လု...လူ...လူး...

September 26, 2008
အဲဒီနေ့က ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။
ဆံပင်ဘုတ်သိုက်နဲ့။ တစ်ညလုံး မအိပ်ရသေးတဲ့ မျက်တွင်းဟောက်ပက်မှာ မျက်ရည်တွေနဲ့။
ကျွန်တော်ကတော့ နားမလည်နိုင်သေးဘူး။
မင်းဘာဖြစ်လာတာလဲ ပေါ့။ သူချက်ချင်း စကားမပြောနိုင်ဘူး။ ကျွန်တော့်ကို မျက်နှာသေကြီးနဲ့ စိုက်ကြည့်နေတယ်။

ကျွန်တော် သိလိုက်ပြီ။
သူဘာကြောင့် လာသလဲ ကျွန်တော်သိလိုက်ပြီ။ သူအရမ်းဝမ်းနည်းနေတဲ့အကြောင်းကို သိလိုက်ပြီ။

“ကလေးဘာဖြစ်လို့လဲ။ မီးငယ်ဘာဖြစ်လဲ။ ငါ့ကို မြန်မြန်ပြောစမ်း” ကျွန်တော် အလောတကြီးမေးမိတယ်။
သူ ပြန်မဖြေနိုင်ပါဘူး။ သူ့ဆို့နင့်နေတယ်။
ပြီးတော့ . . . ကျွန်တော်ဆို့နင့်နေတယ်။ တကယ်တော့ သူပြန်ဖြေစရာမလိုတဲ့ အဖြေကို ကျွန်တော်သိပြီးသားပဲ။

သူ့မှာ တစ်နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိတယ်။
မီးငယ်လို့ ကျွန်တော်ခေါ်ပါတယ်။ ကလေးက ကျန်းမာရေး မကောင်းဘူး။
ဒီကောင် .. ကလေးကို အရင်ကတည်းက သေချာကုသင့်တာ။ ဒါပေမယ့် ငွေကြေးပြသနာတွေကို အကြောင်းပြပြီး အချိန်ဆွဲနေခဲ့တာ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဆေးရုံတင်ဖို့ဆိုပြီး ကျွန်တော့်ဆီက ငွေလာချေးတယ်။
နောက်ရက်ရောက်တော့ ဖုန်းဆက်ပြီး “ငပိုင် မင်းသမီးလည်း အခုထိ မသက်သာနိုင်ဘူးကွာ”တဲ့။
ဆေးရုံမှာ ဆက်နေရဦးမယ်လို့ပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော် နားလည်ပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ သူအတွက် ဆေးရုံနောက်တစ်ရက်ထပ်နေခွင့်ဟာ .. ခက်ခဲမယ်ဆိုတာကိုပေါ့ ။

ကျွန်တော် ပိုက်ဆံထပ်ယူပြီး ဆေးရုံကိုသွားခဲ့တယ်။ တကယ်တော့ သူ့သမီးလေး မီးငယ်ဆိုတာက ကျွန်တော့်သမီးလို့ပြောရင်တောင် ရပါတယ်။ ကျွန်တော်က သူ့သမီးလေးကို ငယ်ငယ်လေးထဲက ထိန်းခဲ့တာ ...။ အခုနောက်ပိုင်း သူတို့မိသားစု သာကေတကို ရွှေ့သွားမှ ကျွန်တော်နဲ့ ဝေးသွားတာ။ ဒါတောင် တစ်လတစ်ခါလောက်တော့ သူတို့အိမ်ကိုသွားပြီး ကလေးနဲ့တွေ့နေကျ။

အဲဒီလိုနဲ့ ဆေးရုံကိုရောက်တော့ မီးငယ်က ကုတင်ပေါ်မှာ မျောနေပြီ။ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်ကိုကြည့်ပြီး အခြေအနေကို ကျွန်တော် တွက်ဆခဲ့တယ်။ ငွေ မလိုက်နိုင်ခဲ့ရင် အသက်မရှင်နိုင်တဲ့ ရောဂါမျိုး။
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မီးငယ်လေး ခံစားနေရတာကို ကြည့်ပြီး ဘယ်လောက်တောင်ခံစားရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော် တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။
တကယ်တော့ ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာဆိုတာက ကလေးအသက်ကို ပြန်လုယူဖို့အတွက် မလုံလောက်မှန်းသိပါတယ်။ ကျွန်တော် အဲဒီနေ့က အလုပ်ခွင့်ယူပြီး တစ်နေကုန်ပိုက်ဆံလိုက်ရှာတယ်။ ရသလောက်ကို သူငယ်ချင်းရဲ့ လက်ထဲကို ထည့်ပြီး အားမငယ်နဲ့ကွာ ဆိုတဲ့စကားကို ပြောမိတယ်။
ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ကတော့ အားငယ်နေခဲ့တာပဲ။ သူတို့မိသားစုအရေးဟာ ကျွန်တော့်အရေးပါပဲ။ ဒီသူငယ်ချင်းက
ဘယ်တော့ဖြစ်ဖြစ် သူများအကူအညီကို တောင်းချင်ခဲ့တဲ့ကောင်မဟုတ်ဘူး။
အခုတော့ ကလေးအတွက် ကျွန်တော့်ကို အကူအညီတောင်းတယ်။ ဒါပေမယ့် သူမျက်လုံးအကြည့်တွေကို ကျွန်တော်ကောင်းကောင်း နားလည်တယ်။ ပြောရရင် ဖခင်တစ်ယောက်ရဲ့ အပူနဲ့ ခံစားချက်ကို သူ့မျက်လုံးတွေကို ကြည့်ပြီး ကျွန်တော် ခံစားလို့ရတယ်။
ကျွန်တော်တောင် မီးငယ်အတွက် ဒီလောက်ပူရင် ဒီကောင် ဘယ်လောက်တောင် ပူမလဲ။ သူ့မိန်းမကတော့ ငိုလို့သာ နေတယ်။

သူငယ်ချင်းက ဆေးစာရွက်တစ်ခုကို ပြပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့။
ကျွန်တော်ယူလာခဲ့တဲ့ ပိုက်ဆံက ဆေးဖိုးငွေရဲ့ အစွန်းထွက်တောင် မရှိဘူးဆိုတာ အဲဒီတော့မှ သိရတယ်။ နောက်တစ်ခါ ပြန်ပြီး ပိုက်ဆံရှာဖို့ ထွက်ရပြန်တယ်။
ကျွန်တော် ရနိုင်သလောက် ရှာပြီးသွားပြီး။ ဘယ်မှာ ထပ်ရနိုင်မလဲ။ ခေါင်းပူအောင် စဉ်းစားရင်း မြို့ထဲမှာ လျှောက်သွားနေမိတယ်။ ဘယ်ကိုသွားရင်ကောင်းမလဲ။ ဘယ်လိုရှာရင်ကောင်းမလဲ။

ကိုယ့်ဘေးက ဖြတ်သွားတဲ့ ကားအကောင်းစားတွေကို ကြည့်ပြီး သမီးလေးရဲ့မျက်နှာကို ပြန်မြင်ယောင်မိတယ်။ လောကမှာ ရေများရာသာ မိုးရွာတတ်တဲ့ နိယာမဟာ ကျွန်တော့်အတွေးမှာ ခါးသက်လွန်းလှတယ်။ မိုက်မိုက်မဲမဲ ဓါးပြတိုက်ချင်စိတ်တောင် ပေါက်လာတယ်။ ကျွန်တော် ပိုက်ဆံကို ဘယ်မှာ ဘယ်လိုရှာမလဲ။ ဒါဟာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အပူဆိုတာထက်
ကျွန်တော့် သမီးလေးအတွက် ကျွန်တော့်ရဲ့ အပူတစ်ခုလိုပဲ ခံစားနေရတယ်။ ကျွန်တော် ဘာလုပ်နိုင်မလဲ။

ဖျက်ကနဲ အတွေးထဲမှာ ထူးအောင်ဆိုတဲ့ သူငယ်ချင်းကို သတိရမိတယ်။
ထူးအောင်ဆိုတာ ကျွန်တော့်သူငယ်ချင်းပါ။
သူ မိန်းမ ခိုးပြေးတုန်းက ကျွန်တော် ဆွဲကြိုးကို ပေးလိုက်ဖူးတယ်။ သူမိန်းမခိုးပြီး ပြန်လာတော့ ကျွန်တော့်ကို ပြန်ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို အဲဒီဆွဲကြိုးကို သူ့မင်္ဂလာဆောင်မှာ ပြန်လက်ဖွဲ့လိုက်တယ်။
ဒီကောင်က ပျဉ်းမနားသားပဲ။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း။ ပြောရရင် ရန်ကုန်ကိုတောင် ကျွန်တော်ခေါ်ခဲ့တာပေါ့။ အလုပ်တစ်ခုမှာ လူလိုနေတုန်း မင်းလုပ်ချင်ရင် ရန်ကုန်လာခဲ့ဆိုပြီး သူ့ကို လှမ်းခေါ်ခဲ့တာ။ ရောက်ခါစကလည်း ကျွန်တော့် အခန်းမှာ နေပြီး အလုပ်လုပ်တာ။ နောက်မှ သူ့အလုပ်ကို ပြောင်းပြီးနေတာ။
ကျွန်တော် သူ့အပေါ်မှာ တော်တော်များများ ကျေးဇူးပြုဖူးတယ်။ အခုသူနဲ့ ရတဲံ့ မိန်းမက ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းကဆိုတော့ ကျွန်တော်အကူအညီတောင်းရင် ရနိုင်မှာပဲလို့ တွက်မိတယ်။

အရေးထဲ သူ့လိပ်စာကို ကျွန်တော် မမှတ်မိဘူး။ မတွေ့ဖြစ်တာကလည်း ကြာသွားခဲ့ပြီလေ။
ဒါနဲ့ ကျွန်တော် ရုံးကို ပြန်လာပြီး သူ့လိပ်စာကိုရှာရတယ်။ တော်တော်ကြာကြာက ပစ်ထားခဲ့တဲ့ ဒိုင်ယာရီထဲမှာ ကျွန်တော် သူ့လိပ်စာကို ပြန်တွေ့တော့ ပျော်လိုက်တာဗျာ။ တော်ပါသေးရဲ့ပေါ့။ ကျွန်တော် သူ့အိမ်ကို ကားငှားပြီးပြေးတယ်။ သူ့အိမ်က စမ်းချောင်းမှာ ..
ကျွန်တော်မှာ ကျန်တဲ့ လက်ကျန်ပိုက်ဆံကို နျမြောမနေတော့ဘူး။ အချိန်က သိပ်မရှိဘူး။ သူ့ဆီရောက်ရင် အနည်းအကျဉ်းတော့ ရမှာပဲဆိုပြီး ကားငှားပြီးပြေးတယ်။ မီးငယ်အတွက်ဆေးက အရင်ဆေးဖိုးတွေ ပေးနိုင်မှ ထပ်ယူလို့ရမှာ။

ကျွန်တော် သူ့အိမ်ကို လွယ်လွယ်ကူကူတွေ့ပါတယ်။
အိမ်ပေါ်ရောက်ရောက်ခြင်းလည်း သူနဲ့ တန်းပြီးတွေ့တာပါပဲ။ ကံကောင်းနေသေးတယ်ပေါ့။
သူ့မိန်းမနဲ့ သူနဲ့ က ထမင်းစားဖို့ ပြင်နေကြတာ။

“ဟာ .......ငပိုင်”
“ ဘယ်လိုဖြစ်ပြီးရောက်လာတာတုန်းကွ။ လာလာ တစ်ခါတည်း ထမင်းဝင်စားလိုက်”
ဟာ .. ကျွန်တော်ထမင်းမစားရသေးဘူးပဲ။ ဗိုက်က အဲဒီတော့မှ ဆာလာတယ်။ သူတို့ထမင်းစားနေတုန်းလဲ ပိုက်ဆံဆွဲဖို့အကြောင်း မပြောချင်သေးဘူး။ သူ့မိန်းမလဲ ရှိနေတော့ စားပြီးမှပဲ ပြောတော့မယ်ပေါ့။ အားနားရမယ့်သူလည်း မဟုတ်ဘူး ကျွန်တော် ထမင်းဝိုင်းကို ၀င်ထိုင်လိုက်တယ်။

သူ့မိန်းကက ထမင်းခူးပေးပါတယ်။
ကျွန်တော်နဲ့ သူ့မိန်းမက အရမ်းမရင်းနှီးပေမယ့် ကျွန်တော် သူတို့ကို အားနာစရာမလိုပါဘူး။ ကျွန်တော် အခက်အခဲအတွက် သူတို့ဆီကို ဒီတကြိမ်ပဲ လာခဲ့တာ။ ပြီးတော့ သူတို့ကိုကြည့်ရတာလည်း ရွှေတွဲလဲ ငွေတွဲလည်းဆိုတော့ ကျွန်တော် အားရှိတာပေါ့။


ဒါပေမယ့်ဗျာ ....
အဲဒီမှာ ကျွန်တော့် စိတ်ဓာတ်တွေကို အရောင်အဆိုးခံလိုက်ရတာပါပဲ။
ကျွန်တော့် ဘ၀အတွက် အနာကျည်းဆုံး အဖြစ်တွေစတော့တာပါပဲ။ တစ်ခါမှလည်း အဲဒီလောက် မရှက်ခဲ့ဖူးဘူးဗျာ။

သူ့မိန်းမရယ်လေ....
စားပွဲပေါ်က ၀က်သားဟင်းကို ဘာမပြော ညာမပြောနဲ့ ဆက်ခနဲကောက်ပြီး သူနဲ့ သူ့ယောင်္ကျားနဲ့ ကြားထဲကို ချလိုက်တယ်။ သူတို့နှစ်ယောက်ကြားထဲကိုဆိုတာတောင်မှ ခုံပေါ်က သူတို့နှစ်ယောက်ကြားထဲကို မဟုတ်ဘူးဗျ။ ခုံအောက်ထိသွင်းပြီး သူတို့နှစ်ယောက်ရဲ့ ကြားထဲကို ချလိုက်တာ။ စားပွဲပေါ်မှာ ကျန်ခဲ့တာက ချဉ်ပေါင်ဟင်းနဲ့ တို့စရာနဲ့ ငရုပ်သီးကျော်နဲ့။
ဝက်သားဟင်းကို ကျွန်တော် နှိုက်မှာ ကြောက်လို့ဆိုတဲ့ ပုံစံပါ။

ကျွန်တော် “တောက်“ တစ်ချက်ခေါက်လိုက်မိတယ် ..ထင်တယ်။
ထမင်းဝိုင်းက ချက်ချင်းတိတ်သွားတယ်။
အစောပိုင်းက ထူးအောင်က ကျွန်တော့်ကို မတွေ့တာကြာတဲ့အကြောင်း...
ပျဉ်မနားကို ပြန်ဦးမယ့်အကြောင်းတွေပြောနေတာပါ။ သူလည်း ချက်ချင်းတော့ ရိပ်မိပုံရပါတယ်။
ဒါပေမယ့် ..... ကျွန်တော်က ထူပူနေပြီ။ ဘာမှကို မမြင်နိုင်၊ မသိနိုင်တော့တာ။ မျက်ရည်ကလည်း ၀ဲတက်လာပြီ။

ဟုတ်တယ်ဗျာ..။
ကျွန်တော် အရမ်းရှက်သွားတယ်။ ရှက်တယ်ဆိုတာကလည်းဗျာ....။
သူတို့ရဲ့ အောက်တန်းကျတဲ့စိတ်ကို ပြန်ရှက်မိတာပါ။
ကျွန်တော့်သူငယ်ချင်းထူးအောင်ဆိုတဲ့ကောင်လား..။
ဘာစကားတစ်ခွန်းမှ မပြောဘဲနဲ့ အားနာချင်ယောင်ဆောင်ထားတဲ့ မျက်နှာပေးနဲ့ပေါ့။
ကျွန်တော် ချက်ချင်းထပြန်လာခဲ့တယ်။ တစ်လမ်းလုံးလည်း ဒေါသနဲ့ နာကြည်းစိတ်နဲ့ ပေါင်းပြီး ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။

ဆေးရုံမှာ ကျွန်တော် ပြန်အလာကို စောင့်နေမယ့် သူငယ်ချင်းနဲ့ ကုတင်ပေါ်က ဝေဒနာခံစားနေရတဲ့ ကလေးငယ်ရဲ့ မျက်နှာ...။
ပြန်လာရင် ဆက်ဆက်ပေးမှာပါ။ အခု ကြိုပေးထားနှင့်ပါလို့ ကျွန်တော်တောင်းပန်ခဲ့တဲ့ ဆေးရုံအောက်က ဆေးရောင်းတဲ့ ဆိုင်ပိုင်ရှင်မျက်နှာ။
ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ မျက်နှာ။
ယုတ်စွအဆုံး ဆေးရုံအောက်က အပေါက်စောင့်ကုလားရဲ့ မျက်နှာ..။
.................................
...........................................
ကျွန်တော် ဘယ်လိုပဲ ရှာပေမယ့် အဲဒီနေ့က ပိုက်ဆံထပ်မရပါဘူး။
ဆေးရုံက သူငယ်ချင်းဆီ ဖုန်းလှမ်းဆက်ရတယ်။ မနက်ဖန်မှ ငါငွေရှာလာခဲ့မယ်။
လောလောဆယ် အဆင်ပြေအောင် လုပ်ထားနှင့်ပါလို့ပေါ့။
.................................
.................................................

ဒီနေ့မှာတော့ ကျွန်တော့်သူငယ်ချင်း အငိုမျက်ခွက်နဲ့ ကျွန်တော့်ဆီရောက်လာခဲ့ပြီ။
အခြေအနေကို ကျနော် မေးစရာမလိုပါဘူး။
အံကို တင်းအောင် ကြိတ်ထားမိတယ်။
လက်သီးကို နာနာ ဆုတ်ထားမိတယ်။
ကလေးငယ်ရဲ့ မျက်နှာ..
ဟိုခွေးလင်မယားရဲ့ မျက်နှာ...
ကျွန်တော့် သူငယ်ချင်းရဲ့ မျက်နှာ...
.....ကျွန်တော် လူတွေရဲ့ စိတ်ကို အရမ်းရွံလာမိတယ်။

လူတိုင်းမဟုတ်ဘူုးဆိုတာကို သိပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော် လူတွေအားလုံးကို မုန်းချင်နေတယ်။
လောကမှာ လူတွေရဲ့ စိတ်ကို ပြောင်းလဲနိုင်တာ ငွေကြေးဆိုရင်...
ငွေကြေးထက် တန်ဖိုးရှိတာက မရှိတော့ဘူးတဲ့လားဗျာ..

ဘာပဲဖြစ်ဖြစ် ငွေကြေးထက်
ကိုယ့်အသက်ရှင် ရပ်တည်မှု ....
ကိုယ်ကျင့်တရား...
သိက္ခာတရား.........တွေကို
တန်ဖိုးထားတတ်တဲ့သူတွေကို ကျွန်တော် မြင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုအဖြစ်အပျက်မှာ ကျွန်တော် သင်ခန်းစာကောင်းကောင်းတစ်ခု ရလိုက်ပါတယ်။
အဲဒါကတော့ ... မမျှတဘူးဆိုတာပါပဲ...။
လူယုတ်မာတွေနဲ့ လူသူတော်ကောင်းတွေနဲ့ဟာ .. ကမ္ဘာပေါ်မှာ ဘယ်တော့မှ မျှတစွာ ရှိနေမှာ မဟုတ်ဘူးဆိုတာပါပဲ။
ငရဲပြည်က ကျယ်ပြီး.. နတ်ပြည်ကတော့ ကျဉ်းပါတယ်။
ဘာပဲဖြစ်ဖြစ်...အဲဒီအချိန်မှာ ......
ကျွန်တော့် အဘွားပြောဖူးတဲ့
“လု၊ လူ၊ လူး” ဆိုတဲ့ ဆုံးမစကားကို ပြန်ကြားယောင်မိတယ်။

ကျွန်တော့် သူငယ်ချင်းက ကျွန်တော့် ပုခုံးကို ဖက်ပြီး ၀မ်းနည်းပမ်းနည်း ငိုနေပါတယ်။
အင်း....
ပြောရရင် အံကြိတ်ထားတယ် ဆိုပေမယ့် ကျွန်တော်မှာလဲ မျက်ရည်တွေနဲ့ ပါပဲ။

1 comments:

  1. Myo Win Zaw said...

    အေးဗျာ ဘာပြောရမှန်းတောင်မသိဘူး ကျွန်တော်တို့ ဘယ်သူ့ပေါ်မှ ပုံချမနေသင့်တော့ဘူး ကံတွေဘာတွေ လဲမပြောချင်ဘူး လူ့ဘ၀ဆိုတာ ရုန်းကန်လှုပ်ရှားနေတဲ့ စိန်ခေါ်မှုတွေလို့မြင်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ မမျှမတ ရင်ဆိုင်သွားရတဲ့ မီးငယ်လေးဖြစ်လေရာမှာ ကောင်းရာရောက်ပါစေ လူမမယ်ဘ၀လေးနဲ့ ဒုက်ခတွေနဲ့ ထိပ်တိုက်မရင်ဆိုင်ရတဲ့ဘ၀ မျိုးရောက်ပါစေ

    September 27, 2008 at 11:14 AM  

Post a Comment