငယ်လို့ ကျွန်တော်ခေါ်ပါတယ်။ ကလေးက ကျန်းမာရေး မကောင်းဘူး။
ဒီကောင် .. ကလေးကို အရင်ကတည်းက သေချာကုသင့်တာ။ ဒါပေမယ့် ငွေကြေးပြသနာတွေကို အကြောင်းပြပြီး အချိန်ဆွဲနေခဲ့တာ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဆေးရုံတင်ဖို့ဆိုပြီး ကျွန်တော့်ဆီက ငွေလာချေးတယ်။
နောက်ရက်ရောက်တော့ ဖုန်းဆက်ပြီး “ငပိုင် မင်းသမီးလည်း အခုထိ မသက်သာနိုင်ဘူးကွာ”တဲ့။
ဆေးရုံမှာ ဆက်နေရဦးမယ်လို့ပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော် နားလည်ပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ သူအတွက် ဆေးရုံနောက်တစ်ရက်ထပ်နေခွင့်ဟာ .. ခက်ခဲမယ်ဆိုတာကိုပေါ့ ။

ကျွန်တော် ပိုက်ဆံထပ်ယူပြီး ဆေးရုံကိုသွားခဲ့တယ်။ တကယ်တော့ သူ့သမီးလေး မီးငယ်ဆိုတာက ကျွန်တော့်သမီးလို့ပြောရင်တောင် ရပါတယ်။ ကျွန်တော်က သူ့သမီးလေးကို ငယ်ငယ်လေးထဲက ထိန်းခဲ့တာ ...။ အခုနောက်ပိုင်း သူတို့မိသားစု သာကေတကို ရွှေ့သွားမှ ကျွန်တော်နဲ့ ဝေးသွားတာ။ ဒါတောင် တစ်လတစ်ခါလောက်တော့ သူတို့အိမ်ကိုသွားပြီး ကလေးနဲ့တွေ့နေကျ။

အဲဒီလိုနဲ့ ဆေးရုံကိုရောက်တော့ မီးငယ်က ကုတင်ပေါ်မှာ မျောနေပြီ။ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်ကိုကြည့်ပြီး အခြေအနေကို ကျွန်တော် တွက်ဆခဲ့တယ်။ ငွေ မလိုက်နိုင်ခဲ့ရင် အသက်မရှင်နိုင်တဲ့ ရောဂါမျိုး။
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မီးငယ်လေး ခံစားနေရတာကို ကြည့်ပြီး ဘယ်လောက်တောင်ခံစားရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော် တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။
တကယ်တော့ ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာဆိုတာက ကလေးအသက်ကို ပြန်လုယူဖို့အတွက် မလုံလောက်မှန်းသိပါတယ်။ ကျွန်တော် အဲဒီနေ့က အလုပ်ခွင့်ယူပြီး တစ်နေကုန်ပိုက်ဆံလိုက်ရှာတယ်။ ရသလောက်ကို သူငယ်ချင်းရဲ့ လက်ထဲကို ထည့်ပြီး အားမငယ်နဲ့ကွာ ဆိုတဲ့စကားကို ပြောမိတယ်။
ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ကတော့ အားငယ်နေခဲ့တာပဲ။ သူတို့မိသားစုအရေးဟာ ကျွန်တော့်အရေးပါပဲ။ ဒီသူငယ်ချင်းက
ဘယ်တော့ဖြစ်ဖြစ် သူများအကူအညီကို တောင်းချင်ခဲ့တဲ့ကောင်မဟုတ်ဘူး။
အခုတော့ ကလေးအတွက် ကျွန်တော့်ကို အကူအညီတောင်းတယ်။ ဒါပေမယ့် သူမျက်လုံးအကြည့်တွေကို ကျွန်တော်ကောင်းကောင်း နားလည်တယ်။ ပြောရရင် ဖခင်တစ်ယောက်ရဲ့ အပူနဲ့ ခံစားချက်ကို သူ့မျက်လုံးတွေကို ကြည့်ပြီး ကျွန်တော် ခံစားလို့ရတယ်။
ကျွန်တော်တောင် မီးငယ်အတွက် ဒီလောက်ပူရင် ဒီကောင် ဘယ်လောက်တောင် ပူမလဲ။ သူ့မိန်းမကတော့ ငိုလို့သာ နေတယ်။

သူငယ်ချင်းက ဆေးစာရွက်တစ်ခုကို ပြပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့။
ကျွန်တော်ယူလာခဲ့တဲ့ ပိုက်ဆံက ဆေးဖိုးငွေရဲ့ အစွန်းထွက်တောင် မရှိဘူးဆိုတာ အဲဒီတော့မှ သိရတယ်။ နောက်တစ်ခါ ပြန်ပြီး ပိုက်ဆံရှာဖို့ ထွက်ရပြန်တယ်။
ကျွန်တော် ရနိုင်သလောက် ရှာပြီးသွားပြီး။ ဘယ်မှာ ထပ်ရနိုင်မလဲ။ ခေါင်းပူအောင် စဉ်းစားရင်း မြို့ထဲမှာ လျှောက်သွားနေမိတယ်။ ဘယ်ကိုသွားရင်ကောင်းမလဲ။ ဘယ်လိုရှာရင်ကောင်းမလဲ။

ကိုယ့်ဘေးက ဖြတ်သွားတဲ့ ကားအကောင်းစားတွေကို ကြည့်ပြီး သမီးလေးရဲ့မျက်နှာကို ပြန်မြင်ယောင်မိတယ်။ လောကမှာ ရေများရာသာ မိုးရွာတတ်တဲ့ နိယာမဟာ ကျွန်တော့်အတွေးမှာ ခါးသက်လွန်းလှတယ်။ မိုက်မိုက်မဲမဲ ဓါးပြတိုက်ချင်စိတ်တောင် ပေါက်လာတယ်။ ကျွန်တော် ပိုက်ဆံကို ဘယ်မှာ ဘယ်လိုရှာမလဲ။ ဒါဟာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အပူဆိုတာထက်
ကျွန်တော့် သမီးလေးအတွက် ကျွန်တော့်ရဲ့ အပူတစ်ခုလိုပဲ ခံစားနေရတယ်။ ကျွန်တော် ဘာလုပ်နိုင်မလဲ။

ဖျက်ကနဲ အတွေးထဲမှာ ထူးအောင်ဆိုတဲ့ သူငယ်ချင်းကို သတိရမိတယ်။
ထူးအောင်ဆိုတာ ကျွန်တော့်သူငယ်ချင်းပါ။
သူ မိန်းမ ခိုးပြေးတုန်းက ကျွန်တော် ဆွဲကြိုးကို ပေးလိုက်ဖူးတယ်။ သူမိန်းမခိုးပြီး ပြန်လာတော့ ကျွန်တော့်ကို ပြန်ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို အဲဒီဆွဲကြိုးကို သူ့မင်္ဂလာဆောင်မှာ ပြန်လက်ဖွဲ့လိုက်တယ်။
ဒီကောင်က ပျဉ်းမနားသားပဲ။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း။ ပြောရရင် ရန်ကုန်ကိုတောင် ကျွန်တော်ခေါ်ခဲ့တာပေါ့။ အလုပ်တစ်ခုမှာ လူလိုနေတုန်း မင်းလုပ်ချင်ရင် ရန်ကုန်လာခဲ့ဆိုပြီး သူ့ကို လှမ်းခေါ်ခဲ့တာ။ ရောက်ခါစကလည်း ကျွန်တော့် အခန်းမှာ နေပြီး အလုပ်လုပ်တာ။ နောက်မှ သူ့အလုပ်ကို ပြောင်းပြီးနေတာ။
ကျွန်တော် သူ့အပေါ်မှာ တော်တော်များများ ကျေးဇူးပြုဖူးတယ်။ အခုသူနဲ့ ရတဲံ့ မိန်းမက ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းကဆိုတော့ ကျွန်တော်အကူအညီတောင်းရင် ရနိုင်မှာပဲလို့ တွက်မိတယ်။

အရေးထဲ သူ့လိပ်စာကို ကျွန်တော် မမှတ်မိဘူး။ မတွေ့ဖြစ်တာကလည်း ကြာသွားခဲ့ပြီလေ။
ဒါနဲ့ ကျွန်တော် ရုံးကို ပြန်လာပြီး သူ့လိပ်စာကိုရှာရတယ်။ တော်တော်ကြာကြာက ပစ်ထားခဲ့တဲ့ ဒိုင်ယာရီထဲမှာ ကျွန်တော် သူ့လိပ်စာကို ပြန်တွေ့တော့ ပျော်လိုက်တာဗျာ။ တော်ပါသေးရဲ့ပေါ့။ ကျွန်တော် သူ့အိမ်ကို ကားငှားပြီးပြေးတယ်။ သူ့အိမ်က စမ်းချောင်းမှာ ..
ကျွန်တော်မှာ ကျန်တဲ့ လက်ကျန်ပိုက်ဆံကို နျမြောမနေတော့ဘူး။ အချိန်က သိပ်မရှိဘူး။ သူ့ဆီရောက်ရင် အနည်းအကျဉ်းတော့ ရမှာပဲဆိုပြီး ကားငှားပြီးပြေးတယ်။ မီးငယ်အတွက်ဆေးက အရင်ဆေးဖိုးတွေ ပေးနိုင်မှ ထပ်ယူလို့ရမှာ။

ကျွန်တော် သူ့အိမ်ကို လွယ်လွယ်ကူကူတွေ့ပါတယ်။
အိမ်ပေါ်ရောက်ရောက်ခြင်းလည်း သူနဲ့ တန်းပြီးတွေ့တာပါပဲ။ ကံကောင်းနေသေးတယ်ပေါ့။
သူ့မိန်းမနဲ့ သူနဲ့ က ထမင်းစားဖို့ ပြင်နေကြတာ။

“ဟာ .......ငပိုင်”
“ ဘယ်လိုဖြစ်ပြီးရောက်လာတာတုန်းကွ။ လာလာ တစ်ခါတည်း ထမင်းဝင်စားလိုက်”
ဟာ .. ကျွန်တော်ထမင်းမစားရသေးဘူးပဲ။ ဗိုက်က အဲဒီတော့မှ ဆာလာတယ်။ သူတို့ထမင်းစားနေတုန်းလဲ ပိုက်ဆံဆွဲဖို့အကြောင်း မပြောချင်သေးဘူး။ သူ့မိန်းမလဲ ရှိနေတော့ စားပြီးမှပဲ ပြောတော့မယ်ပေါ့။ အားနားရမယ့်သူလည်း မဟုတ်ဘူး ကျွန်တော် ထမင်းဝိုင်းကို ၀င်ထိုင်လိုက်တယ်။

သူ့မိန်းကက ထမင်းခူးပေးပါတယ်။
ကျွန်တော်နဲ့ သူ့မိန်းမက အရမ်းမရင်းနှီးပေမယ့် ကျွန်တော် သူတို့ကို အားနာစရာမလိုပါဘူး။ ကျွန်တော် အခက်အခဲအတွက် သူတို့ဆီကို ဒီတကြိမ်ပဲ လာခဲ့တာ။ ပြီးတော့ သူတို့ကိုကြည့်ရတာလည်း ရွှေတွဲလဲ ငွေတွဲလည်းဆိုတော့ ကျွန်တော် အားရှိတာပေါ့။


ဒါပေမယ့်ဗျာ ....
အဲဒီမှာ ကျွန်တော့် စိတ်ဓာတ်တွေကို အရောင်အဆိုးခံလိုက်ရတာပါပဲ။
ကျွန်တော့် ဘ၀အတွက် အနာကျည်းဆုံး အဖြစ်တွေစတော့တာပါပဲ။ တစ်ခါမှလည်း အဲဒီလောက် မရှက်ခဲ့ဖူးဘူးဗျာ။

သူ့မိန်းမရယ်လေ....
စားပွဲပေါ်က ၀က်သားဟင်းကို ဘာမပြော ညာမပြောနဲ့ ဆက်ခနဲကောက်ပြီး သူနဲ့ သူ့ယောင်္ကျားနဲ့ ကြားထဲကို ချလိုက်တယ်။ သူတို့နှစ်ယောက်ကြားထဲကိုဆိုတာတောင်မှ ခုံပေါ်က သူတို့နှစ်ယောက်ကြားထဲကို မဟုတ်ဘူးဗျ။ ခုံအောက်ထိသွင်းပြီး သူတို့နှစ်ယောက်ရဲ့ ကြားထဲကို ချလိုက်တာ။ စားပွဲပေါ်မှာ ကျန်ခဲ့တာက ချဉ်ပေါင်ဟင်းနဲ့ တို့စရာနဲ့ ငရုပ်သီးကျော်နဲ့။
ဝက်သားဟင်းကို ကျွန်တော် နှိုက်မှာ ကြောက်လို့ဆိုတဲ့ ပုံစံပါ။

ကျွန်တော် “တောက်“ တစ်ချက်ခေါက်လိုက်မိတယ် ..ထင်တယ်။
ထမင်းဝိုင်းက ချက်ချင်းတိတ်သွားတယ်။
အစောပိုင်းက ထူးအောင်က ကျွန်တော့်ကို မတွေ့တာကြာတဲ့အကြောင်း...
ပျဉ်မနားကို ပြန်ဦးမယ့်အကြောင်းတွေပြောနေတာပါ။ သူလည်း ချက်ချင်းတော့ ရိပ်မိပုံရပါတယ်။
ဒါပေမယ့် ..... ကျွန်တော်က ထူပူနေပြီ။ ဘာမှကို မမြင်နိုင်၊ မသိနိုင်တော့တာ။ မျက်ရည်ကလည်း ၀ဲတက်လာပြီ။

ဟုတ်တယ်ဗျာ..။
ကျွန်တော် အရမ်းရှက်သွားတယ်။ ရှက်တယ်ဆိုတာကလည်းဗျာ....။
သူတို့ရဲ့ အောက်တန်းကျတဲ့စိတ်ကို ပြန်ရှက်မိတာပါ။
ကျွန်တော့်သူငယ်ချင်းထူးအောင်ဆိုတဲ့ကောင်လား..။
ဘာစကားတစ်ခွန်းမှ မပြောဘဲနဲ့ အားနာချင်ယောင်ဆောင်ထားတဲ့ မျက်နှာပေးနဲ့ပေါ့။
ကျွန်တော် ချက်ချင်းထပြန်လာခဲ့တယ်။ တစ်လမ်းလုံးလည်း ဒေါသနဲ့ နာကြည်းစိတ်နဲ့ ပေါင်းပြီး ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။

ဆေးရုံမှာ ကျွန်တော် ပြန်အလာကို စောင့်နေမယ့် သူငယ်ချင်းနဲ့ ကုတင်ပေါ်က ဝေဒနာခံစားနေရတဲ့ ကလေးငယ်ရဲ့ မျက်နှာ...။
ပြန်လာရင် ဆက်ဆက်ပေးမှာပါ။ အခု ကြိုပေးထားနှင့်ပါလို့ ကျွန်တော်တောင်းပန်ခဲ့တဲ့ ဆေးရုံအောက်က ဆေးရောင်းတဲ့ ဆိုင်ပိုင်ရှင်မျက်နှာ။
ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ မျက်နှာ။
ယုတ်စွအဆုံး ဆေးရုံအောက်က အပေါက်စောင့်ကုလားရဲ့ မျက်နှာ..။
.................................
...........................................
ကျွန်တော် ဘယ်လိုပဲ ရှာပေမယ့် အဲဒီနေ့က ပိုက်ဆံထပ်မရပါဘူး။
ဆေးရုံက သူငယ်ချင်းဆီ ဖုန်းလှမ်းဆက်ရတယ်။ မနက်ဖန်မှ ငါငွေရှာလာခဲ့မယ်။
လောလောဆယ် အဆင်ပြေအောင် လုပ်ထားနှင့်ပါလို့ပေါ့။
.................................
.................................................

ဒီနေ့မှာတော့ ကျွန်တော့်သူငယ်ချင်း အငိုမျက်ခွက်နဲ့ ကျွန်တော့်ဆီရောက်လာခဲ့ပြီ။
အခြေအနေကို ကျနော် မေးစရာမလိုပါဘူး။
အံကို တင်းအောင် ကြိတ်ထားမိတယ်။
လက်သီးကို နာနာ ဆုတ်ထားမိတယ်။
ကလေးငယ်ရဲ့ မျက်နှာ..
ဟိုခွေးလင်မယားရဲ့ မျက်နှာ...
ကျွန်တော့် သူငယ်ချင်းရဲ့ မျက်နှာ...
.....ကျွန်တော် လူတွေရဲ့ စိတ်ကို အရမ်းရွံလာမိတယ်။

လူတိုင်းမဟုတ်ဘူုးဆိုတာကို သိပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော် လူတွေအားလုံးကို မုန်းချင်နေတယ်။
လောကမှာ လူတွေရဲ့ စိတ်ကို ပြောင်းလဲနိုင်တာ ငွေကြေးဆိုရင်...
ငွေကြေးထက် တန်ဖိုးရှိတာက မရှိတော့ဘူးတဲ့လားဗျာ..

ဘာပဲဖြစ်ဖြစ် ငွေကြေးထက်
ကိုယ့်အသက်ရှင် ရပ်တည်မှု ....
ကိုယ်ကျင့်တရား...
သိက္ခာတရား.........တွေကို
တန်ဖိုးထားတတ်တဲ့သူတွေကို ကျွန်တော် မြင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုအဖြစ်အပျက်မှာ ကျွန်တော် သင်ခန်းစာကောင်းကောင်းတစ်ခု ရလိုက်ပါတယ်။
အဲဒါကတော့ ... မမျှတဘူးဆိုတာပါပဲ...။
လူယုတ်မာတွေနဲ့ လူသူတော်ကောင်းတွေနဲ့ဟာ .. ကမ္ဘာပေါ်မှာ ဘယ်တော့မှ မျှတစွာ ရှိနေမှာ မဟုတ်ဘူးဆိုတာပါပဲ။
ငရဲပြည်က ကျယ်ပြီး.. နတ်ပြည်ကတော့ ကျဉ်းပါတယ်။
ဘာပဲဖြစ်ဖြစ်...အဲဒီအချိန်မှာ ......
ကျွန်တော့် အဘွားပြောဖူးတဲ့
“လု၊ လူ၊ လူး” ဆိုတဲ့ ဆုံးမစကားကို ပြန်ကြားယောင်မိတယ်။

ကျွန်တော့် သူငယ်ချင်းက ကျွန်တော့် ပုခုံးကို ဖက်ပြီး ၀မ်းနည်းပမ်းနည်း ငိုနေပါတယ်။
အင်း....
ပြောရရင် အံကြိတ်ထားတယ် ဆိုပေမယ့် ကျွန်တော်မှာလဲ မျက်ရည်တွေနဲ့ ပါပဲ။

သူများခြံစည်းရိုးမှာ သံမှိုတွေ ရိုက်ထားခဲ့မိသလား....

ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်မျှဝေချင်ပါတယ် ...
ဘယ်လိုခေါင်းစဉ်နဲ့ ဘယ်လိုရေးတယ် ဆိုတာ မမှတ်မိတော့ပါဘူး ...
ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားတာပါ..

သူများရဲ့ စိတ်ဓာတ်နှလုံးသား ခြံစည်းရိုးမှာ
သံမှိုတွေ ဘယ်လောက်များများ ရိုက်ခဲ့ပြီးပြီလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိနိုင်တော့အောင် များပါတယ်၊
ဒီစာလေးကို ဖတ်ပြီးနောက်မှာ ကျွန်တော် တော်တော်များများ ဆင်ခြင်နိုင်ခဲ့ပါတယ်။



အရင်က အရမ်းစိတ်တို၊ စိတ်ဆက်တဲ့ လူငယ်တစ်ယောက်ရှိပါတယ် ..
ပြသနာတစ်ခု ဖြစ်ပြီဆိုရင် သူက စိတ်တိုတာက အရင် ...။
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဟာ သူ့စိတ်ဓာတ်ကြောင့် သူနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူး။
မိသားစုဆိုတာ သူ့ဒဏ်တွေကြောင့် မကြာခဏ စိတ်ဆင်းရဲရတယ်...
သူ့ရဲ့ အပြောအဆို.... သူ့ရဲ့ သဘောထားနဲ့ .....
သူ့ရဲ့ အပြုအမူတွေဟာ စိတ်တို ၊ စိတ်ဆက်တတ်တဲ့ သူတွေရဲ့ ထုံးစံအတိုင်း အမှားများပါတယ် ...
ပြသနာတိုင်းဟာ သူ့ဘက်က မှန်နေရင်တောင်
နောက်ဆုံးမှာ သူ့ရဲ့ အကျင့်ကြောင့် သူ့ရဲ့ အလွန်တွေပဲ ဖြစ်ဖြစ်သွားတတ်ပါတယ် ..
ဒီလိုနဲ့ သူဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှန်း မသိ ....ကင်းကွာလာခဲ့ပါတော့တယ် ....။

တစ်နေ့မှာတော့ သူ့အဖေက သူ့ကို လက်ဆောင်တစ်ခုပေးပါတယ်
အဲဒါက ဘာလဲဆိုတော့ သံရိုက်တူ တစ်ချောင်းနဲ့ သံတစ်ထုပ် ပါ ........
ပြီးတော့ အဖေလုပ်သူက မှာပါတယ် ...
ငါ့သား.......မင်းဟာ စိတ်တို၊ စိတ်မြန်တဲ့သူ တစ်ယောက်ဖြစ်တယ် .......
မင်းအတွက် ပတ်ဝန်းကျင်လဲ ထိခိုက်နိုင်တယ် ..မင်းကိုယ်တိုင်လဲ ထိခိုက်ပါတယ် ..
အဲဒီတော့ .... ဒီအချိန်က စပြီး မင်းစိတ်တစ်ခါတိုရင် ..
ငါတို့အိမ်နောက်က ခြံစည်းရိုးဝင်းထရံမှာ သံတစ်ချောင်းသွားရိုက်ပါ ။
ဘာအတွက်လည်း ဆိုတာ ဒီသံမှိုတွေ ကုန်ရင်ပြောပြပါ့မယ် .... လို့ ပြောပါတယ် ....

ဒီလိုနဲ့ သားလုပ်တဲ့သူဟာ
သူစိတ်တိုပြီဆိုရင် သံမှိုနဲ့တူ ဆွဲပြီး နောက်ဖေး ခြံစည်းရိုးကို ပြေးပြေးပြီး ရိုက်ပါတယ် ...
တစ်နေ့မှာ အကြိမ်တော်တော်များများ စိတ်တိုနေတဲ့သူဆိုတော့
သူ့အဖေပေးတဲ့ သံမှိုတော်တော်များများဟာ နောက်ဖေးဝင်းထရံကို ရောက်သွားတော့တာပါပဲ ......

ဒီလိုနဲ့ ကြာလာတော့ သူ သံမှိုတွေ သွားသွားရိုက်ရတာကို စိတ်ပျက်လာတယ် ...ငြီးငွေ့လာတယ်ဆိုပါတော့ .....
နောက်ဖေးကို သံမှိုရိုက်မယ့်အစား တိုနေတဲ့ စိတ်ကို မတိုအောင်ထိန်းရတာ ပိုသက်သာတယ်လို့ သူထင်လာခဲ့တယ် ....
အဲဒီလိုနဲ့ သူ့ စိတ်ကို သူထိန်းပြီးနေလာလိုက်တာ ...
တစ်နေ့ ဆယ်ခါကနေ ကိုးခါ.....
ကိုးခါက ရှစ်ခါ ....
......................
......................

နောက်ဆုံးမှာ သူသံတစ်ချက်မှ မရိုက်ရတဲ့နေ့ကို ရောက်လာပါတော့တယ် ...
သူ့အဖေဆီကို သူဝမ်းသာအားရသွားပြောတယ် .......
အဖေ ....ကျွန်တော် ဒီနေ့ စိတ်မတိုအောင်နေနိုင်ခဲ့တဲ့အတွက် သံတစ်ချက်မှ မရိုက်နိုင်တော့ဘူးပေါ့ .....
သူဟာ တဖြည်းဖြည်းနဲ့ စိတ်ရှည်သီးခံတတ်သူ တစ်ယောက်ဖြစ်လာခဲ့တဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်ပြောပြခဲ့ပါတယ်။

အဲဒီတော့ ... သူ့အဖေက သူ့ကို ထပ်ပြောပြန်တယ်။
အေး ....ဒီနေ့လို ....
တစ်ခါမှ စိတ်မတိုတဲ့နေ့ .....သံတစ်ချက်မှ မရိုက်ရတဲ့နေ့တစ်နေ့ဆိုရင်
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံတွေကို တစ်နေ့ တစ်ချောင်းနှုန်းနဲ့ ဆွဲနှုတ်ပါဦး ...
စိတ်မတိုရတဲ့နေ့ သံတစ်ချောင်းပေါ့ .......
သားဖြစ်သူဟာ သူ့အဖေရဲ့ မှာတမ်းအတိုင်း စိတ်မတိုတဲ့ နေ့ပေါင်းများစွာ....
ပြန်နှုတ်ယူခဲ့တဲ့ သံချောင်းပေါင်းများစွာနဲ့ အတူ
သူ့ပတ်ဝန်းကျင်မှာလည်း သူ့ သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်ကျေနပ်စရာ
ဘ၀တစ်ခုကို ပိုင်ဆိုင်လာနိုင်ခဲ့ပါတယ် ...

ဒီလိုနဲ့ တော်တော်ကြာတော့ ခြံစည်းရိုးက သံမှိုတွေ ကုန်တဲ့နေ့ကို ရောက်လာခဲ့ပြီလေ...
သူ ... သူ့အဖေကို သွားပြောပါတယ် ....
အဖေ နှုတ်စရာ သံမှိုတွေတောင် ကုန်သွားပြီ ပေါ့ ....

အဲဒီအခါမှာတော့ သူ့အဖေက သူ့ကိုခေါ်ပြီး အိမ်နောက်ဖေး ခြံစည်းရိုးဆီကို သွားပါတယ် .....

သား ........မင်း ...တို့ရဲ့ ခြံစည်းရိုးကို ကြည့်လိုက်စမ်းပါဦး ......
ပြန်နှုတ်ထားတဲ့ သံမှိုရာတွေနဲ့ ပြည့်နှက်ပြီး ရုပ်ဆိုးနေလိုက်တာ ........
သံတွေကို မင်းပြန်နှုတ်ယူနိုင်ခဲ့တဲ့ ဆိုပေမယ့် သံမှိုရာတွေပြန်ပျောက်သွားအောင်တော့ မင်းမလုပ်နိုင်ပါဘူး ..၊
လူ့ သဘာဝဟာလဲ အဲဒီလိုပါပဲ ငါ့သားရေ .......
မင်း ပြန်နှုတ်ယူနိုင်တယ် ထားဦးတော့ .........
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံမှိုရာတွေကတော့
ဘယ်တော့မှ မပျောက်နိုင်တဲ့ သေရာပါ အနာတရတွေ ဖြစ်ကျန်ခဲ့သလို ...
မင်းစိတ်တိုပြီး စော်ကားခဲ့ဖူးတဲ့သူတွေရဲ့ နှလုံးသား ခြံစည်းရိုး ၊ စိတ်ဓာတ် ၀င်းထရံတွေမှာလဲ
ပြန်ဖျက်လို့ မရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျန်နေခဲ့မယ်ဆိုတာ
အမြဲတမ်း သတိရနေပါနော် .......လို့ ဆုံးမခဲ့ပါတယ်။
.......................................................................
.......................................................................


သူငယ်ချင်းတို့ရေ ......
ကျွန်တော်တို့ သက်တမ်းတိုတိုလေးထဲက
နေ့ရက် တိုတိုလေးတွေထဲမှာ စိတ်အခန့်မသင့်တဲ့အခါ အကြိမ်ကြိမ်အခါ စိတ်တိုခဲ့ကြပါတယ် ..
ထိခိုက် နစ်နာခဲ့သူတွေရှိသလို ....
မထိခိုက်တဲ့အခါတွေလည်း ရှိပါတယ် ......
ဒါပေမယ့် သေချာတာကတော့ ..... စိတ်တိုတဲ့ အခါတိုင်းမှာ ...
ကိုယ် ကိုယ်တိုင် ပြန်ပြီး ထိခိုက်ရတယ်ဆိုတာပါပဲ ......
အခု အချိန်အထိ ကျွန်တော်လည်း ဘယ်သူ့ ခြံစည်းရိုးမှာ သံမှိုတွေ ဘယ်နှခါ ဘယ်နှချောင်း ရိုက်မိပြီးပြီလဲ ဆိုတာ .....
ပြန်စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ် .....
အခုတော့ တတ်နိုင်သမျှ စိတ်ထိန်းနိုင်တဲ့ အကျင့်လေးကို မွေးထားပါတယ် ....
ဒါတောင်မှ တစ်ခါတရံ သံမှိုတွေတူတွေ ကိုင်နေမိတုန်းပါပဲ ....

သူငယ်ချင်းတို့ကိုလည်း သူများ ခြံစည်းရိုးပေါ်မှာ ကိုယ့်သံချက်ရာတွေ မကျန်စေဖို့ .......
ဒီပို့စ်လေးကို မျှဝေပါတယ် ....
ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ......

ကျည်တောင်အမှတ်တရများ

September 25, 2008
အဲဒီနှစ်က ကျွန်တော် (၁၀)တန်းနှစ်ပေါ့ဗျာ။
ရွာကျောင်းမှာ တက်ရတာ။ ကျည်တောင်ဆိုတဲ့ရွာကလေးပါ။
ပျဉ်းမနားနဲ့ (၁၅)မိုင်လောက်တော့ ဝေးမယ်။ ကားလမ်းပေါက်တယ်။ လဘက်ရည်ဆိုင် ရှိတယ်။ ဂြိုလ်တုစလောင်းရှိတယ်။ ဘိလိယက်ခုံတွေ ရှိတယ်။ ပြောရရင် စီးပွားရေးကောင်းတဲ့ ရွာလေးတစ်ရွာပေါ့ဗျာ။
ကောင်းဆို ... အဲဒီရွာနားနီးပတ်ဝန်းကျင်က ရွှေထွက်တယ်ဗျ။ ရွာထဲမှာလည်း သံတိုင်ကိုင်နိုင်တဲ့ အရွယ်က စပြီး ရွှေရှာတတ်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအကုန်ကို ရွှေရှာတတ်တယ်။ သူတို့ ရွာသားတွေဆိုတာ များ လမ်းလျှောက်ရင် အောက်ကိုပဲ ငုံလျှောက်ကြသဗျ။ ကျောက်တုံး ဖြူဖြူတွေ့တာနဲ့ ကုန်းကောက်တော့တာပဲ။

ပြောရဦးမယ်ဗျ။ ကျွန်တော်က ဟိုးအရင်က ရွှေဆိုရင် ၀င်းဝင်းဝါ၀ါလို့ပဲ သိထားခဲ့တာဗျ။ တကယ်တော့ မသန့်စင်ရသေးတဲ့ ရွှေဆိုတာက ဖြူဖြူအနှစ်ကလေးတွေဗျ။ အဲဒီ ရွှေဖြူဖြူလေးတွေပါတဲ့ ကျောက်တုံးကို အမှုန့် ကြိတ်၊ ပြီးရင် ခမောက်လို ရွှေကျင်ဗန်းထဲထည့်ပြီး ပြဒါးနဲ့ အဲဒီရွှေမှုန်လေးတွေကို ဖမ်းရတာ။ ပြဒါးမှာ ရွှေမှုန်လေး တွေ ကပ်နေပြီဆိုမှ အဲဒီပြဒါးစက်လေးကို လက်နဲ့ဖိပြီး ညှစ်ချလိုက်ရော။ ရပြီပေါ့ .. ရွှေ။

ဒါပေမယ့် အဲဒီအချိန်မှာလည်း ရွှေက ဖြူဖြူလေးပဲ ရှိသေးတာဗျ။ အဲဒီရွှေကို ကြေးဇွန်းလေးထဲ ထည့်ပြီး မီးအပူပေးလိုက်မှ ရွှေရောင်ပေါက်ပြီး ရွှေနဲ့ တူတော့တာပဲ။ သန့်တော့ မသန့်သေးဘူးပေါ့လေ။ အဲဒါကို ရွာမှာ ရွှေလာကောက်တဲ့ ပွဲစားဆီကို ပြန်သွင်းကြတယ်။ တစ်နေရာရာများ ရွှေကြောတွေ့ပြီဟေ့လို့ သတင်းမထွက် လိုက်နဲ့။ တစ်ရွာလုံးက လူတွေ မရှိတော့ဘူး။ သံတိုင်ကိုယ်စီ၊ အိပ်ကိုယ်စီနဲ့ သူ့ထက်ငါ အရင် ဒိုးတော့တာပဲ။
ဘယ်လောက်တောင် ရလို့လဲ .. ဟုတ်လား။

ပြောရင် မအံ့သြနဲ့ဗျ။ ကျွန်တော်ရှိတုန်းကတော့ တစ်ဖွဲ့ကို (၁၅)ကျပ်သား။ (၂၀)သားလောက် ရကြတာ။ တစ်ဖွဲ့ကို (၈)ယောက်ကနေ (၁၀)ယောက်လောက်အထိပါကြတယ်ဗျ။ ရွှေကြောတွေ့တယ်ဆိုတဲ့ ကျောက်တောင်ဆီကိုသွား။ ကျောက်တုံးတွေကို သံတိုင်နဲ့ အတုံးလိုက်ဖွဲ့ပြီး ရွာကို ပြန်သယ်လာကြတာ။ ရွာမှာက အမှုန့်ကြိတ်စက် ရှိတယ်လေဗျာ။ အဲဒီမှာ ဆာလာတစ်အိပ်ကို (၁၀၀၀)နှုန်းနဲ့ ကြိတ်ပြီး ချေင်းထဲသွားပြီး ကျင်ဗန်းထဲထည့် ကျင်ကြတာ။ ရလိုက်တဲ့ ရွှေ။
အဖွဲ့တိုင်းရလားဆိုရင်.. ဟုတ်တယ်လို့ပဲ ဖြေရမယ်ထင်တယ်ဗျ။
ကျွန်တော်သိသလောက်တော့ အဖွဲ့တိုင်းကို ရကြတာ။ နည်းတာနဲ့ များတာတော့ ကွာတာပေါ့ဗျာ။
အခုတော့ အစိုးရက အဲဒီပတ်ဝန်းကျင်မှာ ပေါင်းလောင်းရေအားလျပ်စစ်စီမံကိန်းလုပ်လိုက်ပြီဆိုတော့ အရင်လို တော့ လွတ်လွတ်လပ်လပ်ရှာလို့ မရတော့ဘူးပေါ့ဗျာ။ ပြီးတော့ ကုမ္ပဏီတွေကိုလည်း လိုင်စင်နဲ့ လုပ်ကွက် ချပေးထားတော့ ရွာခံတွေကတော့ ခိုးကြောင် ခိုးဝှက်ရှာကြ တူးကြတာပေါ့ဗျာ။ အံမယ်....။ အရင်က များရွှေတွေ့ပြီဆိုရင် ကျောက်တုံးပေါ်မှာ ချီးပန်းထားသလို တွေ့တာဆိုပဲ။ အဲဒီလောက်တောင် ရွှေထွက်တဲ့ နယ်မြေပါတဲ့။

ကဲ ......... အဲဒီရွာသားတွေမှ မချမ်းသာ ။ ဘယ်ရွာသား ချမ်းသာမလဲ။
အင်း...........ပြီးတော့ သူတို့ရွာသားတွေ စီးပွားရေးအဆင်ပြေတဲ့ နောက်တစ်ချက်ရှိသေးတယ်ဗျ။ အဲဒါက ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပေါင်းလောင်းဆည်ကြီးကို အဲဒီမှာ လာလုပ်တာပဲ။ အဲဒီတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရေအားလျှပ်စစ်ဝန်ကြီးဌာနရယ်၊ ဆည်မြောင်းဝန်ကြီးဌာနရယ်က ၀န်ထမ်းတွေ အလုပ်သမားတွေက အဲဒီနားမှာ လာပြီး နေကြတာပဲ။
အဲဒီတော့ ရွာက အရောင်းအ၀ယ်ပါ ကောင်းလာတာပေါ့ဗျာ။
ရွာတစ်ရွာလုံးဆိုတာ ဈေးဆိုင်တွေချည်းပဲ။ လဘက်ရည်ဆိုင်တွေအပြင် ဘိလိယက်ခုံတွေ၊ ကာရာအိုကေ ဆိုင်တွေ၊ အရက်ဆိုင်တွေလည်း ထပ်တိုးလာပြီပေါ့။
တကယ်တော့ ရွာတစ်ရွာမှာ လဘက်ရည်ဆိုင်တစ်ဆိုင် ရှိဖို့ဆိုတာ ခက်သားလားဗျ။ အဲဒီရွာမှာတော့ (၃)ဆိုင်လောက်ရှိတယ်ဗျ။ ဂြိုလ်တုစလောင်းလည်း ရှိတယ်ဗျာ။ ဘောလုံးပွဲဒိုင်တောင် ရှိလိုက်သေး။
အဲ... ဘောလုံးပွဲဒိုင်ဆိုလို့ ပြောရဦးမယ်ဗျ။ အဲဒီရွာက လောင်းကစားလည်း တော်တော်လုပ်တဲ့ ရွာပေပဲ။
ညတိုင်းမှာ ဂလောက်ဂလောက်လို့ ခေါ်တဲ့ ကြက်၊ ကျား၊ အိုး ဆိုတဲ့ အံစာတုံးဝိုင်းရှိတယ်ဗျ။ ပြီးတော့ တစ်ရွာလုံးလည်း ချဲဒိုင်တွေ ချည်းပဲ။
ဟင်.........တစ်ရွာလုံးချဲဒိုင်ဆိုတော့ ဘယ်သူက ထိုးလဲလို့ မေးမနေနဲ့။ သူတို့အချင်းချင်းပဲ ပြန်ထိုးနေကြတာပဲ။
ပိုင်တော့ ပိုင်သဗျ။ ပိုက်ဆံပေးပြီး ထိုးစရာမလိုဘူး။ မင်းစာအုပ်ထဲက ဟိုအကွက် ငါ့ကိုပေး၊ ငါ့စာအုပ်က ဒီအကွက် မင်းပြန်ယူ၊ ကဲ.........မပိုင်ဘူးလား။ သူတို့ပိုက်ဆံနဲ့ရောင်းတာက လျှပ်စစ်တို့ ဆည်မြောင်းတို့က သူတွေပဲ ရှိတယ်ဗျ။

ပြီးတော့ အဲဒီရွာနဲ့ ပတ်သက်တဲ့ ဆိုရိုးစကားတွေလည်း ရှိတယ်ဗျ။
ကျည်တောင်ဆိုတာက ရွာကြီးတစ်ရွာ။ အဲဒီရွာနဲ့ ကပ်လျက်မှာ ခေါမဆိုတဲ့ ရွာတစ်ရွာရှိသေးတယ်။
စိမ်းတဲ့သူတွေဆိုရင် ကျည်တောင်နဲ့ ခေါမကို တစ်ရွာတည်းတောင်ထင်တာ။ ရွာနှစ်ရွာက ဆက်နေတာလေ။ ကျည်တောင်ရွာရဲ့ ဘေးမှာက ပေါင်းလောင်းမြစ်ကြီးရှိတယ်။ မြစ်ရဲ့ တစ်ဘက်ကမ်းမှာက သာယာကုန်းဆိုတဲ့ ရွာရှိတယ်။ ကျည်တောင်နဲ့ သာယာကုန်းကိုတော့ လူကူးတံတားကြီးတစ်ခုနဲ့ အခိုင်အမာဆက်သွယ်ထားတာဗျ။
အဲဒီတော့ သာယာကုန်းဆိုတာကလည်း ကျည်တောင်နဲ့ နှစ်ရွာ့တစ်ရွာ။
အဲဒီ ရွာသုံးရွာကို ပေါင်းပြီး စာဆိုလေးတစ်ခု စပ်ထားတာ။ သူတို့ စာဆိုလေးက ဒီလို။

“ကျည်တောင် မယားသ။ ခေါမ နွားသ။ သာယာကုန်း မယားသ” ..... ပါတဲ့။

ပြောမယ်ဆိုရင်လည်း ပြောစရာပါဗျာ။ ကျည်တောင်သူတွေ တော်တော်ကို လှကြတာ။ အလုပ်ကြမ်းမှ မလုပ်ကြဘဲလေ။ လယ်အလုပ် ယာအလုပ်တွေကို လူငှားနဲ့ လုပ်သဗျ။ အဲဒီရွာမှာ ကောက်စိုက်သမတောင် တော်တော်ရှားတယ်ဗျို့။ ကျည်တောင်သူတွေက ဈေးရောင်းတယ်။ ချဲရောင်းတယ်။ အလှပြင်တယ်။ ယောင်္ကျားတွေကလည်း ဘာမှ မပြောဘူးဗျို့။ သူတို့မိန်းမတွေ လှနေရင် ပြီးရော။
ဒါကြောင့် ကျည်တောင်ကို မယားသ ....တဲ့။
ခေါမ။
အဲဒီရွာက လူမိုက်ရွာ။ ထစ်ခနဲဆို .. ထီခနဲဆို .... ခုတ်ကြ၊ ထစ်ကြ၊ ရိုက်ကြ၊ ဒါကြောင့် ...
ခေါမ ဓါးသလို့ခေါ်တာ။

သာယာကုန်း။
အဲဒါကတော့ ရှင်းတယ်။ လယ်သမားများတယ်။ အားအားရှိ နွားပဲ ပြုစုနေတဲ့ရွာ။ ဘယ်လောက်တုန်းဆို နွားတွေကို နာမည်ပေးပြီး သားသမီးတွေလိုကို ထားတာ။
ကျော်သူ၊ ဒွေး၊ မေသန်းနု၊ မင်းမော်ကွန်း .... တဲ့။ ဟုတ်ကဲ့ .. ။ အဲဒါ သူတို့ ပေးထားတဲ့ နွားနာမည်တွေ။
တစ်ခါကများဆို သာယာကုန်းသားနဲ့ အကြောင်းပါတဲ့ ကျည်တောင်သူတစ်ယောက် (၂)လလောက်ပဲ ရှိသေးတယ် မိဘအိမ်ပေါ်ပြန်ဆင်းချလာရော..။ ယောက်ျားက သူ့ကို ဂရုမစိုက်ဘဲ သူ့နွားကိုပဲ ဂရုစိုက်နေ လို့တဲ့ဗျာ။ ကျွန်မကို ဖြတ်မလား၊ နွားကို ဖြတ်မလားမေးတာ.... နင့်ကို လယ်ထွန်ခိုင်းလို့ ရတာမဟုတ်ဘူး။ ငါ့နွားက ငါ့ကို လုပ်ကျွေးနေတာ။ ဖြတ်စရာရှိ နင့်ကိုပဲ ဖြတ်မယ်ဆိုလို့တဲ့ ။ ငိုလား၊ ရယ်လားနဲ့ သူ့အမေအိမ်ကို ပြန်ဆင်းချလာတာလေ။

အဲ...ခေါမ ဓါးသတာတို့ ...။
သာယာကုန်းနွားသ တာတို့က ပြသနာသိပ်မရှိဘူးဗျ။
ပြသနာက မယားသ တဲ့ ရွာ။ ကျည်တောင်။
ပြောပြီးပါပကော။ လျှပ်စစ်တို့ ဆည်မြောင်းတို့က အဲဒီရွာနဲ့ နီးပါတယ်ဆို။
အဲဒီက ၀န်ထမ်းတွေဆိုတာကလည်း သားတကွဲ၊ မယားတကွဲနဲ့ အလုပ်လာလုပ်နေကြတဲ့သူတွေ။ ပြီးတော့ ဆယ်ယောက်မှာ ကိုးယောက်လောက်က ဇိုးသမား၊ ဇယ်သမားတွေ။ တစ်နေကုန် အလုပ်လုပ်ပြီး ညဆိုရင် ကျည်တောင်ရှာထဲကိုလာပြီး အရက်သောက်ကြ၊ ကာရာအိုကေဆိုကြ၊ ဘိလိယက်လာထိုးကြနဲ့ဆိုတော့ တက်ပြီပေါ့ ပြသာနာ။

အဲဒီတော့ ကျည်တောင်ရွာအတွက် ``မယားသ´´ဆိုတဲ့ စာချိုးအပြင် နောက်စာချိုးတစ်ခု ထပ်ပေါ်လာပါလေရော။ အဲဒီစာချိုးကိုတော့ ဘယ်သူက စထွင်ပြီး ချိုးလိုက်သလဲမသိပါဘူး။ ကျည်တောင်ရွာသားတွေကတော့ ဆက်ဆက်ထိမခံနာ လိုက် ကြတာ။ ကျွန်တော့်ကိုတောင် သိပ်မကြည်ကြတော့ဘူး။ မကြည်ဆို ကျွန်တော်ကလည်း ဆည်မြောင်းသားလေ။ ဆည်မြောင်းထဲကနေပြီး သူတို့ရွာမှာ ကျောင်းလာတတ်ရတာကိုး။

သြော်....သူတို့ စာချိုးက ဒီလိုဗျ။

``ကျည်တောင်သူဆို ဝေးဝေးရှောင်
ကပ်ဆွဲပွတ်ဆွဲ တစ်သိန်းခွဲ
ကပ်ရှောင်ပွတ်ရှောင် သောင်းတစ်ထောင်´´...တဲ့။

ဘယ်သူက လွန်တာလဲတော့ မသိဘုးဗျ။
ကျည်တောင်က ကောင်မလေးတွေကို လက်ဆွဲလို့တို့၊ ပါးကိုင်လို့တို့...လျော်လိုက်ရတဲ့ ဆည်မြောင်းသား၊ အီးပီစီသားတွေဆိုတာ ကျွန်တော်သိတာတင် ဆယ်ယောက်မကဘူးဗျ။
ဟုတ်တယ်ဗျ။ တကယ်ပါ။ အဲဒီလောက်တောင် ကျည်တောင်သူတွေက စွဲဆောင်မှုရှိတာပါ။


ဇွဲဆု

September 21, 2008
သံယောဇဉ်ကိုအထားအသို မတတ်တော့ . .
ငါ့ရဲ့ မျက်တွင်းဟောက်ပက်က
ရေတွင်းလောက်နက်တယ်။

မ၀ံ့ရဲရဲအိပ်မက်ကို
အိပ်မက်ထဲထည့်မက်မိတာ ခုနှစ်ခါ
လန့်နိုးရတာလဲ ခုနှစ်ခါပါပဲ။
ငါ့ရဲ့ အဲဒီနိုးတစ်ဝက်အိပ်မက်တွေဟာ
ဘယ်တော့မှ မချိုနိုင်တာကိုလဲ သိတယ်။

တကယ်တော့ . . . .
ကြက်ယက်သလို ရှာထားရတဲ့ မေတ္တာတရားပါ . . .။
အခုတော့ ခွေးတစ်ကောင် အန်သွားခဲ့သလို
ဘာမှကို မကျန်ခဲ့ပြန်ဘူး။

ဖိတ်စာမပို့ဘဲ ရောက်လာခဲ့တဲ့ ဥပေက္ခာတရားတွေ
ငါ့ ရဲ့ ကမ္ဘာကို သိမ်းပိုက်ကျူးကျော်။
ကဲ ... သိမ်ငယ်ခြင်းတွေရေ ...
ပျော်သလိုသာ နေကြဦးတော့ ....
အခု .... ငါ ... ပြက္ခဒိန်ကို မော့မကြည့်ဘူး။

ကိုယ်စိုက်သလောက်ပဲပြန်ရနိုင်တာ နိယာမတရားဆိုရင်လေ
ကိုယ်ပေးသလောက် ပြန်မရတာက
လောကပါလရဲ့ နိုင့်ထက်စီးနင်းမေ့လျော့မှုများလား ...
တချို့အမှန်တရားတွေဟာ ...
ရံဖန်ရံခါမှာ အပ်ကျမပ်ကျ မှားတယ်။

ပြီးသင့်သလောက်နဲ့ မပြီးနိုင်သေးတဲ့ မျှော်လင့်ချက်တွေသာ
ပျှော်ရွှင်စရာ.... ဖြစ်လာနိုင်ဦးမယ်ဆိုရင်တောင်
ငါနောက်ဆုံးရချင်တာ တစ်ခုက
အကောင်းဆုံးဆိုတာတွေရဲ့နောက်
ဇွဲဆုလောက်သာ ဖြစ်ပါတယ်။