သူများခြံစည်းရိုးမှာ သံမှိုတွေ ရိုက်ထားခဲ့မိသလား....

September 26, 2008
ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်မျှဝေချင်ပါတယ် ...
ဘယ်လိုခေါင်းစဉ်နဲ့ ဘယ်လိုရေးတယ် ဆိုတာ မမှတ်မိတော့ပါဘူး ...
ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားတာပါ..

သူများရဲ့ စိတ်ဓာတ်နှလုံးသား ခြံစည်းရိုးမှာ
သံမှိုတွေ ဘယ်လောက်များများ ရိုက်ခဲ့ပြီးပြီလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိနိုင်တော့အောင် များပါတယ်၊
ဒီစာလေးကို ဖတ်ပြီးနောက်မှာ ကျွန်တော် တော်တော်များများ ဆင်ခြင်နိုင်ခဲ့ပါတယ်။



အရင်က အရမ်းစိတ်တို၊ စိတ်ဆက်တဲ့ လူငယ်တစ်ယောက်ရှိပါတယ် ..
ပြသနာတစ်ခု ဖြစ်ပြီဆိုရင် သူက စိတ်တိုတာက အရင် ...။
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဟာ သူ့စိတ်ဓာတ်ကြောင့် သူနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူး။
မိသားစုဆိုတာ သူ့ဒဏ်တွေကြောင့် မကြာခဏ စိတ်ဆင်းရဲရတယ်...
သူ့ရဲ့ အပြောအဆို.... သူ့ရဲ့ သဘောထားနဲ့ .....
သူ့ရဲ့ အပြုအမူတွေဟာ စိတ်တို ၊ စိတ်ဆက်တတ်တဲ့ သူတွေရဲ့ ထုံးစံအတိုင်း အမှားများပါတယ် ...
ပြသနာတိုင်းဟာ သူ့ဘက်က မှန်နေရင်တောင်
နောက်ဆုံးမှာ သူ့ရဲ့ အကျင့်ကြောင့် သူ့ရဲ့ အလွန်တွေပဲ ဖြစ်ဖြစ်သွားတတ်ပါတယ် ..
ဒီလိုနဲ့ သူဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှန်း မသိ ....ကင်းကွာလာခဲ့ပါတော့တယ် ....။

တစ်နေ့မှာတော့ သူ့အဖေက သူ့ကို လက်ဆောင်တစ်ခုပေးပါတယ်
အဲဒါက ဘာလဲဆိုတော့ သံရိုက်တူ တစ်ချောင်းနဲ့ သံတစ်ထုပ် ပါ ........
ပြီးတော့ အဖေလုပ်သူက မှာပါတယ် ...
ငါ့သား.......မင်းဟာ စိတ်တို၊ စိတ်မြန်တဲ့သူ တစ်ယောက်ဖြစ်တယ် .......
မင်းအတွက် ပတ်ဝန်းကျင်လဲ ထိခိုက်နိုင်တယ် ..မင်းကိုယ်တိုင်လဲ ထိခိုက်ပါတယ် ..
အဲဒီတော့ .... ဒီအချိန်က စပြီး မင်းစိတ်တစ်ခါတိုရင် ..
ငါတို့အိမ်နောက်က ခြံစည်းရိုးဝင်းထရံမှာ သံတစ်ချောင်းသွားရိုက်ပါ ။
ဘာအတွက်လည်း ဆိုတာ ဒီသံမှိုတွေ ကုန်ရင်ပြောပြပါ့မယ် .... လို့ ပြောပါတယ် ....

ဒီလိုနဲ့ သားလုပ်တဲ့သူဟာ
သူစိတ်တိုပြီဆိုရင် သံမှိုနဲ့တူ ဆွဲပြီး နောက်ဖေး ခြံစည်းရိုးကို ပြေးပြေးပြီး ရိုက်ပါတယ် ...
တစ်နေ့မှာ အကြိမ်တော်တော်များများ စိတ်တိုနေတဲ့သူဆိုတော့
သူ့အဖေပေးတဲ့ သံမှိုတော်တော်များများဟာ နောက်ဖေးဝင်းထရံကို ရောက်သွားတော့တာပါပဲ ......

ဒီလိုနဲ့ ကြာလာတော့ သူ သံမှိုတွေ သွားသွားရိုက်ရတာကို စိတ်ပျက်လာတယ် ...ငြီးငွေ့လာတယ်ဆိုပါတော့ .....
နောက်ဖေးကို သံမှိုရိုက်မယ့်အစား တိုနေတဲ့ စိတ်ကို မတိုအောင်ထိန်းရတာ ပိုသက်သာတယ်လို့ သူထင်လာခဲ့တယ် ....
အဲဒီလိုနဲ့ သူ့ စိတ်ကို သူထိန်းပြီးနေလာလိုက်တာ ...
တစ်နေ့ ဆယ်ခါကနေ ကိုးခါ.....
ကိုးခါက ရှစ်ခါ ....
......................
......................

နောက်ဆုံးမှာ သူသံတစ်ချက်မှ မရိုက်ရတဲ့နေ့ကို ရောက်လာပါတော့တယ် ...
သူ့အဖေဆီကို သူဝမ်းသာအားရသွားပြောတယ် .......
အဖေ ....ကျွန်တော် ဒီနေ့ စိတ်မတိုအောင်နေနိုင်ခဲ့တဲ့အတွက် သံတစ်ချက်မှ မရိုက်နိုင်တော့ဘူးပေါ့ .....
သူဟာ တဖြည်းဖြည်းနဲ့ စိတ်ရှည်သီးခံတတ်သူ တစ်ယောက်ဖြစ်လာခဲ့တဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်ပြောပြခဲ့ပါတယ်။

အဲဒီတော့ ... သူ့အဖေက သူ့ကို ထပ်ပြောပြန်တယ်။
အေး ....ဒီနေ့လို ....
တစ်ခါမှ စိတ်မတိုတဲ့နေ့ .....သံတစ်ချက်မှ မရိုက်ရတဲ့နေ့တစ်နေ့ဆိုရင်
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံတွေကို တစ်နေ့ တစ်ချောင်းနှုန်းနဲ့ ဆွဲနှုတ်ပါဦး ...
စိတ်မတိုရတဲ့နေ့ သံတစ်ချောင်းပေါ့ .......
သားဖြစ်သူဟာ သူ့အဖေရဲ့ မှာတမ်းအတိုင်း စိတ်မတိုတဲ့ နေ့ပေါင်းများစွာ....
ပြန်နှုတ်ယူခဲ့တဲ့ သံချောင်းပေါင်းများစွာနဲ့ အတူ
သူ့ပတ်ဝန်းကျင်မှာလည်း သူ့ သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်ကျေနပ်စရာ
ဘ၀တစ်ခုကို ပိုင်ဆိုင်လာနိုင်ခဲ့ပါတယ် ...

ဒီလိုနဲ့ တော်တော်ကြာတော့ ခြံစည်းရိုးက သံမှိုတွေ ကုန်တဲ့နေ့ကို ရောက်လာခဲ့ပြီလေ...
သူ ... သူ့အဖေကို သွားပြောပါတယ် ....
အဖေ နှုတ်စရာ သံမှိုတွေတောင် ကုန်သွားပြီ ပေါ့ ....

အဲဒီအခါမှာတော့ သူ့အဖေက သူ့ကိုခေါ်ပြီး အိမ်နောက်ဖေး ခြံစည်းရိုးဆီကို သွားပါတယ် .....

သား ........မင်း ...တို့ရဲ့ ခြံစည်းရိုးကို ကြည့်လိုက်စမ်းပါဦး ......
ပြန်နှုတ်ထားတဲ့ သံမှိုရာတွေနဲ့ ပြည့်နှက်ပြီး ရုပ်ဆိုးနေလိုက်တာ ........
သံတွေကို မင်းပြန်နှုတ်ယူနိုင်ခဲ့တဲ့ ဆိုပေမယ့် သံမှိုရာတွေပြန်ပျောက်သွားအောင်တော့ မင်းမလုပ်နိုင်ပါဘူး ..၊
လူ့ သဘာဝဟာလဲ အဲဒီလိုပါပဲ ငါ့သားရေ .......
မင်း ပြန်နှုတ်ယူနိုင်တယ် ထားဦးတော့ .........
မင်းရိုက်ထားတဲ့ ခြံစည်းရိုးက သံမှိုရာတွေကတော့
ဘယ်တော့မှ မပျောက်နိုင်တဲ့ သေရာပါ အနာတရတွေ ဖြစ်ကျန်ခဲ့သလို ...
မင်းစိတ်တိုပြီး စော်ကားခဲ့ဖူးတဲ့သူတွေရဲ့ နှလုံးသား ခြံစည်းရိုး ၊ စိတ်ဓာတ် ၀င်းထရံတွေမှာလဲ
ပြန်ဖျက်လို့ မရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျန်နေခဲ့မယ်ဆိုတာ
အမြဲတမ်း သတိရနေပါနော် .......လို့ ဆုံးမခဲ့ပါတယ်။
.......................................................................
.......................................................................


သူငယ်ချင်းတို့ရေ ......
ကျွန်တော်တို့ သက်တမ်းတိုတိုလေးထဲက
နေ့ရက် တိုတိုလေးတွေထဲမှာ စိတ်အခန့်မသင့်တဲ့အခါ အကြိမ်ကြိမ်အခါ စိတ်တိုခဲ့ကြပါတယ် ..
ထိခိုက် နစ်နာခဲ့သူတွေရှိသလို ....
မထိခိုက်တဲ့အခါတွေလည်း ရှိပါတယ် ......
ဒါပေမယ့် သေချာတာကတော့ ..... စိတ်တိုတဲ့ အခါတိုင်းမှာ ...
ကိုယ် ကိုယ်တိုင် ပြန်ပြီး ထိခိုက်ရတယ်ဆိုတာပါပဲ ......
အခု အချိန်အထိ ကျွန်တော်လည်း ဘယ်သူ့ ခြံစည်းရိုးမှာ သံမှိုတွေ ဘယ်နှခါ ဘယ်နှချောင်း ရိုက်မိပြီးပြီလဲ ဆိုတာ .....
ပြန်စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ် .....
အခုတော့ တတ်နိုင်သမျှ စိတ်ထိန်းနိုင်တဲ့ အကျင့်လေးကို မွေးထားပါတယ် ....
ဒါတောင်မှ တစ်ခါတရံ သံမှိုတွေတူတွေ ကိုင်နေမိတုန်းပါပဲ ....

သူငယ်ချင်းတို့ကိုလည်း သူများ ခြံစည်းရိုးပေါ်မှာ ကိုယ့်သံချက်ရာတွေ မကျန်စေဖို့ .......
ဒီပို့စ်လေးကို မျှဝေပါတယ် ....
ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ......

4 comments:

  1. Agape said...

    ဒီစာလေးကို ခုလိုပြန်ရေးထားတာ ဖတ်ရတော့လည်း တစ်မျိုး ဖတ်လို့ကောင်းပြန်ရော... အရေးအသားအရမ်းကောင်းပါသည်..

    October 9, 2008 at 11:17 PM  

  2. Anonymous said...

    ကို မိုးသားရေ အခုမှ အားလို့ အေးအေးဆေးဆေး ဖတ်ဖြစ်ပါတယ်.. ဒီပို့ကို ဖတ်ပြီးမှ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်.. သံမှိုတွေ ဘယ်လောက် များခဲ့ပြီ လဲလို့.. သိပ် အများကြီးတော့ ရိုက်ခဲ့ဖူးလိမ့်မယ် မထင် မိဘူး.. အတတ်နိုင်ဆုံး ခွင့်လွတ်နေထိုင် လာပါတယ်.. နောင်တော့ ပိုလို့ နေထိုင်ရလိမ့်ဦးမယ်..

    October 11, 2008 at 6:26 PM  

  3. မိုးသား said...

    ဟုတ်တယ်..ကိုသစ်
    ကျွန်တော်ကတော့ တော်တော်များများ ရိုက်မိခဲ့မယ်ထင်ပါတယ်..
    ပြန်စဉ်းစားမိရင် စိတ်မကောင်းဖြစ်ရပါတယ်..
    တကယ်တော့ ကျွန်တ်ာရိုက်ခဲ့တဲ့ သံမှိုတွေ ကျွန်တော့်ရင်ထဲမှာ ပြန်ကျန်နေခဲ့တာပါပဲ...

    October 13, 2008 at 5:06 AM  

  4. Unknown said...

    ကောင်းလိုက်တာဗျာ..
    ကျေးဇူးပါ..

    October 14, 2008 at 3:26 PM  

Post a Comment