ကျည်တောင်အမှတ်တရများ

September 25, 2008
အဲဒီနှစ်က ကျွန်တော် (၁၀)တန်းနှစ်ပေါ့ဗျာ။
ရွာကျောင်းမှာ တက်ရတာ။ ကျည်တောင်ဆိုတဲ့ရွာကလေးပါ။
ပျဉ်းမနားနဲ့ (၁၅)မိုင်လောက်တော့ ဝေးမယ်။ ကားလမ်းပေါက်တယ်။ လဘက်ရည်ဆိုင် ရှိတယ်။ ဂြိုလ်တုစလောင်းရှိတယ်။ ဘိလိယက်ခုံတွေ ရှိတယ်။ ပြောရရင် စီးပွားရေးကောင်းတဲ့ ရွာလေးတစ်ရွာပေါ့ဗျာ။
ကောင်းဆို ... အဲဒီရွာနားနီးပတ်ဝန်းကျင်က ရွှေထွက်တယ်ဗျ။ ရွာထဲမှာလည်း သံတိုင်ကိုင်နိုင်တဲ့ အရွယ်က စပြီး ရွှေရှာတတ်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအကုန်ကို ရွှေရှာတတ်တယ်။ သူတို့ ရွာသားတွေဆိုတာ များ လမ်းလျှောက်ရင် အောက်ကိုပဲ ငုံလျှောက်ကြသဗျ။ ကျောက်တုံး ဖြူဖြူတွေ့တာနဲ့ ကုန်းကောက်တော့တာပဲ။

ပြောရဦးမယ်ဗျ။ ကျွန်တော်က ဟိုးအရင်က ရွှေဆိုရင် ၀င်းဝင်းဝါ၀ါလို့ပဲ သိထားခဲ့တာဗျ။ တကယ်တော့ မသန့်စင်ရသေးတဲ့ ရွှေဆိုတာက ဖြူဖြူအနှစ်ကလေးတွေဗျ။ အဲဒီ ရွှေဖြူဖြူလေးတွေပါတဲ့ ကျောက်တုံးကို အမှုန့် ကြိတ်၊ ပြီးရင် ခမောက်လို ရွှေကျင်ဗန်းထဲထည့်ပြီး ပြဒါးနဲ့ အဲဒီရွှေမှုန်လေးတွေကို ဖမ်းရတာ။ ပြဒါးမှာ ရွှေမှုန်လေး တွေ ကပ်နေပြီဆိုမှ အဲဒီပြဒါးစက်လေးကို လက်နဲ့ဖိပြီး ညှစ်ချလိုက်ရော။ ရပြီပေါ့ .. ရွှေ။

ဒါပေမယ့် အဲဒီအချိန်မှာလည်း ရွှေက ဖြူဖြူလေးပဲ ရှိသေးတာဗျ။ အဲဒီရွှေကို ကြေးဇွန်းလေးထဲ ထည့်ပြီး မီးအပူပေးလိုက်မှ ရွှေရောင်ပေါက်ပြီး ရွှေနဲ့ တူတော့တာပဲ။ သန့်တော့ မသန့်သေးဘူးပေါ့လေ။ အဲဒါကို ရွာမှာ ရွှေလာကောက်တဲ့ ပွဲစားဆီကို ပြန်သွင်းကြတယ်။ တစ်နေရာရာများ ရွှေကြောတွေ့ပြီဟေ့လို့ သတင်းမထွက် လိုက်နဲ့။ တစ်ရွာလုံးက လူတွေ မရှိတော့ဘူး။ သံတိုင်ကိုယ်စီ၊ အိပ်ကိုယ်စီနဲ့ သူ့ထက်ငါ အရင် ဒိုးတော့တာပဲ။
ဘယ်လောက်တောင် ရလို့လဲ .. ဟုတ်လား။

ပြောရင် မအံ့သြနဲ့ဗျ။ ကျွန်တော်ရှိတုန်းကတော့ တစ်ဖွဲ့ကို (၁၅)ကျပ်သား။ (၂၀)သားလောက် ရကြတာ။ တစ်ဖွဲ့ကို (၈)ယောက်ကနေ (၁၀)ယောက်လောက်အထိပါကြတယ်ဗျ။ ရွှေကြောတွေ့တယ်ဆိုတဲ့ ကျောက်တောင်ဆီကိုသွား။ ကျောက်တုံးတွေကို သံတိုင်နဲ့ အတုံးလိုက်ဖွဲ့ပြီး ရွာကို ပြန်သယ်လာကြတာ။ ရွာမှာက အမှုန့်ကြိတ်စက် ရှိတယ်လေဗျာ။ အဲဒီမှာ ဆာလာတစ်အိပ်ကို (၁၀၀၀)နှုန်းနဲ့ ကြိတ်ပြီး ချေင်းထဲသွားပြီး ကျင်ဗန်းထဲထည့် ကျင်ကြတာ။ ရလိုက်တဲ့ ရွှေ။
အဖွဲ့တိုင်းရလားဆိုရင်.. ဟုတ်တယ်လို့ပဲ ဖြေရမယ်ထင်တယ်ဗျ။
ကျွန်တော်သိသလောက်တော့ အဖွဲ့တိုင်းကို ရကြတာ။ နည်းတာနဲ့ များတာတော့ ကွာတာပေါ့ဗျာ။
အခုတော့ အစိုးရက အဲဒီပတ်ဝန်းကျင်မှာ ပေါင်းလောင်းရေအားလျပ်စစ်စီမံကိန်းလုပ်လိုက်ပြီဆိုတော့ အရင်လို တော့ လွတ်လွတ်လပ်လပ်ရှာလို့ မရတော့ဘူးပေါ့ဗျာ။ ပြီးတော့ ကုမ္ပဏီတွေကိုလည်း လိုင်စင်နဲ့ လုပ်ကွက် ချပေးထားတော့ ရွာခံတွေကတော့ ခိုးကြောင် ခိုးဝှက်ရှာကြ တူးကြတာပေါ့ဗျာ။ အံမယ်....။ အရင်က များရွှေတွေ့ပြီဆိုရင် ကျောက်တုံးပေါ်မှာ ချီးပန်းထားသလို တွေ့တာဆိုပဲ။ အဲဒီလောက်တောင် ရွှေထွက်တဲ့ နယ်မြေပါတဲ့။

ကဲ ......... အဲဒီရွာသားတွေမှ မချမ်းသာ ။ ဘယ်ရွာသား ချမ်းသာမလဲ။
အင်း...........ပြီးတော့ သူတို့ရွာသားတွေ စီးပွားရေးအဆင်ပြေတဲ့ နောက်တစ်ချက်ရှိသေးတယ်ဗျ။ အဲဒါက ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပေါင်းလောင်းဆည်ကြီးကို အဲဒီမှာ လာလုပ်တာပဲ။ အဲဒီတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရေအားလျှပ်စစ်ဝန်ကြီးဌာနရယ်၊ ဆည်မြောင်းဝန်ကြီးဌာနရယ်က ၀န်ထမ်းတွေ အလုပ်သမားတွေက အဲဒီနားမှာ လာပြီး နေကြတာပဲ။
အဲဒီတော့ ရွာက အရောင်းအ၀ယ်ပါ ကောင်းလာတာပေါ့ဗျာ။
ရွာတစ်ရွာလုံးဆိုတာ ဈေးဆိုင်တွေချည်းပဲ။ လဘက်ရည်ဆိုင်တွေအပြင် ဘိလိယက်ခုံတွေ၊ ကာရာအိုကေ ဆိုင်တွေ၊ အရက်ဆိုင်တွေလည်း ထပ်တိုးလာပြီပေါ့။
တကယ်တော့ ရွာတစ်ရွာမှာ လဘက်ရည်ဆိုင်တစ်ဆိုင် ရှိဖို့ဆိုတာ ခက်သားလားဗျ။ အဲဒီရွာမှာတော့ (၃)ဆိုင်လောက်ရှိတယ်ဗျ။ ဂြိုလ်တုစလောင်းလည်း ရှိတယ်ဗျာ။ ဘောလုံးပွဲဒိုင်တောင် ရှိလိုက်သေး။
အဲ... ဘောလုံးပွဲဒိုင်ဆိုလို့ ပြောရဦးမယ်ဗျ။ အဲဒီရွာက လောင်းကစားလည်း တော်တော်လုပ်တဲ့ ရွာပေပဲ။
ညတိုင်းမှာ ဂလောက်ဂလောက်လို့ ခေါ်တဲ့ ကြက်၊ ကျား၊ အိုး ဆိုတဲ့ အံစာတုံးဝိုင်းရှိတယ်ဗျ။ ပြီးတော့ တစ်ရွာလုံးလည်း ချဲဒိုင်တွေ ချည်းပဲ။
ဟင်.........တစ်ရွာလုံးချဲဒိုင်ဆိုတော့ ဘယ်သူက ထိုးလဲလို့ မေးမနေနဲ့။ သူတို့အချင်းချင်းပဲ ပြန်ထိုးနေကြတာပဲ။
ပိုင်တော့ ပိုင်သဗျ။ ပိုက်ဆံပေးပြီး ထိုးစရာမလိုဘူး။ မင်းစာအုပ်ထဲက ဟိုအကွက် ငါ့ကိုပေး၊ ငါ့စာအုပ်က ဒီအကွက် မင်းပြန်ယူ၊ ကဲ.........မပိုင်ဘူးလား။ သူတို့ပိုက်ဆံနဲ့ရောင်းတာက လျှပ်စစ်တို့ ဆည်မြောင်းတို့က သူတွေပဲ ရှိတယ်ဗျ။

ပြီးတော့ အဲဒီရွာနဲ့ ပတ်သက်တဲ့ ဆိုရိုးစကားတွေလည်း ရှိတယ်ဗျ။
ကျည်တောင်ဆိုတာက ရွာကြီးတစ်ရွာ။ အဲဒီရွာနဲ့ ကပ်လျက်မှာ ခေါမဆိုတဲ့ ရွာတစ်ရွာရှိသေးတယ်။
စိမ်းတဲ့သူတွေဆိုရင် ကျည်တောင်နဲ့ ခေါမကို တစ်ရွာတည်းတောင်ထင်တာ။ ရွာနှစ်ရွာက ဆက်နေတာလေ။ ကျည်တောင်ရွာရဲ့ ဘေးမှာက ပေါင်းလောင်းမြစ်ကြီးရှိတယ်။ မြစ်ရဲ့ တစ်ဘက်ကမ်းမှာက သာယာကုန်းဆိုတဲ့ ရွာရှိတယ်။ ကျည်တောင်နဲ့ သာယာကုန်းကိုတော့ လူကူးတံတားကြီးတစ်ခုနဲ့ အခိုင်အမာဆက်သွယ်ထားတာဗျ။
အဲဒီတော့ သာယာကုန်းဆိုတာကလည်း ကျည်တောင်နဲ့ နှစ်ရွာ့တစ်ရွာ။
အဲဒီ ရွာသုံးရွာကို ပေါင်းပြီး စာဆိုလေးတစ်ခု စပ်ထားတာ။ သူတို့ စာဆိုလေးက ဒီလို။

“ကျည်တောင် မယားသ။ ခေါမ နွားသ။ သာယာကုန်း မယားသ” ..... ပါတဲ့။

ပြောမယ်ဆိုရင်လည်း ပြောစရာပါဗျာ။ ကျည်တောင်သူတွေ တော်တော်ကို လှကြတာ။ အလုပ်ကြမ်းမှ မလုပ်ကြဘဲလေ။ လယ်အလုပ် ယာအလုပ်တွေကို လူငှားနဲ့ လုပ်သဗျ။ အဲဒီရွာမှာ ကောက်စိုက်သမတောင် တော်တော်ရှားတယ်ဗျို့။ ကျည်တောင်သူတွေက ဈေးရောင်းတယ်။ ချဲရောင်းတယ်။ အလှပြင်တယ်။ ယောင်္ကျားတွေကလည်း ဘာမှ မပြောဘူးဗျို့။ သူတို့မိန်းမတွေ လှနေရင် ပြီးရော။
ဒါကြောင့် ကျည်တောင်ကို မယားသ ....တဲ့။
ခေါမ။
အဲဒီရွာက လူမိုက်ရွာ။ ထစ်ခနဲဆို .. ထီခနဲဆို .... ခုတ်ကြ၊ ထစ်ကြ၊ ရိုက်ကြ၊ ဒါကြောင့် ...
ခေါမ ဓါးသလို့ခေါ်တာ။

သာယာကုန်း။
အဲဒါကတော့ ရှင်းတယ်။ လယ်သမားများတယ်။ အားအားရှိ နွားပဲ ပြုစုနေတဲ့ရွာ။ ဘယ်လောက်တုန်းဆို နွားတွေကို နာမည်ပေးပြီး သားသမီးတွေလိုကို ထားတာ။
ကျော်သူ၊ ဒွေး၊ မေသန်းနု၊ မင်းမော်ကွန်း .... တဲ့။ ဟုတ်ကဲ့ .. ။ အဲဒါ သူတို့ ပေးထားတဲ့ နွားနာမည်တွေ။
တစ်ခါကများဆို သာယာကုန်းသားနဲ့ အကြောင်းပါတဲ့ ကျည်တောင်သူတစ်ယောက် (၂)လလောက်ပဲ ရှိသေးတယ် မိဘအိမ်ပေါ်ပြန်ဆင်းချလာရော..။ ယောက်ျားက သူ့ကို ဂရုမစိုက်ဘဲ သူ့နွားကိုပဲ ဂရုစိုက်နေ လို့တဲ့ဗျာ။ ကျွန်မကို ဖြတ်မလား၊ နွားကို ဖြတ်မလားမေးတာ.... နင့်ကို လယ်ထွန်ခိုင်းလို့ ရတာမဟုတ်ဘူး။ ငါ့နွားက ငါ့ကို လုပ်ကျွေးနေတာ။ ဖြတ်စရာရှိ နင့်ကိုပဲ ဖြတ်မယ်ဆိုလို့တဲ့ ။ ငိုလား၊ ရယ်လားနဲ့ သူ့အမေအိမ်ကို ပြန်ဆင်းချလာတာလေ။

အဲ...ခေါမ ဓါးသတာတို့ ...။
သာယာကုန်းနွားသ တာတို့က ပြသနာသိပ်မရှိဘူးဗျ။
ပြသနာက မယားသ တဲ့ ရွာ။ ကျည်တောင်။
ပြောပြီးပါပကော။ လျှပ်စစ်တို့ ဆည်မြောင်းတို့က အဲဒီရွာနဲ့ နီးပါတယ်ဆို။
အဲဒီက ၀န်ထမ်းတွေဆိုတာကလည်း သားတကွဲ၊ မယားတကွဲနဲ့ အလုပ်လာလုပ်နေကြတဲ့သူတွေ။ ပြီးတော့ ဆယ်ယောက်မှာ ကိုးယောက်လောက်က ဇိုးသမား၊ ဇယ်သမားတွေ။ တစ်နေကုန် အလုပ်လုပ်ပြီး ညဆိုရင် ကျည်တောင်ရှာထဲကိုလာပြီး အရက်သောက်ကြ၊ ကာရာအိုကေဆိုကြ၊ ဘိလိယက်လာထိုးကြနဲ့ဆိုတော့ တက်ပြီပေါ့ ပြသာနာ။

အဲဒီတော့ ကျည်တောင်ရွာအတွက် ``မယားသ´´ဆိုတဲ့ စာချိုးအပြင် နောက်စာချိုးတစ်ခု ထပ်ပေါ်လာပါလေရော။ အဲဒီစာချိုးကိုတော့ ဘယ်သူက စထွင်ပြီး ချိုးလိုက်သလဲမသိပါဘူး။ ကျည်တောင်ရွာသားတွေကတော့ ဆက်ဆက်ထိမခံနာ လိုက် ကြတာ။ ကျွန်တော့်ကိုတောင် သိပ်မကြည်ကြတော့ဘူး။ မကြည်ဆို ကျွန်တော်ကလည်း ဆည်မြောင်းသားလေ။ ဆည်မြောင်းထဲကနေပြီး သူတို့ရွာမှာ ကျောင်းလာတတ်ရတာကိုး။

သြော်....သူတို့ စာချိုးက ဒီလိုဗျ။

``ကျည်တောင်သူဆို ဝေးဝေးရှောင်
ကပ်ဆွဲပွတ်ဆွဲ တစ်သိန်းခွဲ
ကပ်ရှောင်ပွတ်ရှောင် သောင်းတစ်ထောင်´´...တဲ့။

ဘယ်သူက လွန်တာလဲတော့ မသိဘုးဗျ။
ကျည်တောင်က ကောင်မလေးတွေကို လက်ဆွဲလို့တို့၊ ပါးကိုင်လို့တို့...လျော်လိုက်ရတဲ့ ဆည်မြောင်းသား၊ အီးပီစီသားတွေဆိုတာ ကျွန်တော်သိတာတင် ဆယ်ယောက်မကဘူးဗျ။
ဟုတ်တယ်ဗျ။ တကယ်ပါ။ အဲဒီလောက်တောင် ကျည်တောင်သူတွေက စွဲဆောင်မှုရှိတာပါ။


0 comments:

Post a Comment