လယ်သမားကြီးနှင့် နွားအို

October 13, 2008
အခုတစ်လော .. အခက်အခဲတွေ တော်တော်များများ ကြုံရတယ်။ စိတ်ပျက်စရာကောင်းလောက်အောင်ပါပဲ။ အခက်အခဲကို အခွင့်အလမ်းတစ်ခုလို သဘောထားပါဆိုတဲ့ စာတွေလည်း ကျွန်တော်ဖတ်ဖူးပါတယ်။ တကယ်တမ်းလက်တွေ့ကျတော့ အဲဒီလို သဘောထားဖို့ကလည်း မလွယ်လှဘူးမဟုတ်လား။ တက်ကျမ်းစာအုပ်တွေ တော်တော်များများကို ဖတ်ဖူးပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် အသိဥာဏ်တိုးတာက လွဲပြီး ကျွန်တော် အဲဒီစာအုပ်တွေထဲက အတိုင်း အောင်အောင်မြင်မြင် တစ်ခါမှ မလုပ်နိုင်ခဲ့ပါဘူး။

အဲ..တစ်ရက်တော့ ကျွန်တော့် စာအုပ်တွေကို ရှင်းရှင်းနဲ့ ဗလာစာအုပ်အဟောင်းလေးတစ်အုပ် ပြန်တွေ့ပါတယ်။ အဲဒီစာအုပ်လေးက ကျွန်တော်ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ စာတွေ ၊ ကဗျာတွေကို ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်လေးပါ။ အဲဒီ မှတ်စုလေးကို ပြန်ဖွင့်ကြည့်ရင်းနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် သတ္တိမွေးပေးခဲ့တဲ့ စာလေးတစ်ပုဒ်ကို ဖတ်မိပါတယ်။ ကျွန်တော်ရေးခဲ့တုန်းက ဘာရယ်မဟုတ်ဘဲ ကြိုက်လို့ဆိုပြီး ကူးရေးထားခဲ့တဲ့ စာလေးပါ။ ဒါပေမယ့် အခုလို အချိန်မှာ ပြန်ဖတ်ရတော့မှ တော်တော်တန်ဖိုးရှိတဲ့ စာလေးလို့ လက်ခံမိပါတယ်။ ကိုယ်ကြိုက်တဲ့စာတွေ ကဗျာတွေကို ငယ်ငယ်ကတည်းက စုဆောင်းတတ်တဲ့ ၀ါသနာကိုပဲ ပြန်ပြီး ကျေးဇူးတင်မိပါသေးတယ်။ အဲဒီဝါသနာကို မွေးဖွားပေးခဲ့တဲ့ မေမေနဲ့ ဆရာဇော်ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

စာလေးက ဒီလိုပါ ...

လယ်သမားအိုကြီးတစ်ယောက်ရှိပါတယ်။ သူဟာ ငယ်စဉ်က အလွန်ပဲ ဆင်းရဲခဲ့ပေမယ့် မလျော့တတ်တဲ့ ဇွဲနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ချမ်းသာလာခဲ့သူပါ။ သူ ဘ၀ကို အရှုံးမပေးဘဲ လူတန်းစေ့ နေနိုင်ဖို့ ကြိုစားခဲ့စဉ်မှာ သူနဲ့အတူ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ နွားအိုကြီးပါ။ ပျိုမြစ်စဉ်အခါက သူတို့လူတစ်ယောက်နဲ့ နွားတစ်ကောင်ဟာ ဘယ်လိုအခက်အခဲနဲ့ပဲ တွေ့တွေ့နောက်မတွန်စတမ်း ရင်ဆိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်း နွားအိုကြီးဟာ သူ့ကိုလူချမ်းသာတစ်ယောက်ဖြစ်အောင် တည်ဆောက်ခဲ့စဉ်ကတည်းက ပါရမီဖြည့်ပေးခဲ့တဲ့ သူမို့ သူဟာ နွားအိုကြီးကိုတော့ အလွန်ပဲ သံယောဇဉ်ကြီးသူပါ။

ဘ၀ကို စပြီး ရင်ဆိုင်စဉ်ကတည်းက သူနဲ့ အတူရှိခဲ့တဲ့ နွားအိုကြီးဟာ ...သူလူချမ်းသာတစ်ယောက်ဖြစ်စဉ်ကလည်း သူ့အနားမှာ ရှိခဲ့သူပါ...
ဟော .......အခု လူလောကရဲ့ ထုံးစံအတိုင်း သူအရာရာကို ပြန်လည်ဆုံရှုံးချိန်မှာလည်း သူ့နွားအိုကြီးကတော့ သူ့အနားမှာ ရှိနေပေးတုန်းပါပဲ....
တကယ်တော့ သူနဲ့ နွားအိုကြီးဟာ ..သူတို့ရွာကနေပြီး မမျှော်လင့်ခဲ့ဖူးတဲ့ အဆုံးအရှုံးတွေများစွာကို ရင်မဆိုင်ချင်တော့လို့ တောထဲကို ထွက်ခွာလာခဲ့ကြသူတွေပါ။

အခုတော့ လယ်သမားကြီးမှာ ငယ်စဉ်ကလို အရာရာကို ရင်ဆိုင်နိုင်တဲ့ အစွမ်းတွေ နည်းနည်းမှကို မကျန်တော့ပါဘူး.. သူဟာ အခုအချိန်မှာ အိုမင်းလာပြီဖြစ်တာမို့ ဘာယုံကြည်ချက်မှ မရှိတော့ပါဘူး။ တောထဲ တောင်တဲမှာ သူဟာ အရာရာကို လက်လျှော့လိုက်ပြီိဆိုတဲ့ စိတ်ဓာတ်နဲ့ လောကကို အရှုံးပေးပြီး ထွက်ခွာလာခဲ့တာပါ...သူ့လက်ထဲမှာတော့ သူ့ရဲ့ သစ္စာရှိ နွားအိုကြီးတစ်ကောင်သာ ပါပါတော့တယ်။
ဒီလိုနဲ့ ...
တောထဲရောက်တဲ့အခါမှာတော့ သူ့ရဲ့ နွားအိုကြီးဟာ ကံဆိုးစွာနဲ့ တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားပါတယ်။
လယ်သမားကြီးဟာ ဘယ်လိုပဲ ကြိုးစားပေမယ့် နွားအိုကြီးကို ကယ်တင်ဖို့ မတတ်နိုင်ပါဘူး။
တကယ်တော့ နွားအိုကြီးလိုပဲ လယ်သမားကြီးကလည်း အိုမင်းနေခဲ့ပါပြီ။

တွင်းထဲကနေ ကယ်ပါယူပါ အော်ဟစ်နေတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နွားကြီးကို ကြည့်ပြီး လယ်သမားကြီး အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဒီနွားကြီးဟာ သူငယ်စဉ်ကတည်းက သူနဲ့အတူ ဘ၀ကို ဒေါင်ကျကျ ပြားကျကျ ဖြတ်သန်းပေးခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံး မိတ်ဆွေပါ.။ ဒီနွားကြီးရဲ့ ကျေးဇူးဟာ သူ့အပေါ်မှာ အလွန်ပဲ များပါတယ်။ သူမိသားစု၊ သူ့ ကြွယ်ဝမှု၊ သူလုပ်ခဲ့တဲ့ ကုသိုလ်ဒါနတွေအားလုံးဟာ ဒီရောင်းရင်းကြီးနဲ့ အစပြုပြီး ရှာဖွေ ရရှိခဲ့တာမို့ သူ နွားကြီးကို ဒီအတိုင်းပစ်မထားခဲ့နိုင်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းကြီးကို တွင်းထဲက ကယ်တင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါမှာ သူစဉ်းစားရပါတော့တယ်။

ဒီအတိုင်းထားခဲ့ပြီး ထွက်သွားရမလား။
ဟင့်အင်း... မဖြစ်နိုင်ပါဘူး။
ဒီလို တွင်းထဲမှာ အစာငတ်ရေငတ်နဲ့ သူ့နွားကြီးကို တောထဲမှာ ပစ်ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
တောထဲမှာ ညဆိုရင် အဖွဲ့လိုက်ကျက်စားလေ့ရှိတဲ့ ၀ံပုလွေအုပ်၊ တောခွေးအုပ်တွေနဲ့များ တွေ့သွားခဲ့ရင် သူ့ရဲ့ သူငယ်ချင်းဟာ ဆိုးဝါးလှတဲ့ ဝေဒနာတွေနဲ့ သေဆုံးသွားရမှာဖြစ်ပါတယ်။
တကယ်တော့ သူ့အတွက် အဖြေကရှားပါးလှပါတယ်။ သူလုပ်သင့်တာ တစ်ခုကို လုပ်ရတော့မှာ ဖြစ်ပါတယ်။
သူ့ရဲ့နွားကြီးဟာ အိုမင်းလှပါပြီ။ ပြောရရင် နောက်ထပ်အသက်ရှင်ဖို့နေ့ရက်တွေကလည်း သိပ်မကျန်လှတော့ပါဘူး။ အခုဆိုရင် သူနဲ့ သူ့နွားအိုကြီးနဲ့ သူနဲ့ဟာ သိပ်မကြာခင်မှာ ရောက်လာတော့မယ့် သေမင်းကို ရင်ဆိုင်ဖို့စောင့်နေတဲ့သူတွေပါ။
အဲဒီတော့ လယ်သမားကြီးက ဒီလိုစဉ်းစားပါတယ်။
““ အင်းလေ.. မင်းသွားပြီး မကြာခင်မှာ ငါလည်း မင်းနောက်ကို လိုက်လာရတော့မှာပါ။
ဒါပေမယ့် မင်းက တမလွန်ကို အရင်သွားဖို့ ဖြစ်လာခဲ့ပြီဆိုတော့ ငါက မိတ်ဆွေကောင်းပီသစွာနဲ့ မင်းကို ဘ၀ကူးကောင်းအောင် ကူညီပေးပါမယ်။
တောကြီးတစ်ခုထဲက မြေဆွေးကျင်းကြီးထဲမှာ မင်းတစ်ယောက် အစာငတ်ရေငတ်နဲ့ သေမယ့်ရက်ကို စောင့်နေရမှာထက်စာရင်...
တောထဲက သားစားအရိုင်းကောင်တွေရဲ့ ကိုက်ဖဲ့စားသောက်မှုဒဏ်တွေနဲ့ မင်းသေရမှာထက်စာရင် ... မင်းကို အဲဒီထက်ပိုသက်သာတဲ့နည်းနဲ့ တမလွန်ကို ပို့ဆောင်ပေးဖို့ ငါတာဝန်ယူပါ့မယ်။ မင်းကို ချစ်လွန်းလို့ ဆိုတာကိုတော့ မင်းနားလည်သဘောပေါက်စေချင်ပါတယ် ...သူငယ်ချင်းရေ ””လို့ တွေးမိပါတယ်။

အဲဒီလိုနဲ့ သူဟာ မြေကျင်းထဲကို မြေကြီးတွေ ပစ်ချပါတော့တယ်။ သူ့စိတ်ထဲမှာ သူ့နွားကြီးကို အရှင်လတ်လတ်မြေဖို့ပစ်တယ်ဆိုတာကို မတွေးပဲ .. သေဆုံးသွားတဲ့ သူငယ်ချင်းကောင်းနွားကြီးကို မြေဖို့ သဂြိုလ်နေတယ်လို့ သဘောထားပြီး လုပ်နေခဲ့တာပါ။ အဲဒီလိုလုပ်နေရင်းကနေ ..သူ့မျက်ဝန်းထဲမှာ ငယ်စဉ်ဘ၀ကတည်းက သူနဲ့ သူ့နွားကြီးနဲ့ တက်ညီလက်ညီနဲ့ ဘ၀ကို ကျော်ဖြတ်ခဲ့ကြပုံတွေကို ပြန်မြင်ယောင်ရင်း ၀မ်းနည်းနေခဲ့ပါတယ်။

အဲဒီလို ...သူခံစားနေခဲ့တဲ့ အချိန်မှာပဲ....
သူ့ရဲ့ နွားကြီးကတော့ အဲဒီလို မတွေးပါဘူး။
သူ့မိတ်ဆွေရောင်းရင်းကြီးဟာ သူ့ကို မြေကြီးတွေ ဖို့ပြီး သတ်တော့မယ်ဆိုတာကို သူမသိပါဘူး။
သူဟာ အစောပိုင်းက အော်ပြီးဟစ်ပြီး သူ့မိတ်ဆွေကို အကူအညီတောင်းနေခဲ့ပေမယ့် အခုတော့ အဲဒီလိုလုပ်တာဟာ အပိုပဲ ဆိုတာကို တွေးမိသွားပါတယ်။ တကယ်တော့ အဲဒီလို အော်ဖို့ဟစ်ဖို့တောင်မှပဲ သူ့မှာလည်း အားမကျန်တော့ပါဘူး။ အခုအချိန်မှာ သူလုပ်နိုင်တာက သူ့သခင်ကယ်တင်မယ့် အချိန်ကို စိတ်ရှည်ရှည် စောင့်နေဖို့ပဲ ရှိပါတော့တယ်။
ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ပိုပြီး တိတ်ဆိတ်သွားတဲ့ တွင်းဝက အသံတွေကြောင့် သူ့သခင်ဟာ သူ့ကို ထားရစ်ခဲ့ပြီလားလို့ သူ့စိတ်ထဲမှာ ထင်လာပါတယ်။ သူဟာ ဒီတွင်းနက်နက် တောနက်နက်ထဲမှာ သေဆုံးရတော့မလား ..သူတွေးရင်း ကြောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ... နွားအိုကြီးဟာ သူ့သခင်အတွက် သူ့တစ်သက်လုံး မညည်းမညူ ကြိုးစားလုပ်ကိုင်ပေးခဲ့တာတွေ၊
သူ့သခင်ကလည်း သူ့ကို သိပ်ကြင်နာခဲ့တာတွေ.. ။ လယ်ကွက် ကျဉ်းကျဉ်းကလေးကနေ လယ်ကွက် အကျယ်ကြီးဖြစ်လာအောင် အခက်အခဲတွေ အများကြီးကြားထဲကနေ သူတို့ အတူတကွ ရုန်းကန်ခဲ့ရတာတွေ၊ အိမ်သေးသေးလေးကို အိမ်အကြီးကြီးဖြစ်အောင် ကြိုးစားခဲ့ရတာတွေကို ပြန်လည်မြင်ယောင်လာပါတယ်။
အဲဒီလို မြင်ယောင်မိတော့ သူ့စိတ်ထဲမှာ ဘယ်တော့မှ ဇွဲမလျော့တတ်တဲ့ သူ့ရဲ့ သခင်အကြောင်းကို တွေးမိလာပါတယ်။ သူ့သခင်ဟာ ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘယ်တော့မှ နောက်ဆုတ်အရှုံးပေးတတ်သူ မဟုတ်ဘူးဆိုတာ သူသတိရလာခဲ့ပါတယ်။ ဒီအခြေအနေထက် ဆိုးတဲ့ အခြေအနေတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့သခင်ဟာ ဒီလို အခက်အခဲလေးလောက်နဲ့တော့ သူ့ကို မထားခဲ့ဘူးလို့ သူအားတက်လာခဲ့တယ်။

ဒီအချိန်ဆိုရင် အပေါ်မှာ ကျန်နေခဲ့တဲ့ သူ့သခင်ဟာ.... သူ့ကို ကယ်ဖို့ အတွက် တစ်စုံတရာကြိုးပမ်းနေမှာပဲလို့ သူယုံကြည်သထက် ယုံကြည်လာခဲ့တယ်။ သူဟာ အားရှိသလောက် တောင့်ခံပြီး သူ့သခင် ကယ်မယ်အချိန်ကို စောင့်နေရမယ်လို့ တွေးနေတုန်းမှာပဲ သူ့ကျောကုန်းပေါ်ကို မြေစိုင်ခဲတွေ ပြုတ်ကျလာခဲ့ပါတော့တယ်။

သူအလန့်တကြား မော့ကြည့်လိုက်တဲ့အချိန်မှာ သူ့သခင်ဟာ သူ့ပေါ်ကို မြေစိုင်ခဲတွေ ပစ်ချနေတာကို မြင်လိုက်ရပါတယ်။
အဲဒီမှာ နွားအိုကြီးဟာ စဉ်းစားပါတယ်။ သူ့သခင်ဟာ သူ့ကို မြေဖို့ပြီး သတ်တာလား။
သူ မယုံကြည်ပါဘူး။
ဒါဟာ သူ့ကို သူ့သခင်က ကယ်တင်ဖို့ လုပ်နေတာပဲ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ သူ့ကျောကုန်းပေါ် ကျလာတဲ့ မြေစိုင်ခဲတွေကို ခါချလိုက်ပါတယ်။

တွင်းပေါ်က လယ်သမားကြီးက ၀မ်းနည်းစွာနဲ့ မြေစိုင်မြေခဲတွေကို ပစ်ချနေခဲ့သလို ..
နွားအိုကြီးကလည်း သူ့ကျောကုန်းပေါ်ကို အဆက်မပြတ်ကျလာတဲ့ မြေစိုင်ခဲတွေကို ခါချပြီး သူ့သခင်ကယ်တင်မယ့်အချိန်ကို စောင့်နေတယ်။
အဲဒီလိုနဲ့ အချိန်တော်တော်ကြာလာတဲ့အခါမှာ သူခါချလိုက်တဲ့ မြေကြီးတွေဟာ တွင်းထဲမှာ တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ သူဟာ ကျောပေါါ်ကျလာတဲ့ မြေကြီးတွေကို ခါထုတ်တယ်။ ပြီးတော့ ခါချလိုက်တဲ့ မြေဆိုင်ခဲတွေပေါ်ကို တက်ရပ်လိုက်တယ်။ မြေဆိုင်ခဲတွေ ထပ်ကျလာတယ်။ သူက ခါချပြီး အဲဒီမြေစိုင်ခဲတွေပေါ်ကို တက်ရပ်လိုက်ပါတယ်။
ဒီလိုနဲ့ သူဟာ တွင်းနှာခမ်းဝနဲ့ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပါတယ်။
အဲဒီလို တွင်းနှာခမ်းနဲ့ နီးလာလေလေ..သေမင်းနဲ့ ဝေးသွားလေလေမို့ သူ အားမလျှော့ပဲ ကျောကုန်းပေါ်ကျလာခဲ့သမျှ မြေစိုင်ခဲတွေကို ခါချနေခဲ့ပါတယ်။

အဲဒီလို တွင်းဝနဲ့ နီးကပ်လာပြီဖြစ်တဲ့ နွားအိုကြီးကို ကြည့်ပြီး လယ်သမားကြီးဟာ တအံ့တသြဖြစ်သွားပါတယ်။
တကယ်တော့ သူက သူ့နွားကြီးကို မြေဖို့ပြီး သတ်နေခဲ့တာပါ။ သေစေတော့ရယ်လို့ စေတနာမပါပေမယ့် သူကယ်တင်ဖို့ လက်လျှော့ခဲ့တာတော့ အမှန်ပါ..။
လယ်သမားကြီး ကိုယ့်ကိုကိုယ် အရမ်းပဲ ရှက်သွားပါတယ်။
နောက်ဆုံး လက်လျှော့လိုက်ပြီဆိုတဲ့ အချိန်မှာတောင် အခွင့်အရေးတစ်ချို့ဟာ ရှိနေဆဲပဲဆိုတာကို သူ ငယ်စဉ်ကတည်းက သင်ကြားလေ့လာသိရှိထားပြီးသား ဖြစ်ပေမယ့် သူ့ဟာ အိုမင်းမှုဆိုတဲ့ သိမ်ငယ်စိတ်တွေနဲ့ သူ့ရဲ့ သစ္စာအရှိဆုံးနွားအိုကြီးကိုတောင် သူ့လက်နဲ့ ပြန်သတ်မိမလိုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ နွားအိုကြီးကတော့ အိုမင်းနေတဲ့ ကြားကပဲ မလျှော့သောဇွဲနဲ့ သေမင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာပါလားလို့ စဉ်းစားမိရင်း သူစွန့်ခွာခဲ့တဲ့ ရွာဘက်ကို ပြန်ပြီးလှမ်းမျှော်ကြည့်မိပါတယ်။
သူ တွင်းထဲကို ငုံကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ သူငယ်ချင်းဟာ ကျောကုန်းပေါ်က မြေစိုင်ခဲတွေကို ခါချနေတုန်းပါပဲ။

အမှား (၁)

September 29, 2008
ပထမဦးဆုံး အမှားကိုပြောမယ်ဗျ....
ပထမဦးဆုံးအမှားက ဒီလို ...

ပထမဦးဆုံးစသောက်တဲ့ အရက်မှာပေါ့ ..
မူးပြီးအိမ်ပြန်လာတယ် ...
အဖေကတော့ ဆော်တော့မှာပဲ ...
မူးနေပေမယ့် အဲဒါကိုသိတယ် ... အဲဒီအထိ မမှားသေးဘူး ။
အဖေ မဆော်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားတယ် ..

အမေ့ကိုရှာ ...
တွေ့တွေ့ချင်း ပြေးဖက်ပြီး ငိုပြလိုက်ရင် သက်သာမယ်ထင်တယ် ..
အမေက ချွဲလို့ရတယ် ...
``မသောက်ဘူးလို့သောက်တာပါ..
နောက်မသောက်တော့ပါဘူး...ဘာညာ..ဘာညာ...´´

ဒါဆိုအေးဆေး ...
အဲဒီလိုထင်တာ ...

ဒါနဲ့ အိမ်ပေါ်ရောက်ရောက်ချင်း နောက်ကနေ ပြေးဖက်ပြီး ...
``အမေ ..သားမှားပါတယ် ...
နောက်ကို ဘယ်တော့မှ မသောက်တော့ပါဘူး ...´´

ပြောမလို့ ရှိသေးတယ် ...
ဖက်ထားတဲ့ လက်ကို ရုန်းပြီး လက်သီးနဲ့ ထိုးတော့ မှ ...
...............................................................
...............................................................
ဟိုက်ရှားဘား .... အဖေကြီးဖြစ်နေပါရော့လား ....

အဲဒီနောက် .. သုံးလေးရက်လောက်အထိ ပါးကြီးယောင်နေခဲ့တာ...
အခုထိ မှတ်မိသေးတယ်....
အဖေက... ဟေ့ကောင်.. နောက်တစ်ခါသောက်ရဲ သောက်ကြည့်....တဲ့...
ဟုတ်ကဲ့ ..
ကျွန်တော် ထပ်သောက်ဖြစ်ပါတယ်...
ပြီးတော့ ထပ်မှားပါတယ်.....
အရက်နဲ့ ပတ်သက်ပြီး အကြိမ်တစ်ရာ၊ တစ်ထောင် မပြည့်ပေမယ့်
တော်တော်လေးများများတော့ မှားခဲ့တာပါ...
နောက်တော့ ဆက်ရေးပါမယ်။


“အရက်သမား အမှားတစ်ထောင်ဆိုတဲ့ စာအုပ်ရှိပါတယ်”
``မင်းလူလား ...သုမောင်လား မသိဘူး´´
သူတို့သာ သိရင်တော့ ထိုင်ငိုနေတော့မှာပဲ ...

လု...လူ...လူး...

September 26, 2008
အဲဒီနေ့က ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။
ဆံပင်ဘုတ်သိုက်နဲ့။ တစ်ညလုံး မအိပ်ရသေးတဲ့ မျက်တွင်းဟောက်ပက်မှာ မျက်ရည်တွေနဲ့။
ကျွန်တော်ကတော့ နားမလည်နိုင်သေးဘူး။
မင်းဘာဖြစ်လာတာလဲ ပေါ့။ သူချက်ချင်း စကားမပြောနိုင်ဘူး။ ကျွန်တော့်ကို မျက်နှာသေကြီးနဲ့ စိုက်ကြည့်နေတယ်။

ကျွန်တော် သိလိုက်ပြီ။
သူဘာကြောင့် လာသလဲ ကျွန်တော်သိလိုက်ပြီ။ သူအရမ်းဝမ်းနည်းနေတဲ့အကြောင်းကို သိလိုက်ပြီ။

“ကလေးဘာဖြစ်လို့လဲ။ မီးငယ်ဘာဖြစ်လဲ။ ငါ့ကို မြန်မြန်ပြောစမ်း” ကျွန်တော် အလောတကြီးမေးမိတယ်။
သူ ပြန်မဖြေနိုင်ပါဘူး။ သူ့ဆို့နင့်နေတယ်။
ပြီးတော့ . . . ကျွန်တော်ဆို့နင့်နေတယ်။ တကယ်တော့ သူပြန်ဖြေစရာမလိုတဲ့ အဖြေကို ကျွန်တော်သိပြီးသားပဲ။

သူ့မှာ တစ်နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိတယ်။
မီးငယ်လို့ ကျွန်တော်ခေါ်ပါတယ်။ ကလေးက ကျန်းမာရေး မကောင်းဘူး။
ဒီကောင် .. ကလေးကို အရင်ကတည်းက သေချာကုသင့်တာ။ ဒါပေမယ့် ငွေကြေးပြသနာတွေကို အကြောင်းပြပြီး အချိန်ဆွဲနေခဲ့တာ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဆေးရုံတင်ဖို့ဆိုပြီး ကျွန်တော့်ဆီက ငွေလာချေးတယ်။
နောက်ရက်ရောက်တော့ ဖုန်းဆက်ပြီး “ငပိုင် မင်းသမီးလည်း အခုထိ မသက်သာနိုင်ဘူးကွာ”တဲ့။
ဆေးရုံမှာ ဆက်နေရဦးမယ်လို့ပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော် နားလည်ပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ သူအတွက် ဆေးရုံနောက်တစ်ရက်ထပ်နေခွင့်ဟာ .. ခက်ခဲမယ်ဆိုတာကိုပေါ့ ။

ကျွန်တော် ပိုက်ဆံထပ်ယူပြီး ဆေးရုံကိုသွားခဲ့တယ်။ တကယ်တော့ သူ့သမီးလေး မီးငယ်ဆိုတာက ကျွန်တော့်သမီးလို့ပြောရင်တောင် ရပါတယ်။ ကျွန်တော်က သူ့သမီးလေးကို ငယ်ငယ်လေးထဲက ထိန်းခဲ့တာ ...။ အခုနောက်ပိုင်း သူတို့မိသားစု သာကေတကို ရွှေ့သွားမှ ကျွန်တော်နဲ့ ဝေးသွားတာ။ ဒါတောင် တစ်လတစ်ခါလောက်တော့ သူတို့အိမ်ကိုသွားပြီး ကလေးနဲ့တွေ့နေကျ။

အဲဒီလိုနဲ့ ဆေးရုံကိုရောက်တော့ မီးငယ်က ကုတင်ပေါ်မှာ မျောနေပြီ။ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်ကိုကြည့်ပြီး အခြေအနေကို ကျွန်တော် တွက်ဆခဲ့တယ်။ ငွေ မလိုက်နိုင်ခဲ့ရင် အသက်မရှင်နိုင်တဲ့ ရောဂါမျိုး။
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မီးငယ်လေး ခံစားနေရတာကို ကြည့်ပြီး ဘယ်လောက်တောင်ခံစားရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော် တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။
တကယ်တော့ ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာဆိုတာက ကလေးအသက်ကို ပြန်လုယူဖို့အတွက် မလုံလောက်မှန်းသိပါတယ်။ ကျွန်တော် အဲဒီနေ့က အလုပ်ခွင့်ယူပြီး တစ်နေကုန်ပိုက်ဆံလိုက်ရှာတယ်။ ရသလောက်ကို သူငယ်ချင်းရဲ့ လက်ထဲကို ထည့်ပြီး အားမငယ်နဲ့ကွာ ဆိုတဲ့စကားကို ပြောမိတယ်။
ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ကတော့ အားငယ်နေခဲ့တာပဲ။ သူတို့မိသားစုအရေးဟာ ကျွန်တော့်အရေးပါပဲ။ ဒီသူငယ်ချင်းက
ဘယ်တော့ဖြစ်ဖြစ် သူများအကူအညီကို တောင်းချင်ခဲ့တဲ့ကောင်မဟုတ်ဘူး။
အခုတော့ ကလေးအတွက် ကျွန်တော့်ကို အကူအညီတောင်းတယ်။ ဒါပေမယ့် သူမျက်လုံးအကြည့်တွေကို ကျွန်တော်ကောင်းကောင်း နားလည်တယ်။ ပြောရရင် ဖခင်တစ်ယောက်ရဲ့ အပူနဲ့ ခံစားချက်ကို သူ့မျက်လုံးတွေကို ကြည့်ပြီး ကျွန်တော် ခံစားလို့ရတယ်။
ကျွန်တော်တောင် မီးငယ်အတွက် ဒီလောက်ပူရင် ဒီကောင် ဘယ်လောက်တောင် ပူမလဲ။ သူ့မိန်းမကတော့ ငိုလို့သာ နေတယ်။

သူငယ်ချင်းက ဆေးစာရွက်တစ်ခုကို ပြပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့။
ကျွန်တော်ယူလာခဲ့တဲ့ ပိုက်ဆံက ဆေးဖိုးငွေရဲ့ အစွန်းထွက်တောင် မရှိဘူးဆိုတာ အဲဒီတော့မှ သိရတယ်။ နောက်တစ်ခါ ပြန်ပြီး ပိုက်ဆံရှာဖို့ ထွက်ရပြန်တယ်။
ကျွန်တော် ရနိုင်သလောက် ရှာပြီးသွားပြီး။ ဘယ်မှာ ထပ်ရနိုင်မလဲ။ ခေါင်းပူအောင် စဉ်းစားရင်း မြို့ထဲမှာ လျှောက်သွားနေမိတယ်။ ဘယ်ကိုသွားရင်ကောင်းမလဲ။ ဘယ်လိုရှာရင်ကောင်းမလဲ။

ကိုယ့်ဘေးက ဖြတ်သွားတဲ့ ကားအကောင်းစားတွေကို ကြည့်ပြီး သမီးလေးရဲ့မျက်နှာကို ပြန်မြင်ယောင်မိတယ်။ လောကမှာ ရေများရာသာ မိုးရွာတတ်တဲ့ နိယာမဟာ ကျွန်တော့်အတွေးမှာ ခါးသက်လွန်းလှတယ်။ မိုက်မိုက်မဲမဲ ဓါးပြတိုက်ချင်စိတ်တောင် ပေါက်လာတယ်။ ကျွန်တော် ပိုက်ဆံကို ဘယ်မှာ ဘယ်လိုရှာမလဲ။ ဒါဟာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အပူဆိုတာထက်
ကျွန်တော့် သမီးလေးအတွက် ကျွန်တော့်ရဲ့ အပူတစ်ခုလိုပဲ ခံစားနေရတယ်။ ကျွန်တော် ဘာလုပ်နိုင်မလဲ။

ဖျက်ကနဲ အတွေးထဲမှာ ထူးအောင်ဆိုတဲ့ သူငယ်ချင်းကို သတိရမိတယ်။
ထူးအောင်ဆိုတာ ကျွန်တော့်သူငယ်ချင်းပါ။
သူ မိန်းမ ခိုးပြေးတုန်းက ကျွန်တော် ဆွဲကြိုးကို ပေးလိုက်ဖူးတယ်။ သူမိန်းမခိုးပြီး ပြန်လာတော့ ကျွန်တော့်ကို ပြန်ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို အဲဒီဆွဲကြိုးကို သူ့မင်္ဂလာဆောင်မှာ ပြန်လက်ဖွဲ့လိုက်တယ်။
ဒီကောင်က ပျဉ်းမနားသားပဲ။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း။ ပြောရရင် ရန်ကုန်ကိုတောင် ကျွန်တော်ခေါ်ခဲ့တာပေါ့။ အလုပ်တစ်ခုမှာ လူလိုနေတုန်း မင်းလုပ်ချင်ရင် ရန်ကုန်လာခဲ့ဆိုပြီး သူ့ကို လှမ်းခေါ်ခဲ့တာ။ ရောက်ခါစကလည်း ကျွန်တော့် အခန်းမှာ နေပြီး အလုပ်လုပ်တာ။ နောက်မှ သူ့အလုပ်ကို ပြောင်းပြီးနေတာ။
ကျွန်တော် သူ့အပေါ်မှာ တော်တော်များများ ကျေးဇူးပြုဖူးတယ်။ အခုသူနဲ့ ရတဲံ့ မိန်းမက ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းကဆိုတော့ ကျွန်တော်အကူအညီတောင်းရင် ရနိုင်မှာပဲလို့ တွက်မိတယ်။

အရေးထဲ သူ့လိပ်စာကို ကျွန်တော် မမှတ်မိဘူး။ မတွေ့ဖြစ်တာကလည်း ကြာသွားခဲ့ပြီလေ။
ဒါနဲ့ ကျွန်တော် ရုံးကို ပြန်လာပြီး သူ့လိပ်စာကိုရှာရတယ်။ တော်တော်ကြာကြာက ပစ်ထားခဲ့တဲ့ ဒိုင်ယာရီထဲမှာ ကျွန်တော် သူ့လိပ်စာကို ပြန်တွေ့တော့ ပျော်လိုက်တာဗျာ။ တော်ပါသေးရဲ့ပေါ့။ ကျွန်တော် သူ့အိမ်ကို ကားငှားပြီးပြေးတယ်။ သူ့အိမ်က စမ်းချောင်းမှာ ..
ကျွန်တော်မှာ ကျန်တဲ့ လက်ကျန်ပိုက်ဆံကို နျမြောမနေတော့ဘူး။ အချိန်က သိပ်မရှိဘူး။ သူ့ဆီရောက်ရင် အနည်းအကျဉ်းတော့ ရမှာပဲဆိုပြီး ကားငှားပြီးပြေးတယ်။ မီးငယ်အတွက်ဆေးက အရင်ဆေးဖိုးတွေ ပေးနိုင်မှ ထပ်ယူလို့ရမှာ။

ကျွန်တော် သူ့အိမ်ကို လွယ်လွယ်ကူကူတွေ့ပါတယ်။
အိမ်ပေါ်ရောက်ရောက်ခြင်းလည်း သူနဲ့ တန်းပြီးတွေ့တာပါပဲ။ ကံကောင်းနေသေးတယ်ပေါ့။
သူ့မိန်းမနဲ့ သူနဲ့ က ထမင်းစားဖို့ ပြင်နေကြတာ။

“ဟာ .......ငပိုင်”
“ ဘယ်လိုဖြစ်ပြီးရောက်လာတာတုန်းကွ။ လာလာ တစ်ခါတည်း ထမင်းဝင်စားလိုက်”
ဟာ .. ကျွန်တော်ထမင်းမစားရသေးဘူးပဲ။ ဗိုက်က အဲဒီတော့မှ ဆာလာတယ်။ သူတို့ထမင်းစားနေတုန်းလဲ ပိုက်ဆံဆွဲဖို့အကြောင်း မပြောချင်သေးဘူး။ သူ့မိန်းမလဲ ရှိနေတော့ စားပြီးမှပဲ ပြောတော့မယ်ပေါ့။ အားနားရမယ့်သူလည်း မဟုတ်ဘူး ကျွန်တော် ထမင်းဝိုင်းကို ၀င်ထိုင်လိုက်တယ်။

သူ့မိန်းကက ထမင်းခူးပေးပါတယ်။
ကျွန်တော်နဲ့ သူ့မိန်းမက အရမ်းမရင်းနှီးပေမယ့် ကျွန်တော် သူတို့ကို အားနာစရာမလိုပါဘူး။ ကျွန်တော် အခက်အခဲအတွက် သူတို့ဆီကို ဒီတကြိမ်ပဲ လာခဲ့တာ။ ပြီးတော့ သူတို့ကိုကြည့်ရတာလည်း ရွှေတွဲလဲ ငွေတွဲလည်းဆိုတော့ ကျွန်တော် အားရှိတာပေါ့။


ဒါပေမယ့်ဗျာ ....
အဲဒီမှာ ကျွန်တော့် စိတ်ဓာတ်တွေကို အရောင်အဆိုးခံလိုက်ရတာပါပဲ။
ကျွန်တော့် ဘ၀အတွက် အနာကျည်းဆုံး အဖြစ်တွေစတော့တာပါပဲ။ တစ်ခါမှလည်း အဲဒီလောက် မရှက်ခဲ့ဖူးဘူးဗျာ။

သူ့မိန်းမရယ်လေ....
စားပွဲပေါ်က ၀က်သားဟင်းကို ဘာမပြော ညာမပြောနဲ့ ဆက်ခနဲကောက်ပြီး သူနဲ့ သူ့ယောင်္ကျားနဲ့ ကြားထဲကို ချလိုက်တယ်။ သူတို့နှစ်ယောက်ကြားထဲကိုဆိုတာတောင်မှ ခုံပေါ်က သူတို့နှစ်ယောက်ကြားထဲကို မဟုတ်ဘူးဗျ။ ခုံအောက်ထိသွင်းပြီး သူတို့နှစ်ယောက်ရဲ့ ကြားထဲကို ချလိုက်တာ။ စားပွဲပေါ်မှာ ကျန်ခဲ့တာက ချဉ်ပေါင်ဟင်းနဲ့ တို့စရာနဲ့ ငရုပ်သီးကျော်နဲ့။
ဝက်သားဟင်းကို ကျွန်တော် နှိုက်မှာ ကြောက်လို့ဆိုတဲ့ ပုံစံပါ။

ကျွန်တော် “တောက်“ တစ်ချက်ခေါက်လိုက်မိတယ် ..ထင်တယ်။
ထမင်းဝိုင်းက ချက်ချင်းတိတ်သွားတယ်။
အစောပိုင်းက ထူးအောင်က ကျွန်တော့်ကို မတွေ့တာကြာတဲ့အကြောင်း...
ပျဉ်မနားကို ပြန်ဦးမယ့်အကြောင်းတွေပြောနေတာပါ။ သူလည်း ချက်ချင်းတော့ ရိပ်မိပုံရပါတယ်။
ဒါပေမယ့် ..... ကျွန်တော်က ထူပူနေပြီ။ ဘာမှကို မမြင်နိုင်၊ မသိနိုင်တော့တာ။ မျက်ရည်ကလည်း ၀ဲတက်လာပြီ။

ဟုတ်တယ်ဗျာ..။
ကျွန်တော် အရမ်းရှက်သွားတယ်။ ရှက်တယ်ဆိုတာကလည်းဗျာ....။
သူတို့ရဲ့ အောက်တန်းကျတဲ့စိတ်ကို ပြန်ရှက်မိတာပါ။
ကျွန်တော့်သူငယ်ချင်းထူးအောင်ဆိုတဲ့ကောင်လား..။
ဘာစကားတစ်ခွန်းမှ မပြောဘဲနဲ့ အားနာချင်ယောင်ဆောင်ထားတဲ့ မျက်နှာပေးနဲ့ပေါ့။
ကျွန်တော် ချက်ချင်းထပြန်လာခဲ့တယ်။ တစ်လမ်းလုံးလည်း ဒေါသနဲ့ နာကြည်းစိတ်နဲ့ ပေါင်းပြီး ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။

ဆေးရုံမှာ ကျွန်တော် ပြန်အလာကို စောင့်နေမယ့် သူငယ်ချင်းနဲ့ ကုတင်ပေါ်က ဝေဒနာခံစားနေရတဲ့ ကလေးငယ်ရဲ့ မျက်နှာ...။
ပြန်လာရင် ဆက်ဆက်ပေးမှာပါ။ အခု ကြိုပေးထားနှင့်ပါလို့ ကျွန်တော်တောင်းပန်ခဲ့တဲ့ ဆေးရုံအောက်က ဆေးရောင်းတဲ့ ဆိုင်ပိုင်ရှင်မျက်နှာ။
ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ မျက်နှာ။
ယုတ်စွအဆုံး ဆေးရုံအောက်က အပေါက်စောင့်ကုလားရဲ့ မျက်နှာ..။
.................................
...........................................
ကျွန်တော် ဘယ်လိုပဲ ရှာပေမယ့် အဲဒီနေ့က ပိုက်ဆံထပ်မရပါဘူး။
ဆေးရုံက သူငယ်ချင်းဆီ ဖုန်းလှမ်းဆက်ရတယ်။ မနက်ဖန်မှ ငါငွေရှာလာခဲ့မယ်။
လောလောဆယ် အဆင်ပြေအောင် လုပ်ထားနှင့်ပါလို့ပေါ့။
.................................
.................................................

ဒီနေ့မှာတော့ ကျွန်တော့်သူငယ်ချင်း အငိုမျက်ခွက်နဲ့ ကျွန်တော့်ဆီရောက်လာခဲ့ပြီ။
အခြေအနေကို ကျနော် မေးစရာမလိုပါဘူး။
အံကို တင်းအောင် ကြိတ်ထားမိတယ်။
လက်သီးကို နာနာ ဆုတ်ထားမိတယ်။
ကလေးငယ်ရဲ့ မျက်နှာ..
ဟိုခွေးလင်မယားရဲ့ မျက်နှာ...
ကျွန်တော့် သူငယ်ချင်းရဲ့ မျက်နှာ...
.....ကျွန်တော် လူတွေရဲ့ စိတ်ကို အရမ်းရွံလာမိတယ်။

လူတိုင်းမဟုတ်ဘူုးဆိုတာကို သိပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော် လူတွေအားလုံးကို မုန်းချင်နေတယ်။
လောကမှာ လူတွေရဲ့ စိတ်ကို ပြောင်းလဲနိုင်တာ ငွေကြေးဆိုရင်...
ငွေကြေးထက် တန်ဖိုးရှိတာက မရှိတော့ဘူးတဲ့လားဗျာ..

ဘာပဲဖြစ်ဖြစ် ငွေကြေးထက်
ကိုယ့်အသက်ရှင် ရပ်တည်မှု ....
ကိုယ်ကျင့်တရား...
သိက္ခာတရား.........တွေကို
တန်ဖိုးထားတတ်တဲ့သူတွေကို ကျွန်တော် မြင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုအဖြစ်အပျက်မှာ ကျွန်တော် သင်ခန်းစာကောင်းကောင်းတစ်ခု ရလိုက်ပါတယ်။
အဲဒါကတော့ ... မမျှတဘူးဆိုတာပါပဲ...။
လူယုတ်မာတွေနဲ့ လူသူတော်ကောင်းတွေနဲ့ဟာ .. ကမ္ဘာပေါ်မှာ ဘယ်တော့မှ မျှတစွာ ရှိနေမှာ မဟုတ်ဘူးဆိုတာပါပဲ။
ငရဲပြည်က ကျယ်ပြီး.. နတ်ပြည်ကတော့ ကျဉ်းပါတယ်။
ဘာပဲဖြစ်ဖြစ်...အဲဒီအချိန်မှာ ......
ကျွန်တော့် အဘွားပြောဖူးတဲ့
“လု၊ လူ၊ လူး” ဆိုတဲ့ ဆုံးမစကားကို ပြန်ကြားယောင်မိတယ်။

ကျွန်တော့် သူငယ်ချင်းက ကျွန်တော့် ပုခုံးကို ဖက်ပြီး ၀မ်းနည်းပမ်းနည်း ငိုနေပါတယ်။
အင်း....
ပြောရရင် အံကြိတ်ထားတယ် ဆိုပေမယ့် ကျွန်တော်မှာလဲ မျက်ရည်တွေနဲ့ ပါပဲ။

သူများခြံစည်းရိုးမှာ သံမှိုတွေ ရိုက်ထားခဲ့မိသလား....

ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်မျှဝေချင်ပါတယ် ...
ဘယ်လိုခေါင်းစဉ်နဲ့ ဘယ်လိုရေးတယ် ဆိုတာ မမှတ်မိတော့ပါဘူး ...
ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားတာပါ..

သူများရဲ့ စိတ်ဓာတ်နှလုံးသား ခြံစည်းရိုးမှာ
သံမှိုတွေ ဘယ်လောက်များများ ရိုက်ခဲ့ပြီးပြီလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိနိုင်တော့အောင် များပါတယ်၊
ဒီစာလေးကို ဖတ်ပြီးနောက်မှာ ကျွန်တော် တော်တော်များများ ဆင်ခြင်နိုင်ခဲ့ပါတယ်။



အရင်က အရမ်းစိတ်တို၊ စိတ်ဆက်တဲ့ လူငယ်တစ်ယောက်ရှိပါတယ် ..
ပြသနာတစ်ခု ဖြစ်ပြီဆိုရင် သူက စိတ်တိုတာက အရင် ...။
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဟာ သူ့စိတ်ဓာတ်ကြောင့် သူနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူး။
မိသားစုဆိုတာ သူ့ဒဏ်တွေကြောင့် မကြာခဏ စိတ်ဆင်းရဲရတယ်...
သူ့ရဲ့ အပြောအဆို.... သူ့ရဲ့ သဘောထားနဲ့ .....
သူ့ရဲ့ အပြုအမူတွေဟာ စိတ်တို ၊ စိတ်ဆက်တတ်တဲ့ သူတွေရဲ့ ထုံးစံအတိုင်း အမှားများပါတယ် ...
ပြသနာတိုင်းဟာ သူ့ဘက်က မှန်နေရင်တောင်
နောက်ဆုံးမှာ သူ့ရဲ့ အကျင့်ကြောင့် သူ့ရဲ့ အလွန်တွေပဲ ဖြစ်ဖြစ်သွားတတ်ပါတယ် ..
ဒီလိုနဲ့ သူဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှန်း မသိ ....ကင်းကွာလာခဲ့ပါတော့တယ် ....။

တစ်နေ့မှာတော့ သူ့အဖေက သူ့ကို လက်ဆောင်တစ်ခုပေးပါတယ်
အဲဒါက ဘာလဲဆိုတော့ သံရိုက်တူ တစ်ချောင်းနဲ့ သံတစ်ထုပ် ပါ ........
ပြီးတော့ အဖေလုပ်သူက မှာပါတယ် ...
ငါ့သား.......မင်းဟာ စိတ်တို၊ စိတ်မြန်တဲ့သူ တစ်ယောက်ဖြစ်တယ် .......
မင်းအတွက် ပတ်ဝန်းကျင်လဲ ထိခိုက်နိုင်တယ် ..မင်းကိုယ်တိုင်လဲ ထိခိုက်ပါတယ် ..
အဲဒီတော့ .... ဒီအချိန်က စပြီး မင်းစိတ်တစ်ခါတိုရင် ..
ငါတို့အိမ်နောက်က ခြံစည်းရိုးဝင်းထရံမှာ သံတစ်ချောင်းသွားရိုက်ပါ ။
ဘာအတွက်လည်း ဆိုတာ ဒီသံမှိုတွေ ကုန်ရင်ပြောပြပါ့မယ် .... လို့ ပြောပါတယ် ....

ဒီလိုနဲ့ သားလုပ်တဲ့သူဟာ
သူစိတ်တိုပြီဆိုရင် သံမှိုနဲ့တူ ဆွဲပြီး နောက်ဖေး ခြံစည်းရိုးကို ပြေးပြေးပြီး ရိုက်ပါတယ် ...
တစ်နေ့မှာ အကြိမ်တော်တော်များများ စိတ်တိုနေတဲ့သူဆိုတော့
သူ့အဖေပေးတဲ့ သံမှိုတော်တော်များများဟာ နောက်ဖေးဝင်းထရံကို ရောက်သွားတော့တာပါပဲ ......

ဒီလိုနဲ့ ကြာလာတော့ သူ သံမှိုတွေ သွားသွားရိုက်ရတာကို စိတ်ပျက်လာတယ် ...ငြီးငွေ့လာတယ်ဆိုပါတော့ .....
နောက်ဖေးကို သံမှိုရိုက်မယ့်အစား တိုနေတဲ့ စိတ်ကို မတိုအောင်ထိန်းရတာ ပိုသက်သာတယ်လို့ သူထင်လာခဲ့တယ် ....
အဲဒီလိုနဲ့ သူ့ စိတ်ကို သူထိန်းပြီးနေလာလိုက်တာ ...
တစ်နေ့ ဆယ်ခါကနေ ကိုးခါ.....
ကိုးခါက ရှစ်ခါ ....
......................
......................

နောက်ဆုံးမှာ သူသံတစ်ချက်မှ မရိုက်ရတဲ့နေ့ကို ရောက်လာပါတော့တယ် ...
သူ့အဖေဆီကို သူဝမ်းသာအားရသွားပြောတယ် .......
အဖေ ....ကျွန်တော် ဒီနေ့ စိတ်မတိုအောင်နေနိုင်ခဲ့တဲ့အတွက် သံတစ်ချက်မှ မရိုက်နိုင်တော့ဘူးပေါ့ .....
သူဟာ တဖြည်းဖြည်းနဲ့ စိတ်ရှည်သီးခံတတ်သူ တစ်ယောက်ဖြစ်လာခဲ့တဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်ပြောပြခဲ့ပါတယ်။

အဲဒီတော့ ... သူ့အဖေက သူ့ကို ထပ်ပြောပြန်တယ်။
အေး ....ဒီနေ့လို ....
တစ်ခါမှ စိတ်မတိုတဲ့နေ့ .....သံတစ်ချက်မှ မရိုက်ရတဲ့နေ့တစ်နေ့ဆိုရင်
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံတွေကို တစ်နေ့ တစ်ချောင်းနှုန်းနဲ့ ဆွဲနှုတ်ပါဦး ...
စိတ်မတိုရတဲ့နေ့ သံတစ်ချောင်းပေါ့ .......
သားဖြစ်သူဟာ သူ့အဖေရဲ့ မှာတမ်းအတိုင်း စိတ်မတိုတဲ့ နေ့ပေါင်းများစွာ....
ပြန်နှုတ်ယူခဲ့တဲ့ သံချောင်းပေါင်းများစွာနဲ့ အတူ
သူ့ပတ်ဝန်းကျင်မှာလည်း သူ့ သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်ကျေနပ်စရာ
ဘ၀တစ်ခုကို ပိုင်ဆိုင်လာနိုင်ခဲ့ပါတယ် ...

ဒီလိုနဲ့ တော်တော်ကြာတော့ ခြံစည်းရိုးက သံမှိုတွေ ကုန်တဲ့နေ့ကို ရောက်လာခဲ့ပြီလေ...
သူ ... သူ့အဖေကို သွားပြောပါတယ် ....
အဖေ နှုတ်စရာ သံမှိုတွေတောင် ကုန်သွားပြီ ပေါ့ ....

အဲဒီအခါမှာတော့ သူ့အဖေက သူ့ကိုခေါ်ပြီး အိမ်နောက်ဖေး ခြံစည်းရိုးဆီကို သွားပါတယ် .....

သား ........မင်း ...တို့ရဲ့ ခြံစည်းရိုးကို ကြည့်လိုက်စမ်းပါဦး ......
ပြန်နှုတ်ထားတဲ့ သံမှိုရာတွေနဲ့ ပြည့်နှက်ပြီး ရုပ်ဆိုးနေလိုက်တာ ........
သံတွေကို မင်းပြန်နှုတ်ယူနိုင်ခဲ့တဲ့ ဆိုပေမယ့် သံမှိုရာတွေပြန်ပျောက်သွားအောင်တော့ မင်းမလုပ်နိုင်ပါဘူး ..၊
လူ့ သဘာဝဟာလဲ အဲဒီလိုပါပဲ ငါ့သားရေ .......
မင်း ပြန်နှုတ်ယူနိုင်တယ် ထားဦးတော့ .........
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံမှိုရာတွေကတော့
ဘယ်တော့မှ မပျောက်နိုင်တဲ့ သေရာပါ အနာတရတွေ ဖြစ်ကျန်ခဲ့သလို ...
မင်းစိတ်တိုပြီး စော်ကားခဲ့ဖူးတဲ့သူတွေရဲ့ နှလုံးသား ခြံစည်းရိုး ၊ စိတ်ဓာတ် ၀င်းထရံတွေမှာလဲ
ပြန်ဖျက်လို့ မရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျန်နေခဲ့မယ်ဆိုတာ
အမြဲတမ်း သတိရနေပါနော် .......လို့ ဆုံးမခဲ့ပါတယ်။
.......................................................................
.......................................................................


သူငယ်ချင်းတို့ရေ ......
ကျွန်တော်တို့ သက်တမ်းတိုတိုလေးထဲက
နေ့ရက် တိုတိုလေးတွေထဲမှာ စိတ်အခန့်မသင့်တဲ့အခါ အကြိမ်ကြိမ်အခါ စိတ်တိုခဲ့ကြပါတယ် ..
ထိခိုက် နစ်နာခဲ့သူတွေရှိသလို ....
မထိခိုက်တဲ့အခါတွေလည်း ရှိပါတယ် ......
ဒါပေမယ့် သေချာတာကတော့ ..... စိတ်တိုတဲ့ အခါတိုင်းမှာ ...
ကိုယ် ကိုယ်တိုင် ပြန်ပြီး ထိခိုက်ရတယ်ဆိုတာပါပဲ ......
အခု အချိန်အထိ ကျွန်တော်လည်း ဘယ်သူ့ ခြံစည်းရိုးမှာ သံမှိုတွေ ဘယ်နှခါ ဘယ်နှချောင်း ရိုက်မိပြီးပြီလဲ ဆိုတာ .....
ပြန်စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ် .....
အခုတော့ တတ်နိုင်သမျှ စိတ်ထိန်းနိုင်တဲ့ အကျင့်လေးကို မွေးထားပါတယ် ....
ဒါတောင်မှ တစ်ခါတရံ သံမှိုတွေတူတွေ ကိုင်နေမိတုန်းပါပဲ ....

သူငယ်ချင်းတို့ကိုလည်း သူများ ခြံစည်းရိုးပေါ်မှာ ကိုယ့်သံချက်ရာတွေ မကျန်စေဖို့ .......
ဒီပို့စ်လေးကို မျှဝေပါတယ် ....
ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ......

ကျည်တောင်အမှတ်တရများ

September 25, 2008
အဲဒီနှစ်က ကျွန်တော် (၁၀)တန်းနှစ်ပေါ့ဗျာ။
ရွာကျောင်းမှာ တက်ရတာ။ ကျည်တောင်ဆိုတဲ့ရွာကလေးပါ။
ပျဉ်းမနားနဲ့ (၁၅)မိုင်လောက်တော့ ဝေးမယ်။ ကားလမ်းပေါက်တယ်။ လဘက်ရည်ဆိုင် ရှိတယ်။ ဂြိုလ်တုစလောင်းရှိတယ်။ ဘိလိယက်ခုံတွေ ရှိတယ်။ ပြောရရင် စီးပွားရေးကောင်းတဲ့ ရွာလေးတစ်ရွာပေါ့ဗျာ။
ကောင်းဆို ... အဲဒီရွာနားနီးပတ်ဝန်းကျင်က ရွှေထွက်တယ်ဗျ။ ရွာထဲမှာလည်း သံတိုင်ကိုင်နိုင်တဲ့ အရွယ်က စပြီး ရွှေရှာတတ်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအကုန်ကို ရွှေရှာတတ်တယ်။ သူတို့ ရွာသားတွေဆိုတာ များ လမ်းလျှောက်ရင် အောက်ကိုပဲ ငုံလျှောက်ကြသဗျ။ ကျောက်တုံး ဖြူဖြူတွေ့တာနဲ့ ကုန်းကောက်တော့တာပဲ။

ပြောရဦးမယ်ဗျ။ ကျွန်တော်က ဟိုးအရင်က ရွှေဆိုရင် ၀င်းဝင်းဝါ၀ါလို့ပဲ သိထားခဲ့တာဗျ။ တကယ်တော့ မသန့်စင်ရသေးတဲ့ ရွှေဆိုတာက ဖြူဖြူအနှစ်ကလေးတွေဗျ။ အဲဒီ ရွှေဖြူဖြူလေးတွေပါတဲ့ ကျောက်တုံးကို အမှုန့် ကြိတ်၊ ပြီးရင် ခမောက်လို ရွှေကျင်ဗန်းထဲထည့်ပြီး ပြဒါးနဲ့ အဲဒီရွှေမှုန်လေးတွေကို ဖမ်းရတာ။ ပြဒါးမှာ ရွှေမှုန်လေး တွေ ကပ်နေပြီဆိုမှ အဲဒီပြဒါးစက်လေးကို လက်နဲ့ဖိပြီး ညှစ်ချလိုက်ရော။ ရပြီပေါ့ .. ရွှေ။

ဒါပေမယ့် အဲဒီအချိန်မှာလည်း ရွှေက ဖြူဖြူလေးပဲ ရှိသေးတာဗျ။ အဲဒီရွှေကို ကြေးဇွန်းလေးထဲ ထည့်ပြီး မီးအပူပေးလိုက်မှ ရွှေရောင်ပေါက်ပြီး ရွှေနဲ့ တူတော့တာပဲ။ သန့်တော့ မသန့်သေးဘူးပေါ့လေ။ အဲဒါကို ရွာမှာ ရွှေလာကောက်တဲ့ ပွဲစားဆီကို ပြန်သွင်းကြတယ်။ တစ်နေရာရာများ ရွှေကြောတွေ့ပြီဟေ့လို့ သတင်းမထွက် လိုက်နဲ့။ တစ်ရွာလုံးက လူတွေ မရှိတော့ဘူး။ သံတိုင်ကိုယ်စီ၊ အိပ်ကိုယ်စီနဲ့ သူ့ထက်ငါ အရင် ဒိုးတော့တာပဲ။
ဘယ်လောက်တောင် ရလို့လဲ .. ဟုတ်လား။

ပြောရင် မအံ့သြနဲ့ဗျ။ ကျွန်တော်ရှိတုန်းကတော့ တစ်ဖွဲ့ကို (၁၅)ကျပ်သား။ (၂၀)သားလောက် ရကြတာ။ တစ်ဖွဲ့ကို (၈)ယောက်ကနေ (၁၀)ယောက်လောက်အထိပါကြတယ်ဗျ။ ရွှေကြောတွေ့တယ်ဆိုတဲ့ ကျောက်တောင်ဆီကိုသွား။ ကျောက်တုံးတွေကို သံတိုင်နဲ့ အတုံးလိုက်ဖွဲ့ပြီး ရွာကို ပြန်သယ်လာကြတာ။ ရွာမှာက အမှုန့်ကြိတ်စက် ရှိတယ်လေဗျာ။ အဲဒီမှာ ဆာလာတစ်အိပ်ကို (၁၀၀၀)နှုန်းနဲ့ ကြိတ်ပြီး ချေင်းထဲသွားပြီး ကျင်ဗန်းထဲထည့် ကျင်ကြတာ။ ရလိုက်တဲ့ ရွှေ။
အဖွဲ့တိုင်းရလားဆိုရင်.. ဟုတ်တယ်လို့ပဲ ဖြေရမယ်ထင်တယ်ဗျ။
ကျွန်တော်သိသလောက်တော့ အဖွဲ့တိုင်းကို ရကြတာ။ နည်းတာနဲ့ များတာတော့ ကွာတာပေါ့ဗျာ။
အခုတော့ အစိုးရက အဲဒီပတ်ဝန်းကျင်မှာ ပေါင်းလောင်းရေအားလျပ်စစ်စီမံကိန်းလုပ်လိုက်ပြီဆိုတော့ အရင်လို တော့ လွတ်လွတ်လပ်လပ်ရှာလို့ မရတော့ဘူးပေါ့ဗျာ။ ပြီးတော့ ကုမ္ပဏီတွေကိုလည်း လိုင်စင်နဲ့ လုပ်ကွက် ချပေးထားတော့ ရွာခံတွေကတော့ ခိုးကြောင် ခိုးဝှက်ရှာကြ တူးကြတာပေါ့ဗျာ။ အံမယ်....။ အရင်က များရွှေတွေ့ပြီဆိုရင် ကျောက်တုံးပေါ်မှာ ချီးပန်းထားသလို တွေ့တာဆိုပဲ။ အဲဒီလောက်တောင် ရွှေထွက်တဲ့ နယ်မြေပါတဲ့။

ကဲ ......... အဲဒီရွာသားတွေမှ မချမ်းသာ ။ ဘယ်ရွာသား ချမ်းသာမလဲ။
အင်း...........ပြီးတော့ သူတို့ရွာသားတွေ စီးပွားရေးအဆင်ပြေတဲ့ နောက်တစ်ချက်ရှိသေးတယ်ဗျ။ အဲဒါက ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပေါင်းလောင်းဆည်ကြီးကို အဲဒီမှာ လာလုပ်တာပဲ။ အဲဒီတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရေအားလျှပ်စစ်ဝန်ကြီးဌာနရယ်၊ ဆည်မြောင်းဝန်ကြီးဌာနရယ်က ၀န်ထမ်းတွေ အလုပ်သမားတွေက အဲဒီနားမှာ လာပြီး နေကြတာပဲ။
အဲဒီတော့ ရွာက အရောင်းအ၀ယ်ပါ ကောင်းလာတာပေါ့ဗျာ။
ရွာတစ်ရွာလုံးဆိုတာ ဈေးဆိုင်တွေချည်းပဲ။ လဘက်ရည်ဆိုင်တွေအပြင် ဘိလိယက်ခုံတွေ၊ ကာရာအိုကေ ဆိုင်တွေ၊ အရက်ဆိုင်တွေလည်း ထပ်တိုးလာပြီပေါ့။
တကယ်တော့ ရွာတစ်ရွာမှာ လဘက်ရည်ဆိုင်တစ်ဆိုင် ရှိဖို့ဆိုတာ ခက်သားလားဗျ။ အဲဒီရွာမှာတော့ (၃)ဆိုင်လောက်ရှိတယ်ဗျ။ ဂြိုလ်တုစလောင်းလည်း ရှိတယ်ဗျာ။ ဘောလုံးပွဲဒိုင်တောင် ရှိလိုက်သေး။
အဲ... ဘောလုံးပွဲဒိုင်ဆိုလို့ ပြောရဦးမယ်ဗျ။ အဲဒီရွာက လောင်းကစားလည်း တော်တော်လုပ်တဲ့ ရွာပေပဲ။
ညတိုင်းမှာ ဂလောက်ဂလောက်လို့ ခေါ်တဲ့ ကြက်၊ ကျား၊ အိုး ဆိုတဲ့ အံစာတုံးဝိုင်းရှိတယ်ဗျ။ ပြီးတော့ တစ်ရွာလုံးလည်း ချဲဒိုင်တွေ ချည်းပဲ။
ဟင်.........တစ်ရွာလုံးချဲဒိုင်ဆိုတော့ ဘယ်သူက ထိုးလဲလို့ မေးမနေနဲ့။ သူတို့အချင်းချင်းပဲ ပြန်ထိုးနေကြတာပဲ။
ပိုင်တော့ ပိုင်သဗျ။ ပိုက်ဆံပေးပြီး ထိုးစရာမလိုဘူး။ မင်းစာအုပ်ထဲက ဟိုအကွက် ငါ့ကိုပေး၊ ငါ့စာအုပ်က ဒီအကွက် မင်းပြန်ယူ၊ ကဲ.........မပိုင်ဘူးလား။ သူတို့ပိုက်ဆံနဲ့ရောင်းတာက လျှပ်စစ်တို့ ဆည်မြောင်းတို့က သူတွေပဲ ရှိတယ်ဗျ။

ပြီးတော့ အဲဒီရွာနဲ့ ပတ်သက်တဲ့ ဆိုရိုးစကားတွေလည်း ရှိတယ်ဗျ။
ကျည်တောင်ဆိုတာက ရွာကြီးတစ်ရွာ။ အဲဒီရွာနဲ့ ကပ်လျက်မှာ ခေါမဆိုတဲ့ ရွာတစ်ရွာရှိသေးတယ်။
စိမ်းတဲ့သူတွေဆိုရင် ကျည်တောင်နဲ့ ခေါမကို တစ်ရွာတည်းတောင်ထင်တာ။ ရွာနှစ်ရွာက ဆက်နေတာလေ။ ကျည်တောင်ရွာရဲ့ ဘေးမှာက ပေါင်းလောင်းမြစ်ကြီးရှိတယ်။ မြစ်ရဲ့ တစ်ဘက်ကမ်းမှာက သာယာကုန်းဆိုတဲ့ ရွာရှိတယ်။ ကျည်တောင်နဲ့ သာယာကုန်းကိုတော့ လူကူးတံတားကြီးတစ်ခုနဲ့ အခိုင်အမာဆက်သွယ်ထားတာဗျ။
အဲဒီတော့ သာယာကုန်းဆိုတာကလည်း ကျည်တောင်နဲ့ နှစ်ရွာ့တစ်ရွာ။
အဲဒီ ရွာသုံးရွာကို ပေါင်းပြီး စာဆိုလေးတစ်ခု စပ်ထားတာ။ သူတို့ စာဆိုလေးက ဒီလို။

“ကျည်တောင် မယားသ။ ခေါမ နွားသ။ သာယာကုန်း မယားသ” ..... ပါတဲ့။

ပြောမယ်ဆိုရင်လည်း ပြောစရာပါဗျာ။ ကျည်တောင်သူတွေ တော်တော်ကို လှကြတာ။ အလုပ်ကြမ်းမှ မလုပ်ကြဘဲလေ။ လယ်အလုပ် ယာအလုပ်တွေကို လူငှားနဲ့ လုပ်သဗျ။ အဲဒီရွာမှာ ကောက်စိုက်သမတောင် တော်တော်ရှားတယ်ဗျို့။ ကျည်တောင်သူတွေက ဈေးရောင်းတယ်။ ချဲရောင်းတယ်။ အလှပြင်တယ်။ ယောင်္ကျားတွေကလည်း ဘာမှ မပြောဘူးဗျို့။ သူတို့မိန်းမတွေ လှနေရင် ပြီးရော။
ဒါကြောင့် ကျည်တောင်ကို မယားသ ....တဲ့။
ခေါမ။
အဲဒီရွာက လူမိုက်ရွာ။ ထစ်ခနဲဆို .. ထီခနဲဆို .... ခုတ်ကြ၊ ထစ်ကြ၊ ရိုက်ကြ၊ ဒါကြောင့် ...
ခေါမ ဓါးသလို့ခေါ်တာ။

သာယာကုန်း။
အဲဒါကတော့ ရှင်းတယ်။ လယ်သမားများတယ်။ အားအားရှိ နွားပဲ ပြုစုနေတဲ့ရွာ။ ဘယ်လောက်တုန်းဆို နွားတွေကို နာမည်ပေးပြီး သားသမီးတွေလိုကို ထားတာ။
ကျော်သူ၊ ဒွေး၊ မေသန်းနု၊ မင်းမော်ကွန်း .... တဲ့။ ဟုတ်ကဲ့ .. ။ အဲဒါ သူတို့ ပေးထားတဲ့ နွားနာမည်တွေ။
တစ်ခါကများဆို သာယာကုန်းသားနဲ့ အကြောင်းပါတဲ့ ကျည်တောင်သူတစ်ယောက် (၂)လလောက်ပဲ ရှိသေးတယ် မိဘအိမ်ပေါ်ပြန်ဆင်းချလာရော..။ ယောက်ျားက သူ့ကို ဂရုမစိုက်ဘဲ သူ့နွားကိုပဲ ဂရုစိုက်နေ လို့တဲ့ဗျာ။ ကျွန်မကို ဖြတ်မလား၊ နွားကို ဖြတ်မလားမေးတာ.... နင့်ကို လယ်ထွန်ခိုင်းလို့ ရတာမဟုတ်ဘူး။ ငါ့နွားက ငါ့ကို လုပ်ကျွေးနေတာ။ ဖြတ်စရာရှိ နင့်ကိုပဲ ဖြတ်မယ်ဆိုလို့တဲ့ ။ ငိုလား၊ ရယ်လားနဲ့ သူ့အမေအိမ်ကို ပြန်ဆင်းချလာတာလေ။

အဲ...ခေါမ ဓါးသတာတို့ ...။
သာယာကုန်းနွားသ တာတို့က ပြသနာသိပ်မရှိဘူးဗျ။
ပြသနာက မယားသ တဲ့ ရွာ။ ကျည်တောင်။
ပြောပြီးပါပကော။ လျှပ်စစ်တို့ ဆည်မြောင်းတို့က အဲဒီရွာနဲ့ နီးပါတယ်ဆို။
အဲဒီက ၀န်ထမ်းတွေဆိုတာကလည်း သားတကွဲ၊ မယားတကွဲနဲ့ အလုပ်လာလုပ်နေကြတဲ့သူတွေ။ ပြီးတော့ ဆယ်ယောက်မှာ ကိုးယောက်လောက်က ဇိုးသမား၊ ဇယ်သမားတွေ။ တစ်နေကုန် အလုပ်လုပ်ပြီး ညဆိုရင် ကျည်တောင်ရှာထဲကိုလာပြီး အရက်သောက်ကြ၊ ကာရာအိုကေဆိုကြ၊ ဘိလိယက်လာထိုးကြနဲ့ဆိုတော့ တက်ပြီပေါ့ ပြသာနာ။

အဲဒီတော့ ကျည်တောင်ရွာအတွက် ``မယားသ´´ဆိုတဲ့ စာချိုးအပြင် နောက်စာချိုးတစ်ခု ထပ်ပေါ်လာပါလေရော။ အဲဒီစာချိုးကိုတော့ ဘယ်သူက စထွင်ပြီး ချိုးလိုက်သလဲမသိပါဘူး။ ကျည်တောင်ရွာသားတွေကတော့ ဆက်ဆက်ထိမခံနာ လိုက် ကြတာ။ ကျွန်တော့်ကိုတောင် သိပ်မကြည်ကြတော့ဘူး။ မကြည်ဆို ကျွန်တော်ကလည်း ဆည်မြောင်းသားလေ။ ဆည်မြောင်းထဲကနေပြီး သူတို့ရွာမှာ ကျောင်းလာတတ်ရတာကိုး။

သြော်....သူတို့ စာချိုးက ဒီလိုဗျ။

``ကျည်တောင်သူဆို ဝေးဝေးရှောင်
ကပ်ဆွဲပွတ်ဆွဲ တစ်သိန်းခွဲ
ကပ်ရှောင်ပွတ်ရှောင် သောင်းတစ်ထောင်´´...တဲ့။

ဘယ်သူက လွန်တာလဲတော့ မသိဘုးဗျ။
ကျည်တောင်က ကောင်မလေးတွေကို လက်ဆွဲလို့တို့၊ ပါးကိုင်လို့တို့...လျော်လိုက်ရတဲ့ ဆည်မြောင်းသား၊ အီးပီစီသားတွေဆိုတာ ကျွန်တော်သိတာတင် ဆယ်ယောက်မကဘူးဗျ။
ဟုတ်တယ်ဗျ။ တကယ်ပါ။ အဲဒီလောက်တောင် ကျည်တောင်သူတွေက စွဲဆောင်မှုရှိတာပါ။


ဇွဲဆု

September 21, 2008
သံယောဇဉ်ကိုအထားအသို မတတ်တော့ . .
ငါ့ရဲ့ မျက်တွင်းဟောက်ပက်က
ရေတွင်းလောက်နက်တယ်။

မ၀ံ့ရဲရဲအိပ်မက်ကို
အိပ်မက်ထဲထည့်မက်မိတာ ခုနှစ်ခါ
လန့်နိုးရတာလဲ ခုနှစ်ခါပါပဲ။
ငါ့ရဲ့ အဲဒီနိုးတစ်ဝက်အိပ်မက်တွေဟာ
ဘယ်တော့မှ မချိုနိုင်တာကိုလဲ သိတယ်။

တကယ်တော့ . . . .
ကြက်ယက်သလို ရှာထားရတဲ့ မေတ္တာတရားပါ . . .။
အခုတော့ ခွေးတစ်ကောင် အန်သွားခဲ့သလို
ဘာမှကို မကျန်ခဲ့ပြန်ဘူး။

ဖိတ်စာမပို့ဘဲ ရောက်လာခဲ့တဲ့ ဥပေက္ခာတရားတွေ
ငါ့ ရဲ့ ကမ္ဘာကို သိမ်းပိုက်ကျူးကျော်။
ကဲ ... သိမ်ငယ်ခြင်းတွေရေ ...
ပျော်သလိုသာ နေကြဦးတော့ ....
အခု .... ငါ ... ပြက္ခဒိန်ကို မော့မကြည့်ဘူး။

ကိုယ်စိုက်သလောက်ပဲပြန်ရနိုင်တာ နိယာမတရားဆိုရင်လေ
ကိုယ်ပေးသလောက် ပြန်မရတာက
လောကပါလရဲ့ နိုင့်ထက်စီးနင်းမေ့လျော့မှုများလား ...
တချို့အမှန်တရားတွေဟာ ...
ရံဖန်ရံခါမှာ အပ်ကျမပ်ကျ မှားတယ်။

ပြီးသင့်သလောက်နဲ့ မပြီးနိုင်သေးတဲ့ မျှော်လင့်ချက်တွေသာ
ပျှော်ရွှင်စရာ.... ဖြစ်လာနိုင်ဦးမယ်ဆိုရင်တောင်
ငါနောက်ဆုံးရချင်တာ တစ်ခုက
အကောင်းဆုံးဆိုတာတွေရဲ့နောက်
ဇွဲဆုလောက်သာ ဖြစ်ပါတယ်။

စိတ်မရှိတဲ့ကို

September 19, 2008
မိုးတွေ ညို့တယ် . . .
သူမျက်ဝန်းမှာ စိုနေပါသလား ..
ဖြေသိမ့်ချင်ပါသော်လည်း
ကံကြမ္မာတရားက ခြံစည်းရိုးခြားတယ်။

ကိုယ်စွမ်းသလောက်
ကြိုးစားခဲ့သော်ငြား .......
....................................
....................................
စေတနာအားပေးစကားက
တစ်နေရာစီခြားနေခဲ့တာဆိုတော့
ကြိုးလျော့နေတဲ့ ဂစ်တာတစ်လုံးလို
ခပ်ပျော့ပျော့ပဲ အသံထွက်နိုင်ခဲ့တယ်။

ကောင်မလေးရေ....
ကိုယ်မလာနိုင်ခဲ့ပေမယ့်
မျှော်ရုံကြည့်ရုံသက်သက်နဲ့တင်
မင်းအတွက် ညဆိုးရှည်တွေ နက်တယ် ...။

အစွယ်

ဖိုးလမင်းလည်း ..........
သူ့အဆင်းနှင့် အလင်းနှင့် ။

မီးတိုင်ငယ်လည်း ............
သူ့အရွယ်နှင့် အစွယ်နှင့် ။

စံပယ်ဦးလဲ ..........
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။

ပိတောက်ဝါလည်း ............
သူ့အခါနှင့် နံ့သာနှင့်။

မြစ်ပြင်နက်လည်း .............
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။

စမ်းချောင်းခွေလည်း ............
သူ့ ချောင်းရေနှင့် လောင်းလှေနှင့်။

(ဆရာတင်မိုး)

ပိုက်ဆံ

ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်....
လောကမှာ ငွေကသာ အရေးအကြီးဆုံး ....
ဒါမှ မဟုတ် ...
လောကမှာ ငွေအနည်းအများကသာ အရေးအကြီးဆုံး . . .
လို့ ထင်နေတယ်ဆိုရင်
အောက်ကို ဆက်ဖတ်လိုက်ပါဦး ...
နောက်ဆုံးက ပေးတဲ့ အကြံဥာဏ်လေးကိုလဲ လုပ်နိုင်သလောက် လုပ်ကြည့်ပါဦးနော်

ပိုက်ဆံရှိရင် ........

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာကိုတော့ ၀ယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကိုတော့ ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကိုတော့ ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင်တော့ ငွေနဲ့လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင် ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့ မရဘူး။

တွေ့တယ်နော် ...?
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား ...?
ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်
ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။

(အတ္တကျော်)

နေတက်ရင်ကျေနပ်စရာ .. ထင်သလောက်မဆိုးတဲ့ လောကပါ ..

မျှဝေပါဦးမယ်ဗျာ ...
လောကကြီးက ထင်သလောက်မဆိုးဘူးဆိုတာ .... သိစေချင်လို့ပါ ...
မယုံဘူးလား...ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းနည်းများ လျော့နေတယ်လို့ များထင်မိနေရင် ဖတ်ကြည့်စေချင်တယ်ဗျာ..


ဟုတ်ကဲ့ ...
တကယ်လို့သာ ကမ္ဘာ့လူဦးရေကို လူတစ်ရာ အတိအကျရှိတဲ့ ရွာတစ်ရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင်တဲ့ .....
အခု ...ကမ္ဘာပေါ်မှာ ရှိတဲ့ ....
လက်ရှိလူအမျိုး အစားက ဒီလောက်ပါတဲ့ ခင်ဗျာ ....

လူ 100 မှာ အာရှတိုက်သားက 57 ယောက်
ဥရောပတိုက်သားက 21 ယောက် ....
အနောက်တိုင်းတိုင်းသားက 14 ယောက်နဲ့
အာဖရိကတိုက်ကသူတွေက 8 ယောက်ရှိပါတယ် ...တဲ့ ...။

ဟုတ်ကဲ့ .......အဲဒီ လူ 100 မှာ အမျိုးသမီးက 52 ယောက်နဲ့ အမျိုးသားက 48 ယောက်အချိုးရှိပြီး
လူဖြူက 30 ၊ လူဖြူ မဟုတ်သူ (အမည်း၊ အညို၊ အ၀ါ အခြားအသားအရောင်)တွေက 70 ရှိပါတယ်။
ခရစ်ယာန်က 30 ရှိနေပြီး အခြားဘာသာတွေကလည်း 70 ပါပဲ။
လိင်ကွဲ ကို နှစ်သက်သူက (ယောက်ျားက မိန်းမကို ၊ မိန်းမက ယောက်ျားကို) ကြိုက်တာက 89 ယောက်ရှိပြီး
လိင်တူ (မိန်းမလျာ ၊ ယောက်ျားလျာ)က 11 ယောက်ရှိပါတယ်။

အဲဒီလူတစ်ရာမှာ 6 ယောက်ဟာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ 59 ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပြီး
အဲဒီ 6 ယောက်စလုံးဟာ အမေရိကန်က ဖြစ်ပါတယ်။
အဲ ....အယောက် 80 ကတော့ အိမ်ပိုင်ယာပိုင်မရှိဘဲ ဖြစ်သလိုနေသူတွေပါတဲ့။
ပြီးတော့ 100 မှာ လူ 70 ဟာ စာမဖတ်တတ်ဘူး။.........
(ဒါကတော့ အခုလောက်ဆို ပိုနည်းနေလောက်ပြီထင်ပါတယ်)
(တော်သေးတယ် ကိုယ်မပါလို့နော် ... စိတ်မပူပါနဲ့ ခင်ဗျားလဲ မပါပါဘူး...)

အယောက် 50 က အာဟာရ ချို့တဲ့နေပါတယ် ..တဲ့ ။ အစာရေစာ မ၀လင်ပါဘူးတဲ့။
(ဒါကတော့ ပိုများနေလောက်ပြီဗျ)

တစ်ရာမှာ တစ်ယောက်က အချိန်တိုင်းမှာ သေလုဆဲဆဲ ...တစ်ယောက်ကတော့ မွေးဖွားတော့မယ့် အခြေအနေတဲ့ ...။
ပြီးတော့ဗျာ ....တစ်ရာမှာ တစ်ယောက်ဆို တစ်ယောက်တည်းသော သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရနေပြီး
တစ်ရာမှာ တစ်ယောက်တည်းပဲ ကွန်ပျူတာ ပိုင်ပါတယ်တဲ့။

ဟုတ်ကဲ့ ...ခင်ဗျာ ... အဲဒီစာရင်းတွေဟာ ကမ္ဘာ့ပေါ်မှာ လက်ရှိ လူစားရင်းကိုအချိုးချထားတာပါ ...တဲ့ ။

ပြီးတော့ စာရေးဆရာက ဆက်ပြောထားပါတယ် ...
အဲဒီလို ကျကျနန စဉ်းစားလိုက်ရင် လက်ခံနိုင်ဖို့ ၊ နားလည်ပေးနိုင်ဖို့၊
ပညာကို တန်ဖိုးထားဖို့ အရေးကိစ္စတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်.....တဲ့။
ဒါတင်မကသေးပါဘူး...........

စာဖတ်သူဟာ ဒီနေ့ ကျန်းကျန်းမာမာနဲ့ အိပ်ရာထဲက နိုးထလာနိုင်တဲ့သူဖြစ်ရင် ....
ခင်ဗျားဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးရတော့မယ့်
ကမ္ဘာ့ပေါ်က လူတစ်သန်းထက် အများကြီး ပိုကံကောင်းတဲ့သူ ဖြစ်မနေဘူးလားဗျာ..။

စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှ မခံစားဖူးဘူး၊
အကျဉ်းစံဘ၀ နဲ့ မနေဖူးဘူး၊ သူများနှိပ်စက်ညှင်းပန်းတာလည်း မခံဖူးဘူး၊
ငတ်လည်း ငတ်မနေဘူးဆိုရင် ခင်ဗျားဟာ အဲဒီလို ခံစားနေခဲ့၊ ခံစားခဲ့၊ ခံစားဆဲ ....
ကမ္ဘာ့လူဦးရေ ..သန်းပေါင်း (500)ထဲမှာ မပါတဲ့
အင်မတိ အင်မတန် ကံကောင်းတဲ့သူပါတဲ့ ခင်ဗျာ ...
(ဂုဏ်ယူမယ်ဆို ယူလို့ရပါတယ်)


ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆောင်၊ ခန်းမ၊ ဗလီ စတဲ့ နေရာတွေကို အေးအေးဆေးဆေး သွားနေနိုင်တယ်။
အဲဒီလိုသွားလို့လဲ ခင်ဗျား အဖမ်းခံရမှာ ၊ အနှိပ်စက်ခံရမှာ ၊
အသက်ခံရမှာ လုံးဝ စိုးရိမ်ရတဲ့သူတစ်ယောက်မဟုတ်ဘူး.... ဆိုရင်တော့
အဲဒီလိုဖြစ်နေတဲ့ လူပေါင်း (3) ကုဋ္ဋာ ထက် ပိုပြီး
အများကြီး ကံကောင်းနေသူပါ.ူ......တဲ့။

စားစရာတွေ မီးဖိုထဲမှာ ၊ ရေခဲသေတ္တာထဲမှာ၊ ကြောင်အိမ်ထဲမှာ အဆင်သင့်၊
ခါးပေါ်မှာလဲ အ၀တ်အစားနဲ့၊ နေရတော့လည်း အမိုးအကာအောက်၊ ကျောခင်းစရာနေရာလည်း ရှိတယ်ဆိုရင် ....
ဟုတ်ကဲ့ ...ကမ္ဘာ့လူဦးရေရဲ့ 75 ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာပါတယ်တဲ့ခင်ဗျာ ....


ဘဏ်ထဲမှာ၊ အိပ်ကပ်ထဲမှာ ၊ အိမ်မှာ ငွေစကြေးစလေးနဲ့ဆိုရင်တော့
ခင်ဗျားဟာ ကမ္ဘာ့ပေါ်မှာ မရှိမရှားလူတန်းစား 8 ရာခိုင်နှုန်းထဲမှာ ပါတဲ့သူပါဗျာ.....
(ကြွေးဝယ် ကဒ်တော့ မပါဘူးထင်တယ်......)

အင်း ...ရှိသေးတယ် ...
မိစုံဖစုံ ရှိသေးတယ်၊ အဖေနဲ့ အမေလည်း အခုအချိန်ထိ ပေါင်းသင်းနေတုန်းဆိုရင်
ကမ္ဘာ့ရှားပါးစာရင်းမှာ မိတ်ဆွေပါသွားပါပြီခင်ဗျာ. ..


နောက်ဆုံးပြောချင်တာကတော့ . . . .
အခု ဘလော့ဂ်ကို ၀င်ဖတ်နေတဲ့ မိတ်ဆွေကတော့ ကမ္ဘာ့မှာ
စာမဖတ်တတ်တဲ့ ကုဋ္ဋေ 2 ရာထက် ပိုကံကောင်းတဲ့သူဆိုတာ သေချာပါတယ်တဲ့ ခင်ဗျာ ...


ကဲ ....... ဘယ်လိုလဲ ..
ကိုယ့်ကိုယ်ကို ကံဆိုးတဲ့သူ လို့ နောက်ဘယ်တော့မှ မငြီးမိစေနဲ့ပေါ့ဗျာ ...
ဟုတ်ပါတယ် ................
ကျွန်တော်တို့ ထင်သလောက် မဆိုးတဲ့ လောကပါ ...ခင်ဗျာ ....

(ဆရာအတ္တကျော်ရဲ့ စာတစ်ပုဒ်ကို ပြန်မျှဝေတာပါနော် ...)
ဘာပဲ ဖြစ်ဖြစ် မိတ်ဆွေ အခု စိတ်ချမ်းသာသွားတယ် မဟုတ်လား....
ကျွန်တော်ကလည်း မိတ်ဆွေတွေ စိတ်ချမ်းသာဖို့ တင်ပေးတဲ့ ပို့စ်ပါနော် ...)

(ကျေးဇူးပါဗျာ... စိတ်ဓာတ်ကျတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တွေ့ရင်လည်း
ဒီပို့စ်လေးကို ပြန်လည် မျှဝေပေးစေချင်ပါတယ်
မိတ်ဆွေကိုယ်တိုင်လည်း ဘယ်လိုခံစားရလဲဆိုတာ C.Box လေးထဲမှာ ပွားပေးသွားပါဦး..ကျွန်တော် အားရှိတာပေါ့)

ကျွန်တော်မကြေညက်ခဲ့တဲ့ အမေ့ရဲ့သင်ရိုး

September 18, 2008
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .

ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
..........................................
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .

သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........

“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”

“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”


ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။

အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .

မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .

သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .

ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .

ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .

ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

အရှက်မရှိတဲ့ ငါ

ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
တစ်ရွာနဲ့တစ်ရွာလည်း
အသည်းခွဲလို့လွယ်ပါသလား .....
ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလည်း ဖြစ်တယ် ။

အမှတ်တရ ည ပါပဲ ..........
တစ်စုံတစ်ရာ ထိမှန်ခဲ့တယ်ဆိုတာ .........
ငါ .. ရင်ဘတ်တွေ နာလာမှ သိတယ် ..........။

ဒူးနေရာမှာ မဒူးပဲ .......
တော်နေရာမှာ မတော်တတ်ခဲ့တော့ .......
သံယောဇဉ်တမျှင်ကြိုးက ရင်ကို တိုးလို့ ချည်တယ် .........။

ဟင့်အင်း ..
မမြိုသိပ်တက်ခဲ့တာဟာ ......ငါ့အမှားဆိုရင် ......
တိုက်ဆိုင်လွန်းနေခဲ့တဲ့ ကံကြမ္မာကိုလည်း
နည်းနည်းတော့ အပြစ်တင်ချင်မိတယ် .........။

ရုတ်တရက်ကြီးဆိုတော့
ကိုယ့်ဂစ်တာကြိုးလျော့တာကို ကိုယ်သတိမထားခဲ့နိုင်ဘူး။

အချစ်ဆိုတဲ့ ဒီသဘောက်မသားက
ငါ့ရဲ့ မရှိမဲ့ရှိမဲ့သိက္ခာတရားကို
မဟားဒယား ခလောက်ဆန်သွားလိုက်တာ .......
အရှက်တရားက
ပတ်ကြားအက် လယ်ကွင်းပြင်တစ်ခုဖြစ်တယ်။

အဖန်ဖန်အထပ်ထပ်
ကိုယ်မက်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
စာရိတ္တမြေဆီလွှာမကောင်းတဲ့
အခွင့်အရေးသမားတစ်ယောက်ရဲ့ လယ်တစ်ကွယ်မှာ
မျှော်လင့်ချက်ပျိုးပင်တွေ ကျိုးတို့ကျဲတဲ
ငါစိုက်ခဲ့သလောက်ပဲ ငါ့ကို ပြန်ပေးခဲ့တယ် .............။

ဒီလိုနဲ့
(ပန်းခူးစားသူတွေအကြောင်း ...)
အဲဒီလို ထောင်းထောင်းထနေတဲ့ စောင်းမြောင်းသံတွေ ကြားမှာ
ငါ့ အိပ်ရာနဲ့ ငါ့ညက
ငါ့ကျောကုန်းအောက်မှာ ကျပျောက်နေခဲ့တယ် ...။