ကျည်တောင် အမှတ်တရများ(၃)

November 6, 2008

ကျည်တောင်က နှင်းအောင် ....

ကျည်တောင်ကို ရောက်ခါစက ကျွန်တော့်ကို ကလေးကနေလူကြီးအထိ ဘယ်သူမှ ကြည့်လို့မရဘူးဗျ။ ဆံပင်ကဂုတ်ဝဲ။ ပုဆိုးက ချက်ပြုတ် ခြေဖျားတိုက်။ စကားပြော ရင် မာရေကြောရေ။ ဘယ်သူကမှ အဖတ်မလုပ်ဘူး။ ကျွန်တော်ကလည်း အဲဒီ အချိန်တုန်းက ခပ်စွာစွာဆိုတော့ သိပ်ဂရုမစိုက်ဘူးဗျ။

အဲ...လုံးဝကို ဂရုမစိုက် တာဗျ။

ဒါပေမယ့်ဗျ။ ရွာသားတွေတော်တော် များများက မခင်သေးခင်တုန်းသာရယ်။ ခင်လည်းခင်ရော တစ်ရွာလုံးကလူပျိုတွေ ကျွန်တော့်ငှားထားတဲ့ အိမ်ပေါ်မှာချည်းပဲ။ ရွာမှာရှိတဲ့ကာလသားခေါင်းလည်း အော်တိုမစ်တစ် ရာထူးပြုတ်ပြီး ကျွန်တော့်လက် ထောက်ဖြစ်လာတော့တာပဲ။

ပထမဆုံး သူငယ်ချင်းက ကျွန်တော် ငှားနေတဲ့ အိမ်က နှင်းအောင် ဆိုတဲ့ကောင်။ ဒီကောင်ကလည်း ကျွန်တော်နဲ့ တစ်ခန်းတည်းဗျ။ ဒီကောင်က နောက်မှ ပြန်ပြောပြ တာကတော့ ကျွန်တော့်စတိုင်ကို စ မြင်ကတည်းက ခိုက်နေတာဆိုပဲ။ အဲဒီတုန်းက ဒီကောင်တော့ကံဆိုးပြီလို့ထင်လိုက်မိသေးတယ်။ လားလား ။ ဘယ်ဟုတ်မတုန်းဗျ။ ကံဆိုးတာက ကျွန်တော်။ မြို့ပေါ်က သူငယ်ချင်းတွေကို နှိပ်စက်ခဲ့သမျှ ဒီကောင်နဲ့ ကျမှ ရှိသမျှဝဋ်ကို အကုန်လည်တော့တာပဲဗျို့။

နှင်းအောင်။

မျက်ပေါက်ကျဉ်းကျဉ်း။ လက်ပြင်ကိုင်းကိုင်း။ စကားပြောရင် ဗလုံးဗထွေးနဲ့။ ရယ် လိုက်ရင် အင်း... ဟင်းဟင်းအစ်တဲ့။ သဘောကတော့ ဘာကောင်းသလဲ မမေးနဲ့။ သူ့အိမ်မှာ သူဘုရင်။ ဆန်းတော့ အဆန်းသားဗျ။ မိသားစုတစ်စုမှာ များသော အားဖြင့် အထူးခံအခွင့်အရေးရတဲ့သားသမီးဆိုတာက အကြီးဆုံးဖြစ်ရင်ဖြစ်။ မဟုတ် ရင် အငယ်ဆုံးဖြစ်။ ဒီကောင်က အလတ်ကောင်ဗျ။ သူ့အထက်မှာ သူ့ အစ်မ သုံးယောက်ရယ်။ သူ့အောက်မှာ ညီမတစ်ယောက်ရယ်။ ညီတစ်ယောက်ရယ် ရှိ တယ်ဗျ။ ဒါပေမယ့် ဒီကောင်က သူ့အိမ်မှာ တကယ်ကို ဘုရင်။ ဘာမှလည်း မလုပ် ဘူး။ တစ်အိမ်လုံးကလဲ သူပြောရင် ပွဲပြီးမီးသေပဲ။ ကျွန်တော့်ကို အိမ်ငှားတာတောင် ဒီကောင်ပြောလို့ဖြစ်မယ်ထင်တယ်။ သူ့အဖေကတော့ ခပ်အေးအေးပါပဲ။ ငယ်ငယ် က ရေငုတ်ပြီး ရွှေရှာခဲ့လို့တဲ့။ နား နည်းနည်းထိုင်းတယ်။ သူ့အမေကတော့ နည်း နည်း လည်ဝယ်တယ်။ ချဲရောင်းတယ်။ ဒီကောင်မင်းအောင်ဆိုတဲ့ ကောင်ကတော့ ခပ်ကြောင်ကြောင် ကောင်ရယ်။ ကြောင်တယ်ဆိုတာထက် အစ်မတွေနဲ့ပဲ နေခဲ့ရလို့ လားမသိဘူးဗျ။ အူတူတူ အတတနိုင်တာက ပိုတယ်။

ဒီကောင် အူတဲ့အကြောင်းကို ပြောရဦးမယ်။

တစ်ရက်ကပေါ့ဗျာ။ မြစ်ထဲမှာ ရေဆင်းကူးကြရော။ ကျွန်တော်ကတော့ ရေမကူး တတ်လို့ ကမ်းစပ်မှာ ချိုးတာပါ။ ဒီကောင်ကတော့ ကျွန်တော့်ကို ထားခဲ့ပြီး အဝေး ကြီးကို ကူးသွားတာဗျ။ ကျွန်တော်လည်း ရေချိုးပြီးတော့ ကျွန်တော့် အတွင်းခံ ဘောင်းဘီကိုလျှော်နေတုန်းဒီကောင်ပြန်ရောက်လာတယ်။

နှင်းအောင်ဆိုတဲ့ကောင်ရယ် ...
ကျွန်တော့်ကို မျက်လုံးကြီး ပြူးကြည့်ပြီး ဗလုံးဗထွေးနဲ့ မေးပါရော။
“မင်း ... ဟေ့ကောင့် ငပိုင်”

ဒီကောင်က ကျွန်တော့်ကို ငပိုင်လို့ ခေါ်ပါတယ်။
“မင်း ... အဲဒါကြီးက ဘယ်သူ့ဟာကြီးတုန်း”

“အာ...ငါ့ဟာပေါ့ကွ၊ အတွင်းခံဘောင်းဘီကို ငါက သူများဆီက ယူဝတ်ရမလား” ဒီကောင်...တအံ့တသြနဲ့ ကျွန်တော့်ကို ဆက်ပြောတယ်။
“မင်း...အဲဒါတွေ ၀တ်နေပြီ...ဟုတ်လား”
ရော်...ကျွန်တော် တကယ်ရယ်ချင်သွားတယ်။ စဉ်းစားကြည့်ဗျာ။ (၁၀)တန်း ကျောင်းသားအတွင်းခံဘောင်းဘီဝတ်တာ အဆန်းလား။ ဒီကောင် ဒါကိုတောင် မသိတာကိုလည်း ကျွန်တော်တော်တော်အံ့သြနေတယ်။ ခင်တာက သိပ်မကြာ သေးဘူးဆိုတော့ ဒီကောင် ရိုးတာ အတာကိုလည်း ကျွန်တော် သိပ်မသိသေးဘူး။ အဲဒါနဲ့ သူ့ကို ကျွန်တော်ရှင်းပြရတယ်။
“ဒါကို အန်ဒါဝယ်ယာ လို့လည်း ခေါ်တယ်၊ စပိုဒါလို့လည်း ခေါ်တယ်ကွ၊ ငါဆို (၅)တန်းလောက်ထဲက ၀တ်တာ၊ ယောက်ျားလေး တွေဆိုတာ ဘောလုံးကန်လိုက်၊ ပြေးလိုက်၊ လွှားလိုက်နဲ့ အူကျတတ်တယ်ကွ၊ ဒါကို ၀တ်တာအူ မကျအောင် ထိန်းတဲ့ သဘောပေါ့ကွာ၊ ပြီးတော့...”

ကျွန်တော် ဒီကောင့်ကို ဘောင်းဘီဝတ်ရတဲ့ အကြောင်းရင်းကို သေချာရှင်းပြခဲ့ တာဗျ။

နှင်းအောင် ကျွန်တော်ပြောတာကို သေချာနားထောင်တယ်။ ပြီးတော့ ပြောတယ်။
“ငါက အတွင်းဘောင်းဘီကို လူကြီးဖြစ်မှ ၀တ်ရတယ် ထင်တာကွ”
“ဟာ သေတော့မှာပဲ၊ မင်းက အခု လူကြီးမဟုတ်တော့ ကလေးလားကွ” “ကိုယ့်ဘာသာ ကိုယ်လည်း ပြန်ငုံ့ကြည့်ဦးဟ”
ဒီကောင် စပ်ဖြဲဖြဲနဲ့ ဟီးဟီးဆိုပြီး ရေထဲ ပြန်ဆင်းသွားတယ်..

နောက်နေ့ရောက်တော့ ကျွန်တော်လည်း အဲဒီအဖြစ်အပျက် တွေကို မေ့မေ့ပျောက် ပျောက်ပေါ့။ ကျောင်းတက်လိုက်၊ ဘောလုံးကန်လိုက်၊ ဂစ်တာတီးလိုက်၊ စာကျက် လိုက်နဲ့ပေါ့။ ဒီကောင်က မမေ့ဘူးဗျ။ သူ့အစ်မတွေ မြို့ကို ဈေးသွားဝယ်တော့ ဒီကောင် ဘောင်းဘီမှာနေသံကို သဲ့သဲ့ကြားတယ်ဗျ။
“စိတ်ရှုပ်လိုက်တာ နှင်းအောင်ရယ်” ဆိုတဲ့ သူ့အစ်မလတ်ရဲ့ အသံကိုလည်း ကြားတယ်။
ကျွန်တော်နဲ့ မဆိုင်တော့လည်းမေးမနေဘူးပေါ့။ ကျွန်တော်နေတဲ့ အိမ်နဲ့ သူတို့ အိမ်နဲ့ကတစ်ဝိုင်းတည်းဗျ။ ထမင်းကတော့ သူ့တို့အိမ်မှာပဲ ပေါင်းစားတယ်။

အ၀တ်တွေဘာတွေလည်း သူတို့အစ်မတွေကပဲ လျှော်ပေးတာ။ သူ့အစ်မလတ် မအေးမာဆိုတာကလည်း ဆယ်တန်းနှစ်ကျ။ ကျွန်တော်တို့ အတန်းမှာပဲ။ အရင်နှစ်ကတော့ မြို့မှာ လာတတ်တာ..တဲ့။

ပြောရဦးမယ်။ ကျွန်တော်က ဘာအလုပ်မှ ရှိတဲ့ကောင်မဟုတ်တော့ ကျောင်းဝိုင်း သန့်ရှင်းရေး တာဝန်ယူထားတယ်ဗျ။ ကျွန်တော်တို့ ကျောင်းက တွဲဖက်ကျောင်းဆို တော့ အတည်တကျ မရှိသေးဘူး။ ရွာလယ်ခေါင် ဘုရားဝန်းထဲက ဓမ္မာရုံကို ပြင်ပြီး စာသင်ခန်းလုပ်ထားတာ။

ကျွန်တော်က ကျောင်းကို သန့်ရှင်းရေးလုပ်ရင်း ဘုရားကိုပါ တံမျက်စည်းလှည်းပေါ့။ ဘုရားစူး၊ မိုးကြိုးပစ်။

အဲဒီရွာမှာ ကျွန်တော်ကောင်းတာလုပ်ခဲ့တာဆိုလို့ အဲဒါတစ်ခုပဲရှိတာပါ။ ရွာထဲက လူကြီးတွေကတော့ ကျွန်တော့်ကို အဲဒါလေးလုပ်တာတစ်ခုနဲ့တင် အထင်တွေ စွတ် ကြီးနေတော့တာကိုး။
“ကောင်လေးကပုံစံကသာထောင့်မကျိုးတာ စိတ်ဓာတ်လေးကတော့ ကောင်းသား”... ဆိုပဲ။ နောက်မှ ပြန်ပြောပြတာ။

အဲ...တစ်ရက်တော့ ကျွန်တော် ကျောင်းသန့်ရှင်းရေး လုပ်ဖို့ ကျောင်းကို ရောက်ခါစ မနက် (၈)နာရီလောက်ပဲ ရှိသေးတယ်။ ကျောင်းကို ဘယ်သူမှ မရောက်သေးဘူး။

နှင်းအောင် ဆိုတဲ့ကောင်ရယ်...

ကျွန်တော့်ဆီကို သုတ်သုတ် သုတ်သုတ်နဲ့ ပြေးလာပါလေရော။
“ဟေ့ကောင် ငပိုင်၊ ဟေ့ကောင် ငပိုင်”
“ဟ...ဘာဖြစ်လာတာလဲဟ”
ဒီကောင် အသက်ကို မနည်းလုရူရင်းက ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီး ပြော တယ်။
“ခဏ...ခဏ လိုက်ခဲ့စမ်းပါ...ငါနဲ့”
“ဟင် ဘယ်ကိုတုန်း“
ဒီကောင် ကျွန်တော့်ကို ခေါ်မယ့်သာ လာခေါ်တာ ဘယ်ကိုခေါ်ရမှန်း စဉ်းစားထား ရသေးပုံမပေါ်ဘူးဗျ။ ဒီကောင် မျက်လုံးက ဟိုကြည့် ဒီကြည့်နဲ့ အိမ်သာဘက်ကို ရောက်တော့ မျက်နှာကြီး ချက်ချင်းပြုံးသွားတယ်။
“ဟုတ်ပြီ ...အိမ်သာကို လိုက်ခဲ့”
“ဟာ...အိမ်သာကို ဘာလိုက်လုပ်ရမှာတုန်း”
“လာစမ်းပါကွာ...မင်းကို ပြစရာရှိလို့ပါ၊ မင်းက အရေးထဲ သောက်စကားများ နေသေးတယ်”

အာ...ဒီကောင်ကတောင် ကျွန်တော့်ကို ပြန်ငေါက်လိုက်သေးတယ်။ ကျွန်တော် လည်း ရေးကြီးသုတ်ပြာ ကျွန်တော့်နောက်ကို လိုက်လာပြီး ပြစရာရှိတယ် ဆိုတော့ နည်းနည်းစိတ်ဝင်စားသွားတယ်။ အဲဒီအချိန်အထိလည်း အတွင်းခံဘောင်းဘီကိစ္စ က ကျွန်တော့်ခေါင်းထဲကို ၀င်မလာသေးဘူးဗျ။

ဒီကောင်က ကျွန်တော့်ကို သူဝယ်လာတဲ့ အတွင်းခံ ဘောင်းဘီကို လာကြွားတာ။ အဲဒါကို ကျွန်တော်က မသိသေးဘူး။ သိရင် ဘယ်လိုက်လိမ့်မလဲဗျာ။ ဒီကောင် အူကြောင်ကြောင်လုပ်တာနဲ့ ကျွန်တော်လဲသူ့နောက်ကနေ အိမ်သာကိုလိုက်သွား ရော...

အိမ်သာလည်း ရောက်ရော ကျေးဇူးရှင်က အိမ်သာထဲကို စွတ်ခနဲဝင်ပြီး ကျွန်တော် ဘက်လှည့်လိုက်တယ်။

ကျွန်တော်က အိမ်သာ အပြင်ဘက်မှာ တံမျက်စီးလေး ကိုင်ပြီး တအံ့တသြ ရပ်ကြည့်နေတာ။ ဒီကောင် ဘာလုပ်မလို့ပါလိမ့်ပေါ့။ ဒီကောင် ကျွန်တော့်ကို ပြုံးစစ နဲ့ သေချာစိုက်ကြည့်လိုက်သေးတယ်။ မျက်နှာပေးကတော့ တော်တော့်ကို ပျော်လာ ပုံပဲဗျ။
ဒီကောင်လေ ...ခါးကိုကုန်း၊ ပုဆိုးအောက်စကိုကိုင်ပြီး ကျွန်တော့်ကို ရုတ်တရက်ကြီးလှန်ပြပါလေရော။ အမှန်က သူ့ဘောင်းဘီကို ကြွားတာပါ။ အဲဒါကို ဒီတိုင်းမကြွားဘဲ သေနာက ၀တ်ပြီးမှ လှန်ကြွားတာ။ ကျွန်တော် ခဏတော့ ကြောင် သွားသေးတယ်။

ပြီးတော့မှ တအံ့တသြနဲ့ ဒီကောင့် မျက်နှာကို လှမ်းကြည့်တော့... အံမယ် ကိုယ်တော်က မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ဘယ်နှယ့်လဲဆိုတဲ့ ပုံစံ နဲ့ မေးငေါ့ပြလိုက်သေးတယ်။ မျက်နှာကလည်း ဂုဏ်ယူနေပုံပဲ။

ကျွန်တော်လေ...။

အသေအလဲ အော်ရယ်ပစ်လိုက်တယ်။

အူကို နှိပ်မနေဘူး၊ ဟန်ကို မဆောင်နိုင်ဘူး။

ဘယ့်နဲ့ ဗျာ... သူဝတ်ထားတဲ့ ပုံစံကိုလည်း ကြည့်ဦး။
သူ့ပေါင်တံက မည်းမည်း သေးသေးလေးတွေ။ ဘောင်းဘီက ဆိုဒ်အကြီးကြီး။
ဆိုတော့ ... အတွင်းခံ ဘောင်းဘီဝတ်ထားတာနဲ့ မတူဘဲ ဘောလုံးကန် ဘောင်းဘီ ၀တ်ထားသလိုကြီးလေ။ ပွယောင်းယောင်းကြီးပေါ့ ။

အဲဒါထက်ဆိုးတာ တစ်ခုက ...

ဘောင်းဘီရဲ့ အရောင်က နီနီရဲရဲ။

ရှေ့တည့်တည့်မှာက နှင်းဆီပွင့် ဖြူဖြူကြီးက ဖွေးလို့ ...။ ဟီး...ဟီး။


မိန်းမ၀တ်တဲ့ ဘောင်းဘီကြီး။
သူ့အတွက်... သူ့အစ်မ၀ယ်လာပေးတဲ့ ဘောင်းဘီက ဆိုဒ်အကြီးဆုံး မိန်းမ၀တ် အတွင်းခံ အနီရဲရဲကြီးဗျာ။
ဟုတ်ကဲ့။ တကယ်ပါဗျာ။
အဲဒီ နှင်းအောင်ဆိုတဲ့ကောင် မိန်းမ၀တ်နဲ့ ယောက်ျားဝတ်တောင် ခွဲပြီးမသိတဲ့ ကောင်ပါ။

ကျည်တောင် အမှတ်တရများ(၂)

November 3, 2008
ကျွန်တော် ...

ရွာအကြောင်းပြောပြီးတော့ ကျွန်တော့်အကြောင်းပြောရဦးမယ်။
ကျွန်တော်က အဲဒီရွာမှာနေပြီး ...တစ်နှစ်လုံးကျောင်းတက်ခဲ့ရတာ။
အဲဒီတော့ ကျည်တောင်ရွာအကြောင်းကို ကျွန်တော်ပြောပြီဆိုရင် ကျွန်တော်ရယ်၊ မထင်ရင်မထင်သလို ပေါက် ကရလုပ်တတ်တဲ့ ကျွန်တော့် သူငယ်ချင်း ကျည်တောင်သားတွေရယ်က အဓိကဇာတ်ဆောင်နေရက ပါရတော့ မှာပေါ့။ အဲဒီတော့ ကျွန်တော့်အကြောင်း ကို အရင်မိတ်ဆက်ပေးရဦးမယ်ဗျ။

ကျွန်တော် ...။
ကျွန်တော်က (၉)တန်းအထိ ပျဉ်းမနားမှာပဲ ကျောင်းတက်ခဲ့တာပါ။ သူများတွေက ရွာကနေ မြို့ပေါ်ကို ကျောင်း လာတတ်ကြတာ မင်းကျမှ မြို့ပေါ်ကနေ ရွာပြန်ကျောင်း တတ်ရတယ်လို့ကွာလို့ ပြောမလို့လား။
ဟင့်အင်းဗျ ...။
အကြောင်းတရာတွေရှိလို့ပါ။
ကျွန်တော်ဆိုတဲ့ကောင်က ခပ်ဆိုးဆိုးခပ်တေတေဗျ။ (၉)တန်းတုန်းက တော်တော်ကြီးကို ဆိုးခဲ့တာ။ ရန်ဖြစ် တယ်။ ကျောင်းပြေးတယ်။ အရက်သောက်တယ်။
သိတယ် မဟုတ်လား။
အဲဒီလိုဆိုးတဲ့ ကျွန်တော့်ကို ကျွန်တော့်အိမ်ရဲ့ ကောက်ချက်က ဒီလို ...။
ဒီကောင်လား၊ ငယ်ငယ်တုန်းက လိမ္မာသလောက် အခု အတိုးချဆိုးတယ်၊ ဆိုးပြီပေါ့၊ ပေါင်းနေတဲ့လူတွေကမှ တစ်ယောက်မှ အကောင်းမရှိတာ၊ လူကကောင်းချင်ရက်နဲ့ အပေါင်းအသင်းဖျက်တယ်ဆိုတာ ဒါမျိုးပေါ့တဲ့ ။
အဲဒါက ထုံးစံဗျ။
ဆိုးတဲ့ သားသမီးကို အပြစ်တင်ချင်ရင် သူ့သူငယ်ချင်းတွေက ခံပေတော့ပဲ။ ကျွန်တော့်အိမ်ကလည်း ထုံးစံအတိုင်း ကျွန်တော့်သူငယ်ချင်းတွေကို အဓိက အပြစ်တင်တော့တာပဲ။ ကျွန်တော် ပျက်စီးတာ သူငယ်ချင်းပေါင်းမှားလို့တဲ့။ တကယ့်တကယ်က သူငယ်ချင်းတွေကကို မှားပြီး ကျွန်တော်နဲ့ လာပေါင်းဖြစ်တာပါ။ ဟုတ်တယ်လေ တစ်ချို့ဆို ကျွန်တော့်ကြောင့် တုတ်နဲ့ချောင်းအရိုက်ခံလို့ရိုက်ခံရ။ အိမ်ပေါ်က ဆင်းလိုဆင်းရ။ ကျွန်တော်က သူများကို ပြဿနာရှာ။ ခံရတော့ ကျွန်တော့်သူငယ်ချင်းတွေ။ အဲဒါကိုကျွန်တော့်အိမ်က သူငယ်ချင်းတွေကြောင့် ကျွန်တော် ပျက်စီးတာ ဆိုပဲ။
အားတော့နာပါတယ်။
ကျွန်တော်ကလည်း အမေတို့ မှားနေပြီ။ သူငယ်ချင်းတွေက လာပေါင်းတာ မဟုတ်ဘူး။ ကျွန်တော်ကမှားတာပါ။ ကျွန်တော့်ကြောင့်ပါလို့တော့ ဘယ်ရှင်းပြမလဲဗျာ။
အဲဒါမှ ကျွန်တော်လည်း အနည်းအပါး သက်သာမှာမဟုတ်လား။ အရင်က ကျွန်တော်ကလည်း စာတော်တဲ့ ကျောင်းသားစာရင်းဝင်။ တော်တော်လိမ္မာခဲ့တာဆိုတော့(၉)တန်းနှစ် ကျွန်တော်သောင်းကျန်းတာဟာ အထက် တန်းကျောင်းမှာ သူငယ်ချင်းပေါင်း မှားတယ် ဆိုတဲ့ အိမ်က လူကြီးတွေရဲ့ အမြင်ကို ပိုပြီး ခိုင်မာစေတာပေါ့။ အဲဒါ နဲ့ တစ်ချက်လွှတ်အမိန့်။
(၁၀)တန်းနှစ်ကို မြို့မှာ မနေရ။
ဆည်မြောင်းထဲက ဦးလေးဆီမှာနေ။
ကျည် တောင်မှာကျောင်းတတ်ပေါ့။
အဲဒီတုန်းကလည်း ဖြစ်ချင်တော့ ကျည်တောင်ကျောင်းက နာမည်ကြီးနေတာဗျ။
အမှန်က ကျည်တောင်မှာ အရင်က အလယ်တန်းကျောင်းပဲ ရှိတာ။ အဲဒီနှစ်ကို ရောက်မှ တွဲဖက်အထက် တန်းကျောင်းဖွင့်ဖြစ်ခဲ့တာ။
ဆည်မြောင်းနဲ့ အီးပီစီမှာလည်း (၉)တန်း၊ (၁၀)တန်းတက်ရမယ့် ၀န်ထမ်းသား သမီးတွေပါတယ်။ ကျည်တောင် မှာလည်း မြို့ကျောင်းကို ပြောင်းနေရမယ့် အထက်တန်း ကျောင်းသားတွေရှိတယ်။ ကျည်တောင်နဲ့ ပျဉ်းမနားနဲ့က (၁၅)မိုင်သာသာလောက်ဝေးတာဆိုတော့ ကိုယ့်ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်းဖွင့်ဖို့ ရွာလူကြီးပိုင်း တွေက အမျှော်အမြင်ကြီးကြီးနဲ့ စီစဉ်ထားကြတာ။ ကိုယ့်ရွာမှာ တွဲဖက်အထက်တန်းကျောင်း ဖွင့်လိုက်တော့ မိဘတွေလည်း အဆင်ပြေတာပေါ့။
ဆည်မြောင်းနဲ့ လျှပ်စစ်က လူကြီးပိုင်းတွေ ကမကထလုပ်ပြီး ရွာကလူကြီးတွေနဲ့ တွဲဖက်အထက်တန်းကျောင်း စဖွင့်တာ။ ဒါနဲ့ပဲ တွဲဖက်အထက်တန်း ကျောင်းဖွင့်ဖြစ်ကြတာပါ။ အဲဒီမှာ သူတို့ရည်ရွယ်ချက်က တော်တော် ကောင်းပါတယ်။ ပထမဆုံးတွဲဖက်ကျောင်း စဖွင့်တဲ့နှစ်မှာ(၁၀)တန်းကို အောင်ချက်ကောင်းကောင်းနဲ့ အောင်ရင် တရားဝင်အထက်တန်း ကျောင်းဖွင့်ခွင့်ပေးမယ်။ တွဲဖက်ကျောင်းရဲ့ ပထမဦးဆုံး (၁၀)တန်းကျောင်းသား တွေက လည်း နောင်နှစ် တရားဝင်အထက်တန်းကျောင်းဖွင့်ခွင့်ရအောင် ကြိုးစားရမယ်။ မိဘတွေ၊ လူကြီးတွေကလည်း အပြည့်အ၀ထောက်ပံ့ပေးမယ် ဆိုပါတော့။
ဆိုတော့ကာ
ဆရာတွေကို မြို့ပေါ်က တကယ့်ဆရာ အကောင်းစားတွေချည်းခေါ်သင်တယ်။ ရန်ကုန်က ဆရာတစ်ချို့တောင် စာမေးပွဲနီးတော့ လာပြီးသင်ပေးကြသေးတယ်။ တကယ်ကို အားကြိုးမာန်တက်ကို လုပ်ပေးခဲ့ကြတာပါ။ အဲဒီမှာ သူတို့ ကံဆိုးတာလား။ ကျွန်တော်ကံဆိုးတာလားတော့မသိဘူး။ အဲဒီကျောင်းကို ကျွန်တော်မောင်စုန်းပြူး က ကြောင်တောင်တောင်နဲ့ ရောက်လာပါလေရော။ ပထမတော့ ဆည်မြောင်းကနေတက်ရတာ။ ကျွန်တော့် ဦးလေးက ဆည်မြောင်းမှာ အေအီး (အင်ဂျင်နီယာချုပ်)ဗျ။
ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ ကျွန်တော့်အတွက် လှလှက ဒုက္ခကိုခေါ်ပြီး ရောက်လာပါလေရော။ (ဒုက္ခ လှလှရောက်တာကို ပြောတာပါဗျာ)
အားပါးပါး။ (၉)နာရီတက်ရမယ့်ကျောင်းကို မနက် (၆)နာရီခွဲလောက်ကစပြီး ဆည်မြောင်းကနေလာရတယ်ဗျ။
ကျောင်းကားကပေးတယ်။ ဒါပေမယ့် ကားမအားရင်တို့ ကားပျက်ရင်တို့တော့ ကိုယ့်အစီအစဉ်နဲ့ ကျောင်းသွား ရတယ်။ ကျောင်းကားကလည်းဗျာ။ မအားတာနဲ့ ပျက်တာနဲ့ချည်းပဲဆိုတော့ ကျွန်တော် ခြေလျင်ကြည့် ဒိုးရတာ များတယ်။
မြို့ပေါ်မှာလိုသာဆိုရင် ကျောင်းကို သွားမတတ်တော့ဘဲ ပြေးနေလိုက်တယ်။
အခုတော့ ကျောင်းပြေးရအောင်ကလည်း သွားစရာနေရာကမရှိဘူး။
အလုပ်ဆိုက်ထဲကနေ ကျောင်းတက်ရတာပါဆို။ အိမ်ကထွက်ရင် တော။ ကျောင်း မရောက်မချင်းတောလေ။ ကျွန်တော်က တောထဲမှာ တစ်ယောက်ထဲတော့ ကျောင်းမပြေးချင်ဘူးဗျ။ ပျင်းတာလည်း ပါတယ်။ ပြီးတော့ တောထဲမှာ တစ်ယောက်တည်း ကျောက် တာလည်းပါတယ်။
ပြောရဦးမယ် ဆည်မြောင်းဆိုတာက သူတို့ထဲမှာကို ခွဲထားတာအများကြီးဗျ။ ဆေဘယ်လ်ဆိုတဲ့ (အဆောက် အဦးကိုင်တဲ့ အဖွဲ့အစည်းက တစ်ဖွဲ့)။ မဂ္ဂနီကယ်ဆိုတဲ့(စက်မှုအဖွဲ့အစည်းကတစ်ဖွဲ့)၊ ပြီးတော့ ကျောက်တောင် တွေ မိုင်းခွဲတဲ့ အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့။ ကျွန်တော့် ဦးလေးတာဝန်ကျတာက စက်မှုကဆိုတော့ နေရတာက ဟိုးအဝေး ဆုံးရေပိုလွှဲမှာ (စပေးဝေး) လို့လည်းခေါ်တယ်ဗျ။
အဲဒီကနေ ကျောင်းတက်ရတာက တော်တော်ကြီးကို ပင်ပန်းတာပါ။ ကျွန်တော်အိပ်ရာထချိန်က မနက် (၆)နာရီလောက်။ (၆) နာရီခွဲလောက်မှာ ကျောင်းကို စလျှောက်။ (၉)နာရီအတိလောက် ကျောင်းကိုရောက်။ သေချင်စော်ကို နံရောဗျို့။
ကျောင်းဆင်းချိန် (၃)နာရီခွဲကို အိမ်ပြန်ရောက်ရင် (၆)နာရီပဲ။ လျှောက်လိုက်ရတဲ့ လမ်း လူကို သေမတတ်ပါပဲ။ နောက်တော့ ကျွန်တော် နည်းနည်းအသားကျသွားတယ်။ ကျဆို ခြေသလုံးသားတွေလည်း တုတ်လာပြီ။ အလေ့အကျင့်လည်း ရလာပြီလေ။ အဲဒီမှာ ကျွန်တော်တစ်ရက်တော့ အကြံရသွားတယ်ဗျ။
ကျောင်းပြန် တစ်ယောက်တည်း လမ်းလျှောက်ပြီး ပြန်ရတာ ပျင်းစရာကောင်း တယ်။ အပြန်လမ်းမှာ ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုခုလုပ်ရင်ကောင်းမယ်ပေါ့။
ဟုတ်ကဲ့။
ကျောင်းဆင်းတော့ ၀ီစကီတစ်ပြား ၀ယ်တယ်၊
ရေတစ်ဗူးဝယ်တယ်။

အာလူးကျော်တစ်ထုတ်ရယ်။ လန်ဒန်တစ်ဗူးရယ်ကို ၀ယ်ပြီး ကျွန်တော့်ရဲ့ အိမ်အပြန်တောင်တက်ခရီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ သောက်လိုက်၊ လျှောက်လိုက်၊ ပေါက်လိုက် ပေါ့။
ဗျာ...အိမ်ပြန်ရောက်ရင်လား။ စာကျက်ဖို့ မပြောနဲ့ ပင်ပန်းတာရော။ မူးတာရော။ ပန်လန်လက်လို့ ပက်လက်လန်ပဲ။
တစ်ရက်ကနေ နှစ်ရက်။ နှစ်ရက်ကနေ သုံးရက်ဆိုတော့ ကျွန်တော့်ဦးလေး ရိပ်မိသွားတယ်။ မှတ်မှတ် ရရ သုံးလေးချက်လောက် အဗျင်းခံလိုက်ရသေးတယ်။
နောက်မသောက်ဖို့ ပြောတယ်။ ကျွန်တော်ကလည်း ကတိပေးတယ်။ ပြီးတော့ သောက်တယ်။
ဦးလေးက ထပ်ဆူတယ်။ ဗျင်းတယ်။ ပြီးတော့ ငါဆယ်တန်းနှစ်တုန်းက ဆိုရင် ဆိုတဲ့ မရိုးနိုင်တဲ့ တောလားကြီးဖွင့်ပြီး သူဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြီးပျင်းခဲ့ ရကြောင်း ကျွန်တော့်ကို ဆုံးမတယ်။
အင်း ...အခု ခေတ်စားနေတဲ့ ကြက်ဖသီချင်းလိုပြောရရင် ...
ဘယ်ရမလဲ။ ကျွန်တော်ကလည်းပေါ့...
ကျောင်းတက်ရတာ အရမ်းပင်ပန်းတဲ့ အကြောင်းနဲ့။ ကျွန်တော့်ရည်မှန်းချက်တွေ တကယ်ဖြစ်လာဖို့စိတ်ကူးတွေက ဒီလိုကျောင်းကို လမ်းလျှောက်တက်ရတာနဲ့တင် လေထဲမှာ တိုက်အိမ်ဆောက်ရသလို ပျောက်ပျယ်သွားပြီဖြစ်တဲ့အကြောင်း၊ ကျွန်တော် အရမ်းစိတ်ပျက် တဲ့အကြောင်း... တကယ်ဆို ဦးလေးကို မချစ် မကြောက်လို့တော့ မဟုတ်တဲ့ အကြောင်း တကယ်လို့များ ဆယ်တန်းမှာ ကျရင် ဒီကျောင်းကို အတင်းတက်ခိုင်းတဲ့ ဦးလေးတို့မှာ တာဝန်မကင်းတဲ့အကြောင်း ... မူးကြောင်မူးကြောင်နဲ့ ရင်ဖွင့်တယ်။ အမှန်တော့ သူသနား အောင် လျှောက်ပြောတာပါ။ တကယ်ဆို ကျွန်တော့်မှာ အဲဒီတုန်းက ဘာရည်ရွယ် ချက်မှ ရှိတာမဟုတ်ဘူးဗျ။
ကြာတော့ ဦးလေးလည်း စိတ်ညစ်လာပုံရတယ်။ မင်းကို ငါတောင် မနိုင်တော့ဘူး လို့ အစချီပြီးပြောလိုက်တာ ... နောက်ဆုံးမှာ ...
နောက်ဆုံးမှာတော့ ဦးလေးက ကျွန်တော့်ဒုက္ခကို နားလည်သွားတာလား။ ကျွန်တော်အရက်သမားဖြစ်သွားရင် သူရင်ဆိုင်ရမယ့် ဒုက္ခကို သဘောပေါက် နားလည် သွားတာလား မသိဘူးဗျ။ ကျွန်တော် စာမေးပွဲကျရင် အရင်ဆုံး ကျွန်တော့်အမေနဲ့ တွေ့ရမှာက သူလေဗျာ။
ဒီလိုနဲ့ ...
ကျွန်တော့်ကို ကျည်တောင်ရွာထဲမှာ အိမ်ငှားပြီး ကျောင်းတတ်ခိုင်းတော့တာပဲ။
အဲဒီလိုနဲ့ ကျွန်တော် ပျဉ်းမနားသားဘ၀ကနေ ကျည်တောင်သားအဖြစ် ရွာမှာ ကျောင်းတက်ရတော့တာပဲ။
ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျို့။

“တောက် !.. (၃)”

November 2, 2008
ကျွန်းတစ်ကျွန်းပေါ်မှာပေါ့ ...။
သင်္ဘောပျက်ပြီး သောင်တင်နေတဲ့ လူသား (၃) ယောက်ရှိသတဲ့...။
တစ်ယောက်က ဆရာဝန်။
တစ်ယောက်က ရုပ်ရှင်မင်းသား။
တစ်ယောက်က ခြေသလုံးအိမ်တိုင် သင်္ဘောသား။

သူတို့ (၃)ယောက်ဟာ ကျွန်းပေါ်ကို ရောက်တာလည်း တော်တော်ကြာပြီဆိုတော့ ...
တော်တော်လေးကို ခင်မင်နေကြပြီပေါ့။
မခင်လို့လဲ မဖြစ်ဘူးလေ..။
ရှိတာမှ ဒီ (၃) ယောက်တည်းရယ်ကို....။

သူတို့ရဲ့  မျှော်လင့်ချက်က သူတို့ကို ကယ်တင်ခေါ်ဆောင်မယ့်
အခြားသင်္ဘောတစ်စင်းစင်းပေါ့...။
ဒါပေမယ့် သူတို့မျှော်နေတာက ကြာခဲ့ပါပြီ။
ကံဆိုးချင်တော့ သူတို့ရောက်နေတဲ့ ကျွန်းအနားကို ဘယ်သင်္ဘောမှ မကပ်ကြဘူး။

ဒီလိုနဲ့ နေလာလိုက်တာ ...
သူတို့ဟာ ကျွန်းသားကြီးတွေဖြစ်လို့...။
ဆရာဝန်လည်း ငါးမျှားတတ်ပြီ။
ရုပ်ရှင်မင်းသားလည်း အုန်းသီးခွဲတတ်ပြီ။
သင်္ဘောသားလည်း ....တစ်ကျွန်းလုံးကို နှံ့ နေအောင် လျှောက်သွားပြီးပြီ။

အဲ...တစ်ရက်တော့ ....
သူတို့ (၃) ယောက် ကျွန်းပေါ်မှာ လျှောက်သွားနေတုန်း...
တွေ့ ပါပြီ... မီးခွက်ဟောင်းတစ်လုံး....
သင်္ဘောသားက ကောက်ပြီး လက်နဲ့ ပွတ်လိုက်တာ...
ထုံးစံအတိုင်း မီးခွက်စောင့် ဘီလူးထွက်လာပါလေရော...။

“သခင်တို့ရဲ့  ကျေးဇူးကြီးလှပါတယ်...ခင်ဗျာ..
ကျွန်ုပ်ဆီက အလိုရှိတဲ့ ဆု (၃)ဆု တောင်းနိုင်ပါတယ်ခင်ဗျာ...”

ဟေးးးးးး... ကော်တာပဲ၊
လူက (၃)ယောက် ၊
ဆုက (၃)ဆု၊ ကွက်တိမှ ကွက်တိ။

ဆရာဝန်က အမြန်ဆုတောင်းလိုက်တယ်။
“ငါ့ ... အိမ်ကို မြန်မြန် ပြန်ပို့ပါ..မြန်မြန်ပြန်ပို့ပါ”

“အပ်ချလောင်း”

ရောက်သွားပါလေရော...သူ့အိမ်ကို ....

ဒီတစ်ခါ ရုပ်ရှင်မင်းသား...။
“အိုး... ငါ့ရဲ့  မင်းသမီးလေးဆီကို
အမြန်ရောက်ပါစေဗျာ”


လာစမ်းဟဲ့ .. “အပ်ချလောင်း”
သူလဲ သူ့ရဲ့  မင်းသမီးဆီကို ဂျောင်း..။


နောက်ဆုံးက ကလေကချေ သင်္ဘောသား..
အံမယ်.. သူက ဘီလူးကို စိတ်တွေဘာတွေ ဆိုးလို့..

“တောက်! မင်းကွာ တော်တော်ဆိုးတဲ့ ဘီလူး..
အရင်က ဒီကျွန်းပေါ်မှာ တို့ (၃)ယောက်ဆိုတော့ ပျော်စရာကောင်းသေးတယ်..။
အခု မင်းလုပ်တာနဲ့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။
ငါက တစ်ယောက်ထဲဆို ပျင်းတယ်ကွ..
အခုချက်ချင်း ပြန်ခေါ်ပေး ...သူတို့ နှစ်ယောက်ကို ....” တဲ့..
ကဲ... ဘီလူးလဲ ဘယ်တက်နိုင်ပါ့မလဲ....

“အပ်ချလောင်း”