ထုံးစံ...

June 20, 2009
အထီးကျန်လမ်းတစ်လျှောက်
ကုန်းကောက်စရာ မရှိအောင် ရှားပါးလွန်းခဲ့တဲ့ မေတ္တာတရား
ကံကြမ္မာက အမြဲတမ်း ငါ့ထက် နှာတစ်ဖျားသာတယ်...။

ဘယ်တော့မှ မချိုတော့မယ့် သစ်သီးတစ်လုံးလား
ငါလည်းပဲ အပွင့်အရွက်က စပြီး ကြီးထွားခဲ့ရတာပါ..။

ငါ့ဘ၀မှာတစ်လျှောက်လုံးမှာ
ကံကောင်းတယ်ဆိုတာက ဘာ
ကံမကောင်းဘူးဆိုတာကကော ဘာလဲ....
ကံဆိုတာ လူလုပ်သမျှ
ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုလို့
ငါ.. ကြိုးစားကြည့်ခဲ့သားပဲ...။

ခက်တော့လည်း ခက်ပါတယ်...
ခေါင်းမာတတ်တာကပဲ အပြစ်နည်းနည်း ဖြစ်နေသလား...
တစ်ချို့ သော အခါးတွေက ၀ါးလေလေ ပိုချိုလေ..။

အခုအချိန်မှာလေ
လိုချင်တဲ့သူ လက်ညှိုးထောင် ...လို့
အဖေ့ကိုယ်စား ပြောပေးမယ့်သူတွေ မရှိနိုင်တော့ဘူးလား..
ငယ်ငယ်တုန်းကတော့ ကိုယ်ရခဲ့တာတွေက လွယ်ခဲ့သားပဲ။

အင်းလေ.. ဖြစ်ချင်တာတွေ မဖြစ်တာ များလွန်းတော့
ခပ်ပေါ့ပေါ့ထားလိုက်တဲ့ ဘ၀အဓိပ္ပာယ်တွေလဲ အေးခဲမှိုတက်
ငါ့ အတ္တတွေလည်း အနည်ထိုင် နေတတ်ခဲ့ပြီ။

တစ်ရက်ပြီးတစ်ရက် ဆိုပါတော့..
ဘ၀ရဲ့  နေ့တာတွေလည်း လျော့လျော့ပြီးလာနေလိုက်တာ
ငါ့ဆက်လျှောက်ရမယ့် ဟိုး..ရှေ့  လမ်းမဟာ
ငါကျော်ခဲ့တဲ့ အတိတ်လမ်းမလောက်တောင် ရှည်နိုင်ပါဦးမလား
ငါ့ အသက်က (၂၅)ကို စွန်းစွန်း ကျော်သွားခဲ့ပြီးပြီ...။